October 18, 2020

ဒုတိယအရွယ် (၃၂)

လယ်တွင်းသားစောချစ်

        မကြာမီပင် ထမင်းစားကျောင်းဆင်းချိန်ရောက်လာပြီ။ ဆရာကြီးကို ဆရာများနားနေခန်းမှာ ဆရာ၊ ဆရာမများ လုပ်အားပေးဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးသည်။

        ကျောင်းအုပ်မရှိကြသော ဆရာ၊ ဆရာမများ၊ လုပ်အားပေးဆရာ၊ ဆရာမများအားလုံး ပျော်ရွှင်နေကြသည်။ ဆရာကြီးက သူကြားခဲ့ရသော သတင်းများကို ပြောပြပြီး ဆရာ၊ ဆရာမအားလုံးကို ချီးကျူးသည်။

        ပြီးနောက် ကျောင်းအကြောင်း၊ လုပ်ငန်းများအကြောင်း မေးမြန်းဆွေးနွေးရင်း ဆရာကြီးနှင့် ရင်းနှီးခင်မင်သွားကြသည်။

        ထိုနေ့က ပုံမှန်နေ့လယ်စာစားပွဲမှာ ဆရာကြီးအတွက် ထမင်းတစ်ပန်ကန် ပြင်ပေးပြီး အတူစားကြရသည်မှာ ခါတိုင်းထက် ပိုပြည့်စုံပြီး ခါတိုင်းထက် ပိုပျော်စရာကောင်းနေသည်။ ဆရာကြီး၏ မျက်နှာမှာ ခင်မင်စရာအပြုံးနှင့်။

        ထမင်းစားပြီး၍ နေ့လယ်ကော်ဖီသောက်ကြသောအခါ ကျွန်တော့်ကလေးများကို စေလွှတ်၍ ဖိတ်ကြားချက်အရ ရွာလူကြီး ဦးညိုတုတ်နှင့် မိဘဆရာအသင်းလူကြီးများရောက်လာပြီး ဆရာကြီးနှင့် မိတ်ဆက်ပေးသည်။ ဆရာကြီးက သူကြားသိလာရသော ရွာ၏ ကူညီပံ့ပိုးမှုများအကြောင်းကို ချီးကျူးပြောပြသည်။

        ဆရာကြီး၏ မျက်နှာမှာ အစဉ်ပြုံးချိုနေသည်။ သို့သော် ဟန်လုပ်ထားသော အပြုံးမျိုးမဟုတ်။ မျက်နှာချိုသော အပြုံး။ ပင်ကိုအပြုံး။ ရိုးသားတည်ကြည်သောအပြုံး။ ရင်းနှီးဖော်ရွေသောအပြုံး။ စိတ်သဘောထားကြီးမားသူ၏ အပြုံးဖြစ်သည်။

        ရွာလူကြီးများမှာလည်း ကျောင်းအုပ်ဆရာကြီးနှင့် ရင်းနှီးချစ်ခင်သွားကြသည်။

        နောက်တစ်နေ့မနက်တွင် ဦးသေးတာက လက်တင်ပါသော ကြိမ်ထိုးကုလားထိုင်တစ်လုံး ၁ဝ နာရီမထိုးမီအရောက် ကျောင်းသို့ ပေးပို့ပါသည်။

        ကျွန်တော်ထိုင်သော ကုလားထိုင်ကိုဖယ်ပြီး ဆရာကြီးထိုင်ရန် ကုလားထိုင်ကို ကျွန်တော်ကိုယ်တိုင်ချပေးပါသည်။

        ‘‘ထိုင်ပါ...ဆရာကြီး’’

        ဆရာကြီးက ထိုင်ပါသည်။

        ‘‘ကျွန်တော်ကြားရတဲ့ သတင်းတွေအရ ဆရာ့ကို ဒီထက် အသက်ကြီးမယ် ထင်နေတာ... အသက်ဘယ်လောက်လဲ ဆရာ’’

        ‘‘နှစ်ဆယ့်ခုနစ်နှစ်ပါ ဆရာ’’

        ‘‘ဆရာက ကျွန်တော်ထင်ထားတာထက် ပိုလေးစားစရာကောင်းတဲ့လူပဲဗျာ’’

        ‘‘ကျွန်တော်ကလည်း ဆရာကြီးလို စိတ်သဘောထားကောင်းတဲ့ လူကြီးနဲ့တွေ့ရတာ ဝမ်းသာနေတာဆရာ’’

        ဆရာကြီးနှင့် ကျွန်တော်သားအဖကဲ့သို့ ချစ်ခင်ကြပါသည်။ အားလုံးနှင့်လည်း ချစ်ခင်ရင်းနှီးစွာ ကျောင်းအတွက် တက်ညီလက်ညီ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။


လေးစားမိသော မူလတန်းဆရာကြီး

        ဘဝခရီးလမ်းကို လျှောက်လှမ်းရာတွင် လူအမျိုးမျိုးနှင့် ကြုံတွေ့ရသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါ၏။ ထိုလူများထဲတွင် လက်သစ်ရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးထွန်းသိန်းမှာ ထူးခြားစွာ စိတ်ဝင်စားဖွယ် ဆရာကြီးတစ်ဦးဖြစ်၏။

        သူသည် မန္တလေးသွားစရာရှိလျှင် လက်သစ်ရွာမှ ကျောက်မီးကျောင်းသို့ စက်ဘီးဖြင့်လာ၏။ ဘကြီးမှုံအိမ်မှာ စက်ဘီးထားခဲ့ပြီး ဘကြီးမှုံအိမ်ရှေ့မှပင် ဘတ်စ်ကားစီး၏။ မန္တလေးမှ ပြန်လာလျှင် ဘကြီးမှုံအိမ်မှာပင် ဆင်းသည်။ စက်ဘီးယူပြီး လက်သစ်သို့ ပြန်သည်။

        ထိုသို့ စက်ဘီးလာထားရင်း စက်ဘီးပြန်ယူရင်း ကျွန်တော်နှင့် အမြဲလိုပင် တွေ့နေရသည်။ ကျောင်းဆရာအချင်းချင်းမို့ နှုတ်ဆက်ကြ၊ စကားပြောကြရင်း ခင်မင်ရင်းနှီးကြပါသည်။ ဆရာကြီးဦးထွန်းသိန်းက ကျွန်တော့်ထက် အသက်အများကြီး ကြီးပါသည်။ အငြိမ်းစားယူရန် သုံးနှစ်ခန့်သာ ကျန်တော့သည်။ စကားပြောဆိုဆက်ဆံကြည့်ရာတွင် ဆရာကြီးဦးထွန်းသိန်းကို အရည်အချင်းရှိသူဟု ကျွန်တော်လေးစားပါ၏။

        ကျောင်းပိတ်ရက်တစ်ရက်တွင် ဘကြီးမှုံအိမ်ရှေ့မှ စားပွဲပေါ်တွင် ကျွန်တော် ကောက်ရိုးပန်းချီကားတစ်ချပ် ဖန်တီးနေပါသည်။ ကျောင်းမှ ကလေးများကို ကောက်ရိုးပန်းချီကားပြုလုပ်နည်း ဆရာခေါ်ပြီး သင်ကြားပေးနေ၍ ကျွန်တော်ကိုယ်တိုင်လည်း ပန်းချီကားတစ်ချပ်ဖန်တီးနေခြင်းဖြစ်သည်။

        ထိုအချိန်တွင် ဆရာကြီးဦးထွန်းသိန်း ရောက်လာ၍ ကျွန်တော်ဖန်တီးနေသော ကောက်ရိုးပန်းချီကားကို ကြည့်သည်။

        ‘‘ဆရာ့ပန်းချီကလည်း ဟန်မကျပါဘူး။ သစ်ပင်က ဖြောင့်ဖြောင့်ကြီး။ သဘာဝအတိုင်းဆိုရင် ပင်စည်က အဖုအထစ်လေးတွေရှိသင့်တယ်။ သစ်ပင်က တည့်တည့်မနေဘဲ ခပ်ယိုင်ယိုင်လေးဆိုရင် ပိုပြီးပန်းချီဆန်တာပေါ့’’

        ဆရာဦးထွန်းသိန်းက ကျွန်တော့်ပန်းချီကို ဝေဖန်သည်။

        ကျွန်တော် အသေအချာပြန်ကြည့်သည်။ မှန်သည်။ ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။

        ဆရာကြီးဦးထွန်းသိန်းက ဘတ်စ်ကားလာ၍ မန္တလေးသို့ လိုက်သွားသည်။

        ကျွန်တော့်ပန်းချီကားကို ဆရာကြီးပြောသည့်အတိုင်း ပြင်လိုက်သည်။ ပိုပြီး ကြည့်ကောင်းသွားသည်။ ညနေဆရာကြီးမန္တလေးမှ ပြန်လာသောအခါ ကျွန်တော်က ပြုပြင်ထားသော ပန်းချီကားကို ပြပါသည်။

        ‘‘အင်းပါ...ဒါဆို ပိုကောင်းသွားတာပေါ့’’

        ဆရာကြီးကို လေးစားလိုက်မိသည်။

        နောက်တစ်ခါ မူလတန်းကျောင်းသားများ ပန်းချီပြိုင်ပွဲတွင် ကျွန်တော့်ကျောင်းမှ ပန်းချီဝါသနာပါသော ကျောင်းသားကျောင်းသူများကို အသေအချာ လေ့ကျင့်ရေးဆွဲစေပြီး ပြိုင်ပွဲဝင်စေသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၇)

No comments:

Popular Posts