လယ်တွင်းသားစောချစ်
‘‘ဆရာ အသစ်ထပ်ခန့်ပြီးရင်တော့ရမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အခုဒီကပြန်သွားရင် တစ်ကျောင်းကျောင်းက ဆွဲထုတ်ပြီး ဆရာမတစ်ယောက်အမြန်ပို့ပေးပါ့မယ်’’
ကျွန်တော်ကစပြီး လက်ခုပ်တီး၍ အားလုံးထံမှ လက်ခုပ်သံများ ထွက်လာပါသည်။
‘‘ဆရာတော်ဘုရား အမိန့်ရှိပါဦးဘုရား’’
ပညာအုပ်က မိုက်ကရိုဖုန်းကို ဘုန်းကြီးရှေ့သို့ ပို့ပေးသည်။
‘‘အခုလို ပြေပြေလည်လည်ဖြစ်သွားတာ ဝမ်းသာပါတယ်။ ရွာသူရွာသားတွေဆိုတာလည်း ဘုန်းကြီး တပည့်ဒကာ၊ ဒကာမတွေချည်းပါပဲ။ ဒါ့ကြောင့်မလို့ ဘုန်းကြီးက ပြောတာပါ။ ကျောင်းအုပ်ဆရာကြီးမှာ အပြစ်ရှိသလို ဒကာ၊ ဒကာမတွေမှာလည်း အပြစ်ရှိတာပါပဲ။ ကလေးတွေ စာကောင်းကောင်း တတ်စေချင်ရင် ကျောင်းသားတွေကို ကျောင်းမှန်မှန်လွှတ်ကြပါ။ ဆရာကြီးက သင်တတ်ပါတယ်။ ဆရာကြီးကလည်း ကျောင်းမှန်မှန်တက်ပြီး ကလေးတွေကို စေတနာထားသင်ပေးပါ။ ဘုန်းကြီးမစဉ်းစားမိတာက ဆရာ မလုံလောက်တာပါ။ အခု မြို့နယ်ပညာရေးမှူးကြီး အဲဒါကို အဲ...ဆရာမတစ်ယောက် အမြန်ပို့ပေးမယ်ဆိုတော့ မိဘများလည်းကျေနပ်ကြပါတော့။ ဒါပါပဲ’’
နောက်တော့လည်း အခမ်းအနားမှူးက ပြောစရာရှိလျှင် ပြောရန် ဖိတ်ခေါ်သော်လည်း ဘယ်သူမှ မပြောကြတော့ပါ။ အစည်းအဝေးပြီးသွားပါသည်။ ရွာသူရွာသားတို့၏ မကျေနပ်ချက်များ ကျေလည်သွားပြီ ထင်ပါသည်။ အားလုံးပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောတွေ့ရ၍ ဝမ်းသာမိပါသည်။ ဆရာတော်ကြီးမျက်နှာလည်း ကျေနပ်နေဟန်တူပါသည်။
ဧည့်သည်များကို ထမင်းကျွေးရန် ပြင်ဆင်ထားပါသည်။ ကျွန်တော်က ကျောင်းမှာ စာသင်ရဦးမည်မို့ မြို့နယ်ပညာရေးမှူးနှင့် ရွာသူရွာသားများကို နှုတ်ဆက်ပါသည်။ ဆရာကြီးက ဝတ်ကျေပြန်နှုတ်ဆက်ပါသည်။ ဟက်ဟက်ပက်ပက် မရှိလှပါ။ မှန်ပါသည်။ ထိုမျှသာ ကောင်းပါသည်။ ဟက်ဟက်ပက်ပက် ဖြစ်နေလျှင် သူများတစ်မျိုး ထင်ကြဦးမည်။
လက်သစ်နှင့် ကျောက်မီး နီးပါသည်။ ကျွန်တော်စက်ဘီးနှင့် ပြန်ခဲ့သည်။ နေ့လယ်ထမင်းစားချိန်မီပါသည်။ ကိုယ့်ကျောင်းမှာ ကိုယ့်အဖွဲ့နှင့်စားရသည်ကို ကျွန်တော်ပိုပျော်ပါသည်။
ထမင်းစားနေရင်း ဆရာကြီးနှင့် ဆရာ၊ ဆရာမများကို ယနေ့အတွေ့အကြုံပြောပြရဦးမည်။ သူတို့အားလုံး လက်သစ်မူလတန်းကျောင်းအုပ်ဆရာကြီး ဦးထွန်းသိန်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပေလိမ့်မည်။ ဆရာကြီးဦးအောင်ဒင် ကျောက်မီး အလယ်တန်းကျောင်းသို့ ရောက်သည်မှာ နှစ်လကျော်သွားပြီ။ ဆရာ၊ ဆရာမများအားလုံးနှင့် ရင်းနှီးနေပြီ။ ကျောင်းသားကျောင်းသူများ၊ ရွာသူရွာသားများနှင့်လည်း ရင်းနှီးခင်မင်နေပါပြီ။ အထူးသဖြင့် ဆရာကြီးနှင့် ကျွန်တော်မှာ အရင်းနှီးဆုံးဖြစ်၍ တက်ညီ၊ လက်ညီ တွဲဖက်ညီလှသည်။
ဆရာကြီးကို ကျွန်တော် မနာလိုသည် တစ်ခုရှိပါသည်။ ဆရာကြီးသည် မန္တလေးမှာနေ၍ မန္တလေးမှ ကျောင်းလာတက်ရသည်။ အလာခရီးတွင်ကား တက်ကြသောနေရာနှင့် အချိန်မတူ၍ တစ်ယောက်စီ ကျောင်းသို့ ရောက်လာကြသည်။ အလွန်ဆုံး ဆုံမိလျှင် နှစ်ယောက် သုံးယောက်သာဖြစ်သည်။ အပြန်ခရီးတွင်ကား ကျောင်းမှ အတူထွက်ကြ၍ ဘကြီးမှုံ အိမ်ရှေ့မှ ဘတ်စ်ကားစီးကြသည်။
ဆရာကြီးဦးအောင်ဒင်၊ ကိုလူအေး၊ ကိုလှမင်း၊ ဒေါ်ခင်ဌေး၊ ဒေါ်ခင်စန်း၊ ဒေါ်ခင်စန်းရီ ခြောက်ယောက်အတူ ပြန်ရသည်မှာ ပျော်စရာကြီးဖြစ်သည်။
ကားပေါ်ရောက်လျှင် ထိုင်စရာနေရာအတွက် ပူစရာမလို။ ထိုင်နေသူများက ဖယ်ပေးကြသည်။
ဆရာကြီးက ပိုက်ဆံမပေးဘဲ စီးရသည်မို့ အားနာ၍ ကားခွဲစီးရန် စီစဉ်သည်။ ကားသမားများက လက်မခံပါ။ တစ်ဖွဲ့လုံး အတူတကွ ပျော်ပျော်ပါးပါး ပြန်စေချင်သည်။
“ဆရာကြီးတို့အဖွဲ့နဲ့ ကျွန်တော်တို့ကားနဲ့ နေ့တိုင်းဆုံဖို့ မလွယ်ပါဘူးဆရာကြီး။ ဆုံရင်လည်း ဘာမှပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ကုသိုလ်ရတာပေါ့” ဟု ဖြေပါသည်။
ထို့ကြောင့် ဆရာကြီးတို့အဖွဲ့ ညနေတိုင်း တပျော်တပါး အတူတကွ ပြန်ကြသည်။ ပျော်စရာကောင်းလှသည်။ ကျွန်တော်က ဘကြီးမှုံအိမ်ရှေ့မှာ နေ့စဉ် လက်ပြကျန်ရသည်။
ယခုဆိုလျှင် ကျွန်တော်တို့ကျောင်းမှာ ကျောင်းအုပ်ရှိပြီ။ အဆောက်အဦနှင့် ထိုင်ခုံပရိဘောဂလည်း ပြည့်စုံပြီ။ ဆရာ၊ ဆရာမများလည်း အားကောင်းနေပြီ။ အလယ်တန်းကျောင်းသားသစ်များလည်း အတန်းတိုင်းမှာ ကျောင်းတက်နေကြပြီ။ အလယ်တန်းကျောင်းဖွင့်ပွဲ ကျင်းပရန် အကောင်းဆုံးအချိန်ရောက်ပြီထင်ကြောင်း ဆရာကြီးကို တင်ပြသည်။
ဆရာကြီးက သဘောတူ၍ ဆရာ၊ ဆရာမအားလုံးနှင့် တိုင်ပင်ပြီး မိဘဆရာအသင်းအစည်းအဝေးခေါ်သည်။
ယခင်နှစ်က မိဘဆရာအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ကျွန်တော်က ရငွေ၊ သုံးငွေ၊ ကျန်ငွေများကို ရှင်းလင်းတင်ပြသည်။ လုပ်ဆောင်ခဲ့သည်များအားလုံး အတွေ့အကြုံနှင့် အခြေအနေ အရပ်ရပ်ကို အကျဉ်းချုံး တင်ပြသည်။
မိဘဆရာအသင်းအသစ် ပြန်လည်ဖွဲ့စည်းသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၀)
No comments:
Post a Comment