October 24, 2020

ယားယံခြင်းကိုကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ပါ

ဒေါက်တာလွင်သန့်

        ယားယံခြင်းကို တစ်ခါမဟုတ် တစ်ခါ ကြုံဖူးကြပါလိမ့်မယ်။ အဖြစ်များတဲ့ နေရာတွေက လက်ချောင်းတွေ၊ ခြေချောင်းတွေအကြား၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ ချိုင်းကြား၊ တံတောင်ဆစ်ကွေး၊ ပေါင်နဲ့ တင်ပါးတစ်ဝိုက် ယားယံတတ်တယ်။ ယားတဲ့နေရာ အရေပြားမှာ အရည်ကြည်အဖုငယ်တွေတွေ့ရှိရတယ်။

        ကမျဉ်းနီပိုးကောင်ငယ်တစ်မျိုးဖြစ်တဲ့ ရောဂါပိုးကြောင့် ဝဲရောဂါဖြစ်တယ်။ ယင်းပိုးငယ်ကြောင့် အရေပြားယားယံခြင်း ခံစားရတယ်။ မတည့်တဲ့အစာကို စားမိရုံ၊ မတည့်တဲ့အနံ့ကို ရှူမိရုံ၊ မတည့်တဲ့အဝတ်ကို ဝတ်မိရုံနဲ့ ဓာတ်မတည့်ခြင်းဖြစ်ပြီး တစ်ကိုယ်လုံးအင်ပျဉ်ထခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ယားယံခြင်းတို့ ဖြစ်တတ်တယ်။

        ဆီးချိုရှိသူ၊ ကိုယ်တွင်း သန်ကောင်၊ တုတ်ကောင်ရှိသူတို့မှာလည်း ယားယံလေ့ရှိတယ်။ သန်ကောင်တွေကထွက်တဲ့ အဆိပ်အတောက်က သွေးကြောငယ်တွေထိ ပျံ့နှံ့ပြီး အရေပြားယားယံတတ်တယ်။ သည်းခြေပြွန်ပိတ်ရောဂါဖြစ်တဲ့ မျက်လုံးဝါ၊ အသားဝါရင် ယားတတ်တယ်။ ပန်ကရိယရဲ့ထိပ်ပိုင်းမှာဖြစ်တဲ့ ကင်ဆာရောဂါနဲ့ အခြားအကျိတ်လုံးတွေက သည်းခြေပြွန်ကို ဖိထားခြင်းကြောင့် သည်းခြေပြွန် ပိတ်ဆို့လေ့ရှိတယ်။ အချို့ကင်ဆာရောဂါဆိုး ဥပမာ ရက်တီကျူဆင်လို ပြင်းထန်ဆိုးရွားတဲ့ သားငန်ရည်အကျိတ်ကြီးခြင်းတို့မှာလည်း ခန္ဓာကိုယ်အနှံ့ယားယံတတ်တယ်။

        အချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိစဉ် သားဖွားခါနီး ယားယံလေ့ရှိတယ်။ သားဖွားပြီးနောက်ပိုင်းအလိုအလျောက် ပြန်ကောင်းတတ်တယ်။ သာမန်အသက်အရွယ်ကြီးရင့်လာသူများမှာ ဟော်မုန်းဓာတ်ချို့တဲ့လာလို့ တစ်စုံတစ်ခုနဲ့ ထိတွေ့ရုံ၊ လေစိမ်းအတိုက်ခံရရုံနဲ့ ယားယံတတ်တယ်။ တစ်ခါတစ်ရံ အမှန်တကယ် ယားယံခြင်းမရှိဘဲ စိတ်ကြောင့် ခန္ဓာကိုယ်အနှံ့ အငြိမ်မနေနိုင်အောင် အလွန်ယားယံတတ်ပါတယ်။

        ဝဲ၊ နှင်းခူ၊ ပွေးတို့မှ ဖြစ်ပေါ်တဲ့ လက်ချောင်း၊ ခြေချောင်း၊ ချိုင်းကြား၊ ပေါင်ခြံ၊ လည်ပင်းနောက်ပိုင်းတွေမှာလည်း မခံရပ်နိုင်အောင် ယားတတ်တယ်။ ဦးခေါင်းပေါ် ဒက်ပေါက်ခြင်း၊ ပွေးပေါက်ခြင်း၊ ဗောက်ထခြင်း၊ သန်းထခြင်းကြောင့် ယားယံတတ်တယ်။

        ကြမ်းပိုးကိုက်ခြင်း၊ ပင့်ကူရှပ်ခြင်း၊ နွေရာသီအရေပြားမိတ်ဖုထွက်ခြင်းသည်လည်း အရေပြားနူးညံ့တဲ့ ကလေးငယ်တွေနဲ့ ဝတဲ့သူတွေမှာ ပိုပြီးဖြစ်လေ့ရှိတယ်။ မိတ်ထွက်လာပြီဆိုရင် တစ်ကိုယ်လုံးအနှံ့ ယားယံတတ်တယ်။

ဓာတ်ပုံ - medicalnewstoday.com

        အချို့မတည့်တဲ့ ဆိုးဆေး၊ ပစ္စည်းတစ်ခုခုနဲ့ ထိမိလို့ ဓာတ်မတည့်ခြင်းဖြစ်ရင် ထိမိတဲ့နေရာမှာ အင်ပျဉ်ထွက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း ဖြစ်လေ့ရှိတယ်။ အချို့မှာ စိတ်ကြောင့် တစ်နေရာရာမှ ကွက်ပြီးယားယံတတ်တယ်။

        မိန်းမကိုယ်အဝနားတစ်ဝိုက်ယားယံခြင်းဟာ အမျိုးသမီးတွေမှာ အကြောင်းအစုံကြောင့်ဖြစ်စေတယ်။ သားမွေးလမ်းကြောင်းအတွင်း ထရိုင်ကိုမိုးနပ်ရောဂါနဲ့ မိုနီးလီးယားရောဂါ နှစ်မျိုးဟာ ၈ဝ ရာခိုင်နှုန်းမျှရှိတဲ့ မိန်းမကိုယ်ယားယံမှုဖြစ်စေတယ်။

        မိုနီးလီးယားမှာ အဖြူဆင်းရုံသာမက မိန်းမကိုယ်ပါယားယံလေ့ရှိတယ်။ ရာသီလာတဲ့အချိန်နဲ့ ဝေးတဲ့ရက်တွေမှာ အဖြူရည်ပျစ်ပျစ်ဆင်းပြီး ယားရင် မိုနီးလီးယားရောဂါကြောင့်ဖြစ်တယ်။ ရာသီလာတဲ့အခါနဲ့ ရာသီလာပြီး ရက်အနည်းငယ်မှာ စိမ်းဖန့်ဖန့် အရောင်အဖြူတွေဆင်းပြီး ယားယံရင် ထရိုင်ကိုမိုးနပ်ရောဂါကြောင့်ဖြစ်တယ်။

        ချွေးထွက်လွန်ကဲသူတွေ မစင်စွန့်ပြီး စအိုဝကို စင်ကြယ်အောင်မဆေးကြောသူတွေ၊ အူထဲမှာ သန်ကောင်၊ တုတ်ကောင်ရှိသူတွေ၊ ခေတ်မီပဋိဇီဝဆေး ဥပမာ တက်ထရာဆိုက်ကလင်းဆေး မကြာခဏ သောက်သုံးလေ့ရှိသူတွေမှာ စအိုယားယံခြင်းဝေဒနာ ခံစားရလေ့ရှိတယ်။

        ကလေးငယ်တွေမှာ ညဖက်စအိုဝအနီး ထွက်လာတဲ့ တုတ်ကောင်တွေကြောင့် ယားယံကာ မအိပ်နိုင်ဘဲ ဂျီကျတတ်တယ်။ လူကြီး၊ လူငယ်၊ ကလေးမရွေး တစ်နှစ်မှာ သန်ချဆေးနှစ်ကြိမ် မိုးဦးနှင့် မိုးနှောင်းကာလတွေမှာ သောက်ပေးဖို့ လိုအပ်ပါတယ်။ ယားယံခြင်းဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းဟာ များပြားလှပြီး ဆင်ခြင်နေထိုင်ရမှာ ဖြစ်ပါတယ်။

        တစ်ကိုယ်ရေသန့်ရှင်းခြင်းအတွက် နေ့စဉ်ဆပ်ပြာနဲ့ ရေမှန်မှန်ချိုးခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်း၊ သန့်ရှင်းစင်ကြယ်တဲ့ အဝတ်ကို ဝတ်ဆင်ခြင်း စတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းက ခန္ဓာကိုယ်အရေပြားပေါ်မှာ သန့်ရှင်းစင်ကြယ်ကာ ယားနာအမျိုးမျိုးမှ ကာကွယ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းမဖြစ်စေဖို့ မိမိနဲ့ ဓာတ်မတည့်တဲ့ပစ္စည်း၊ အသုံးအဆောင်၊ အစားအသောက်၊ အနံ့စတာတွေ ဆင်ခြင်ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အစာမစားမီအိမ်သာသွားပြီးတိုင်း ဆပ်ပြာနဲ့ လက်ကို စင်ကြယ်စွာဆေးကြောရမယ်။ လက်သည်းမှန်မှန် လှီးပေးရမယ်။ သန်ချဆေးကျွေးမယ်ဆိုရင် သန်စွဲကပ်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်တယ်။ ပါးလွှာပြီး လေဝင်လေထွက်ကောင်းတဲ့ ချောင်ချိတဲ့အဝတ်အစားဝတ်ခြင်း၊ နေ့စဉ်ရေမှန်မှန်ချိုးခြင်း၊ နေပူအလွန်မခံခြင်းတို့က မိတ်ပေါက်ခြင်း၊ နေပူလောင်ခြင်းတို့ကို ကာကွယ်နိုင်တယ်။

        တင်းကျပ်တဲ့အတွင်းခံအင်္ကျီ၊အဝတ်အစားတွေကို ရှောင်ကြဉ်ခြင်း၊ နေ့စဉ်တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း စတာတွေက မိန်းမကိုယ်ယားယံခြင်း၊ ပေါင်ခြံယားခြင်းတို့ကနေ ကာကွယ်နိုင်ပါတယ်။ စအိုမယားစေဖို့ အိမ်သာသွားပြီးတိုင်း စအိုကို ရေနဲ့ဆေးကြောရမယ်။ အိပ်ရာလည်း သန့်ရှင်းရမယ်။ သန်ကောင်၊ တုတ်ကောင်ရှိနေရင် မိသားစုဆရာဝန်နဲ့ပြသပြီး သန်ချဆေးသောက်ရမယ်။ တစ်ကိုယ်လုံး သို့မဟုတ် တစ်နေရာရာ ယားယံလာရင် ဦးစွာ ဘာကြောင့် ယားယံရတာကို စဉ်းစားဆင်ခြင်ပြီး ယင်းအကြောင်းရင်းအချက်ကို ပပျောက်အောင် နောက်ထပ် ပြန်မဖြစ်အောင် ဆင်ခြင်နေထိုင်ရမှာဖြစ်တယ်။

        မိမိအနေနဲ့ ယားယံရတဲ့အကြောင်းရင်းရှာမတွေ့ရင်၊ ယားယံခြင်းမပျောက်ရင် စိတ်ကြောင့် အခြားရောဂါဆိုးတွေကြောင့် ယားယံခြင်းဖြစ်ရင် မိသားစုဆရာဝန်နဲ့ပြသပြီး လိုအပ်ပါက အထူးကုဆရာဝန်နဲ့ထပ်မံပြရမယ်။

        ယားယံခြင်းဟာ လွန်စွာ ခံရခက်တဲ့ဝေဒနာဆိုးဖြစ်လို့ ယားယံခြင်းမဖြစ်စေဖို့ အဓိကအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းကျန်းမာခြင်း ဆောင်ပုဒ်နဲ့အညီ ကျင့်ကြံဆင်ခြင်နေထိုင်သင့်တယ်။ အယားပြေလိမ်းဆေးအပြင် ဘာမီတွန်၊ စီထရင်းစားဆေးများ စားဖို့လိုပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၇)

No comments:

Popular Posts