ပေါက်ပေါက်
မရမ်းပင် စတင်ပေါက်ရောက်ရာ အရပ်ဒေသမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြပြီး ထိုင်း၊ လာအို၊ မြန်မာနှင့် မလေးရှားနိုင်ငံများတွင် အများအပြား တွေ့ရတတ်ပါတယ်။
မရမ်းသီးစားဖွယ်စုံ
အချဉ်သီးနှင့် အချိုသီးဟူ၍ မရမ်းပင်အမျိုးအစား နှစ်မျိုးရှိပါတယ်။ အချဉ်သီးကို အဆီများသောအသား၊ ငါးဟင်းလျာတွေ ချက်ပြုတ်ရာမှာ အသုံးပြုကြသလို၊ မရမ်းသီးထောင်း၊ မရမ်းသီးငပိကြော်၊ မရမ်းသီးငပိချက်၊ မရမ်းသီးသုပ် ဟင်းလျာများမှာလည်း ခံတွင်းမြိန်လှပါတယ်။ ဒါ့ပြင် မရမ်းသီးကိုအရည်ညှစ်၍ ခေါက်ဆွဲသုပ်၊ ကြာဆန်သုပ်၊ ငါးဖယ်သုပ်၊ အသုပ်စုံစတဲ့ လက်သုပ်စုံတွေမှာ ထည့်၍သုပ်စားကြပါတယ်။ မရမ်းချိုသီးကို သူ့ချည်းသက်သက် သရေစာသစ်သီးတစ်မျိုးအဖြစ် စားကြသလို၊ ဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါတယ်။
မရမ်းသီးနှင့် ကျန်းမာရေး
၁ဝဝ ဂရမ်အလေးချိန်ရှိသော မရမ်းသီးမှာ ခွန်အား ၄၇၊ ပရိုတင်း သုည ဒသမ ၄ ဂရမ်၊ အမျှင် ၁ ဒသမ ၅ ဂရမ်၊ ကစီဓာတ် ၁၁ ဒသမ ၃ ဂရမ်၊ ဘီတာကယ်ရိုတင်း ၂၃ဝ မိုက်ကရိုဂရမ်၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၁၁ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ဝ၅ မီလီဂရမ်၊ ဗီတာမင်ဘီသရီး သုည ဒသမ ၅ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝဝ မီလီဂရမ်၊ ကယ်လ်စီယမ် ၉ မီလီဂရမ်၊ မီးစုန်း ၄ မီလီဂရမ်နှင့် သံဓာတ် သုည ဒသမ ၃ မီလီဂရမ်တို့ အသီးသီးပါရှိနေတာကို တွေ့ရပါတယ်။
မရမ်းသီးတွင် ကယ်လ်စီယမ်နှင့် မီးစုန်းဓာတ်များ မြင့်မားစွာ ပါရှိနေ၍ အရိုးနှင့် သွားများကို ကျန်းမာခိုင်ခံ့စေပါတယ်။ ဦးနှောက်စွမ်းရည်၏ ရာခိုင်နှုန်း ၇ဝ အတွက် ရေဓာတ်များများ လိုအပ်ပါတယ်။ ဒါကြောင့် ရေဓာတ်မြင့်မားစွာ ပါဝင်သော မရမ်းသီးကို စားပေးသင့်ပါတယ်။
လူတချို့တွင် Scurvy (ခေါ်) ဟင်းသီးဟင်းရွက်အစားနည်း၍ ဗီတာမင်စီချို့တဲ့မှုကြောင့် သွေးရောဂါတစ်မျိုးကို ခံစားရတတ်ပါတယ်။ ချဉ်သောမရမ်းသီး(သို့) မရမ်းသီးအဖြုံးစားပေးခြင်းဖြင့် ထိုရောဂါမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။ မကြာခဏ တံတွေးထွက်သူများ မရမ်းသီးစားပေးပါ။ ခံတွင်းရှင်းစေပါတယ်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာမပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
![]() |
ဓာတ်ပုံ - megapixl |
မရမ်းသီးက သွေးကြောင့်ဖြစ်သောရောဂါများ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ အသည်းအဆီဖုံးသောရောဂါများကို ပျောက်ကင်းစေရန်နှင့် အဆီများသောသားငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်ပါတယ်။ မရမ်းသီးထဲတွင် သဘာဝအလျောက် ပါရှိသော အင်ဇိုင်းများက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဓာတ်ပေါင်းစုများအဖြစ် အစွမ်းထက်ကာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာရောဂါတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ မရမ်းသီးတွင် အမျှင်၊ Pectin နှင့် ဗီတာမင်စီတို့ မြင့်မားစွာပါရှိနေ၍ ခန္ဓာကိုယ်တွင်းရှိ မကောင်းသောကိုလက်စထရောများကို ကျဆင်းစေပါတယ်။
မရမ်းချိုသီးတစ်ခွက်စာ ပမာဏထဲမှ ဗီတာမင်အေ ၂၅ ရာခိုင်နှုန်း ရရှိနိုင်ပြီး၊ ၄င်းပမာဏမှာ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်နေသော ဗီတာမင်အေပမာဏနှင့် ထပ်တူဖြစ်ပါတယ်။ ၄င်းဗီတာမင်အေကြွယ်ဝသော မရမ်းသီးကို စားပေးခြင်းဖြင့် အမြင်အာရုံကောင်းလာစေကာ၊ မျက်စိခြောက်ခြင်း၊မျက်ရည်အိတ်ခမ်းခြင်းနှင့် ကြက်မျက်သင့်ရောဂါတို့ မဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။
မရမ်းသီးထဲတွင် Tartaric အက်ဆစ်၊ Malic အက်ဆစ်နှင့် Citric အက်ဆစ်များပါရှိနေကြပြီး၊ ၄င်းအက်ဆစ်များက ခန္ဓာကိုယ်ကြီးတစ်ခုလုံး၏ အယ်လ်ကာလီကို ထိန်းသိမ်းပေးတာကြောင့် ပေါ့ပါးသွက်လက်ခြင်းကို ဖြစ်စေပါတယ်။ သွေးတိုးရောဂါရှိသူများ မရမ်းသီးစားပေးသင့်ပါတယ်။
မရမ်းသီးတွင် ဗီတာမင်နှင့် အာဟာရပြုဓာတ်တွေ မြောက်များစွာ ပါရှိနေ၍၊ မရမ်းသီးစားပြီးသောအခါ အာသာပြေ ရောင့်ရဲတင်းတိမ်မှုကို ခံစားရတာကြောင့် နောက်ထပ် အစာစားချင်စိတ်ကို ခုနှိမ်ပေးပါတယ်။ အမျှင်ဓာတ်နှင့် ရေဓာတ်ပါဝင်၍ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။အသီးသာမက၊ အရွက်ကလည်း ဆီးချိုသွေးချိုကို ပုံမှန်ဖြစ်စေအောင် ထိန်းညှိပေးနိုင်ပါတယ်။ နာတာရှည် ဆီးချိုရောဂါရှိသူများအနေဖြင့် အင်ဆူလင်ပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် မရမ်းပင်၏ အရွက်ငါးရွက်၊ ခြောက်ရွက်ကိုပြုတ်၍ ညသိပ်အအေးခံထားပြီး၊ နံနက်အိပ်ရာထတွင် ၄င်းဆေးရည်ကို တကျိုက်တည်းကုန်အောင် သောက်ပေးပါ။ မရမ်းသီးဟာ အမျိုးသားခွန်အားကို သန်မာစေတာကြောင့် ကာမအားတိုးဆေးအဖြစ် စားသုံးနိုင်ပါတယ်။ ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာ မရမ်းသီးကို Love fruit ဟုခေါ်ကြပါတယ်။
မရမ်းသီးတွင် ပါဝင်သော အာဟာရဓာတ်တွေက အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ မရမ်းသီးထဲတွင် ပါရှိနေသောအင်ဇိုင်းဓာတ်များက ပရိုတင်းကို ဖြိုခွဲပေးပြီး၊ အမျှင်ဓာတ်များကလည်း အစာချေစနစ်ဖြစ်စဉ်ကို ကူညီပေးတာကြောင့် အစာကျေညက်လွယ်စေပါတယ်။
ရေဓာတ်ပါဝင်မှုများပြားသော မရမ်းသီးက ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှု အားကောင်းစေကာ သွေးသားစင်ကြယ်စေပြီး အသားအရေကို စိုပြည်စေပါတယ်။ မျက်နှာချွေးပေါက်ကျဉ်းသူများနှင့် ဝက်ခြံပေါက်လေ့ရှိသူများ မရမ်းသီးစားပါ။ မရမ်းသီးကို အရည်ညှစ်၍ မျက်နှာအနှံ့ လိမ်းပါ။ အထူးသဖြင့် မရမ်းစေ့များကို ဝမ်းပိတ်ဆေးများတွင် အသုံးပြုနိုင်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၅)
No comments:
Post a Comment