ဖရက်ဒီသိန်းဖေ
မျက်မှောက်ကာလ အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်မွေးမြူရေးကို လေ့လာသူများက ထိုလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသော သွင်းအားစု၊ ဓာတုပစ္စည်းများ၏ အဆိပ်သင့်မှုကို ရှောင်ရှားရန် အော်ဂဲနစ်စနစ်ကို ကျင့်သုံးကြသည်ဟု ယူဆကြသည်။ သို့သော် အော်ဂဲနစ်စနစ်ပေါ်ပေါက်လာရခြင်းမှာ ဓာတုပစ္စည်းများကြောင့်မဟုတ်၊ အော်ဂဲနစ်ပေါ်ပေါက်စဉ်က ဤကမ္ဘာတွင် ဓာတုပစ္စည်းများကို အလေးထားသုံးစွဲချိန်ပင် မရောက်ခဲ့သေးပေ။ အော်ဂဲနစ်စနစ်ဖြစ်ပေါ်လာရခြင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၏ အဓိက အရင်းအမြစ်ဖြစ်သော မြေဆီလွှာတိုက်စားခံရခြင်း၊ ပျက်စီးခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ မျိုးဗီဇကွဲများ လျော့နည်းလာခြင်း၊ ဆင်းရဲခြင်း စသည်တို့ကြောင့်သာဖြစ်သည်။
ထိုပြသနာအရပ်ရပ်နှင့် ပင်မအခြေခံမှာ မြေဆီလွှာဖြစ်ပြီး မြေဆီလွှာ၊ အပင်နှင့် တိရစ္ဆာန်နှင့် လူသားအကြား ဆက်စပ်လျက်ရှိသော အစာကွန်ရက် (Food Web) တွင်သာ အဖြေရှာတွေ့နိုင်ကြောင်း တွေ့ရှိလာကြသည်။ မြေဆီလွာ၏ ကျန်းမာခြင်းမှာ ယင်းအပေါ် မှီခိုနေသော အပင်နှင့် တိရစ္ဆာန်များ၏ ကျန်းမာခြင်းနှင့် ဆက်စပ်ပြီး လူတို့၏ကျန်းမာရေးနှင့်ပါ ဆက်စပ်နေကြောင်း သိရှိလာကြသည်။ ကျန်းမာသော မြေဆီလွှာမှသာ လူသားတို့အား အာဟာရပြည့်ဝသော အစာကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ကောင်းမွန်သောအာဟာရအစာများကို စားသုံးနေသော လူ့အဖွဲ့အစည်းသည်သာလျှင် လူ့တန်ဖိုးနှင့် အဆင့်အတန်းကို ရရှိစေမည်ဖြစ်သည်။ ဤသို့ဖြင့် စိုက်ပျိုးရေးတွင် အော်ဂဲနစ်စီးပွားရေးစနစ်ကို အလေးထားကျင့်သုံးလာသကဲ့သို့ တိရစ္ဆာန်များကို မွေးမြူရာတွင်လည်း အော်ဂဲနစ်မွေးမြူရေးအနှစ်သာရပေါ်လွင်သောစနစ်များကို ကျင့်သုံးလာကြသည်။ ဤသို့ကျင့်သုံးရာတွင် ရှောင်ရန်နှင့် ဆောင်ရန်များ အထင်အရှားပေါ်ထွက်လာသည်။
![]() |
ဓာတ်ပုံ - william-reed |
မျိုးဗီဇ
အော်ဂဲနစ်မွေးမြူရေးအတွက် အသုံးပြုသော တိရစ္ဆာန်များ၏မျိုးများသည် အော်ဂဲနစ်စနစ်က လက်ခံနိုင်သော မျိုးများသာဖြစ်ရမည်။ မျိုးဗီဇအင်ဂျင်နီယာနည်းဖြင့် ပြုပြင်ထားသော မျိုးများမဖြစ်စေရ။ မျိုးရိုးနည်းပညာ၊ ဇီဝနည်းပညာဖြင့် ဗီဇပြောင်းထားသော G.M.O များလည်း မဖြစ်ရပါ။ အချို့သောသတ္တဝါများတွင် အထီးနှင့်အမကြား အရည်အသွေး၊ အလေးချိန် တန်ဖိုးကွာခြားမှုများရှိသည်။ ထိုအခါ ပညာရှင်များက စီးပွားရေးအရ ပို၍အကျိုးများမည့် ဖို သို့မဟုတ် မ အနေအထားသို့ ပြောင်းလဲပြီးမှ မွေးမြူတတ်ကြသည်။ ဤသို့ လိင်ပြောင်းလဲခြင်းမျိုးကိုလည်း အော်ဂဲနစ်မွေးမြူရေးက လက်မခံ။
ခြံများ၊ အိမ်များ
မွေးမြူရေးတိရစ္ဆာန်များကို မွေးမြူရာတွင် မူရင်းသဘာဝနှင့် အနီးစပ်ဆုံးနေရာပေး မွေးမြူရသည်။ ခေတ်မီဥကြက်မများ မွေးမြူသကဲ့သို့ တစ်ကောင်ချင်း နေရာကျဉ်းကျဉ်းအတွင်း ပိတ်လျက်မွေးခြင်း၊ နေရာအကျယ်အဝန်းနှင့် အကောင်အရေအတွက် မမျှအောင်မွေးခြင်း၊ မွေးသည့်နေရာ၌ နေ့ရောညပါထားခြင်း မပြုလုပ်ဘဲ ကိုယ်လက်လှုပ်ရှားနိုင်မည့်ကွင်းများ၊ စားကျက်များ စီမံပေးရမည်။ ညအိပ်သောအခါအခင်းပြုလုပ်ရာတွင် သဘာဝပစ္စည်းများဖြစ်သော ကောက်ရိုး၊ မြက်ခြောက်၊ လွှစာမှုန့်၊ စပါးခွံမျိုးကိုသာ အသုံးပြုပြီး စက်ရုံထွက်ပစ္စည်းများဖြစ်ကြသော ပလတ်စတစ်ကဲ့သို့သော အခင်းများ မသုံးရပါ။
သယ်ယူပို့ဆောင်နည်း
တိရစ္ဆာန်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းစဉ်ကာလမျိုး၌သာ လှောင်အိမ်ကဲ့သို့သောပစ္စည်းများကို အသုံးပြုသင့်သည်။ ယင်းတို့ကို အခြားအချိန်များ၌ ကြာမြင့်စွာ ပိတ်လှောင်ခြင်းမျိုး မပြုလုပ်သင့်ပေ။
ဆေးကုခြင်း
မွေးမြူရေးတိရစ္ဆာန်များကို ဆေးကုရာတွင် သဘာဝပစ္စည်းများ၊ ဘယဆေးပင်များဖြင့်သာ ကုစားသင့်သည်။ ဓာတုဗေဒနည်း၊ ခေတ်မီသိပ္ပံနည်းဖြင့် ပြုလုပ်သောဆေးဝါးများ အသုံးမပြုရပါ။ ပဋိဇီဝဆေးများ၊ ဗီတာမင်များ၊ ဟော်မုန်းများ အသုံးပြုခွင့်မရှိပါ။ သဘာဝဆေးများနှင့် ကု၍မရသော အခြေအနေမျိုး၌သာ ခေတ်မီဆေးဝါးများကို အသုံးပြုခွင့်ရှိသည်။ ရောဂါကုသရန် ဆေးထိုးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ မပြုလုပ်ရပါ။
ဖြတ်တောက်ခွဲစိတ်မှုများ
သွားဖြတ်ခြင်း(ဝက်)၊ အမြီးဖြတ်ခြင်း(ဝက်)၊ နားရွက်တွင် အမှတ်ပေးဒဏ်ရာပြုလုပ်ခြင်း၊ သင်းကွပ်ခြင်းများ မပြုလုပ်ရပါ။
![]() |
ဓာတ်ပုံ - Civleats |
ကိုယ်လက်လှုပ်ရှားခြင်း
လူဦးရေထူထပ်သည့် နေရာကျဉ်းကျဉ်းတွင် မွေးမြူရေးတိရစ္ဆာန်များကို မဖြစ်ဖြစ်သည့်နည်းဖြင့် မွေးမြူသူများရှိနေသည်။ လှေများ၊ သမ္ဗာန်များတွင် မိသားစုလိုက် အိမ်အဖြစ်အနေသူများ ကြက်၊ ဘဲများမွေးမြူရာတွင် ကြက်၊ ဘဲတစ်ကောင်စီကို ပိုက်ကွန်အိတ်များတွင် မွေးထားတတ်သည်။ ထို့နောက် အိတ်များကို လှေ၏ အပြင်ဘက်နံရံတွင် ချိတ်ဆွဲထားသည်။ ထိုတိရစ္ဆာန်များ မစင်စွန့်သောအခါ ရေပေါ်သို့ တိုက်ရိုက်ကျသည်။ ထိုတိရစ္ဆာန်များမှာ အစာကို အားစိုက်စားစရာမလို၊ အစာကို မွေးမြူသူက ပြွန်ဖြင့် ကြက်ဘဲများ၏ လည်ချောင်းအတွင်း တိုက်ရိုက်ညှစ်ထည့်ပေးသည်။ ထိုကြက်၊ ဘဲများမှာ လှုပ်ရှားမှု လုံးဝမပြုလုပ်ခြင်းကြောင့် ဝပြီး အသားနူးညံ့သည်။ ပို၍ စားကောင်းသည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုကြက်၊ ဘဲတို့မှာ အလွန်ကျဉ်းသောနေရာများတွင် မလှုပ်မရှားဘဲ တစ်သက်လုံးနေရခြင်းမှာ အလွန်ရက်စက်ရာရောက်သည်။ တိရစ္ဆာန်များကို ညှင်းပန်းနှိပ်စက်မှုပင်ဖြစ်သည်။
အချို့ကလည်း ထိုကြက်ဘဲကဲ့သို့ အကောင်များကို အမှောင်ခန်းတွင် ပိတ်ထားခြင်းအားဖြင့် အသားပိုနူးညံ့ပြီး ပို၍စားကောင်းသည်ဟု ယူဆကြသည်။
အချို့ကလည်း မွေးမြူရေးတိရစ္ဆာန်များကို လွတ်လပ်ပျော်ရွှင်အောင်ထားမှ ထိုတိရစ္ဆာန်များ ပို၍ကျန်းမာပြီး စားရာတွင် ပို၍အရသာရှိသည်။ အာဟာရဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် အချို့သော ဝက်မွေးမြူသူများသည် ဝက်များအား ဒိုင်ဗင်ထိုး၊ ရေကူးရန် ရေကန်နှင့် ဒိုင်ဗင်စင်များပင် ပြုလုပ်ပေးထားသည်။
တိရစ္ဆာန်အစာများ
အော်ဂဲနစ်မွေးမြူရေးတွင် သဘာဝအစာများကိုသာ ကျွေးကြရသည်။ ကြီးထွားဟော်မုန်းပါသည့် အစာများ၊ ဗီတာမင်များ၊ ခေတ်မီဆေးဝါးများကို မကျွေးရပါ။ လူ၏ မစင်များ၊ အခြားတိရစ္ဆာန်များ၏ မစင်များကိုလည်း မကျွေးသင့်ပေ။ ကြက်၊ ဘဲများကို သယ်ယူပို့ဆောင်စဉ် ဆန်ကွဲကဲ့သို့ အစာမျိုးကို ကျွေးရချိန်တွင် အာဟာရပြည့်ဝစွာမရနိုင်ပေ။ ထိုအချိန်တွင် ခြင်းထဲ၌ စွန့်ပစ်သော ကြက်မစင်များနှင့် ရောနေသည့် ဆန်ကွဲများကို စားရခြင်းသည် တိရစ္ဆာန်ကိုထိခိုက်စေသည်။ ကြက်မွေးမြူရေးခြံများမှ ကြက်ချေးနှင့် စပါးခွံများအတွင်းနှင့် စားကြွင်းစားကျန်များမှ ပါလာသော ပဋိဇီဝဆေးဝါးများ၊ ဗီတာမင်များပါရှိ၍ ယင်းကို အော်ဂဲနစ်အစာအဖြစ် ပြန်လည်အသုံးမပြုရန်လိုသည်။
အော်ဂဲနစ်မွေးမြူရေးသည် အများသိထားသကဲ့သို့ ဓာတုအဆိပ်သင့်မှုကို ရှောင်ရှားရန်မှ အခြေပြု၍ ထွက်လာသောစနစ် မဟုတ်ပါ။ လူသားတို့၏ ကျန်းမာရေးနှင့်ဆက်သွယ်နေသော မြေဆီလွှာ၊ အပင်၊ တိရစ္ဆာန်၊လူသား၊ အစာကွန်ရက်အပေါ် မူတည်၍ မြေဆီလွှာကျန်းမာရေး၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် လူသားတို့ ကျန်းမာရေးအတွက် သိပ္ပံနည်းကျပြုလုပ်ရသော မွေးမြူရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဤမွေးမြူရေးလုပ်ငန်းများတွင် ဓာတုအဆိပ်သင့်မှုကိုရှောင်ရှားရန် ဓာတုပစ္စည်းများကို အသုံးမပြုရုံနှင့် မပြီးပါ။ ကျန်းမာသော မြေဆီလွှာ၊ အပင်နှင့် တိရစ္ဆာန်၊ လူသားကွန်ရက်ကို ဖော်ထုတ်ပြီး လူသားတို့အတွက် စားကောင်းပြီး အာဟာရအပြည့်ဝဆုံး စားနပ်ရိက္ခာကို ထုတ်လုပ်ခြင်းသည်သာ အော်ဂဲနစ်စနစ်၏ အနှစ်သာရဖြစ်သည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၉)
No comments:
Post a Comment