လယ်တွင်းသားစောချစ်
ကျွန်တော့်ကလေးများမှာ လေ့ကျင့်ထား၍ သတ်မှတ်ချိန်အတွင်းပြီးအောင် ရေးဆွဲရာတွင် ကျွန်တော့်ကျောင်းမှ လေးတန်းကျောင်းသားလေးတစ်ယောက် ပထမဆုရသည်။
ဖတ်စာစာအုပ်တွင်ပါသည့် လယ်သမား တံစဉ်တစ်ဘက် ကောက်လှိုင်းတစ်ဘက် ပွေ့ပိုက်ထားပုံဖြစ်သည်။ ထိုပုံကို သဘောကျ၍ ကျွန်တော့်တပည့်လေးကို တူအောင် လေ့ကျင့်ခိုင်းထားသည်။ တူအောင်ဆွဲနိုင်သည်။ ပြိုင်ပွဲမှာ ပထမဆု ရသည်။ စစ်ဆေးသည့်အထဲမှာ ကျွန်တော်မပါဝင်ပါ။ မူလတန်းကျောင်းအုပ်များသာ ပါဝင်သည်။ သို့သော် ထိုကျောင်းအုပ်များတွင် ဆရာကြီးဦးထွန်းသိန်းလည်း ပါဝင်ဟန်မတူပါ။
‘‘ဒီပုံက ပထမရပေမယ့် ပန်းချီကားတစ်ချပ်အနေနဲ့ မပြည့်စုံဘူး’’
ဆရာကြီးဦးထွန်းသိန်းက ကျွန်တော့်တပည့်လေး ပထမရသည့်ပုံကို ပြပြီး ကျွန်တော့်ကို ပြောသည်။
‘‘ဗျာ...ဘာဖြစ်လို့လဲ’’
ကျွန်တော့်တပည့် ပထမရသည့်ပုံကို အပြစ်ပြော၍ ကျွန်တော် သဘောမကျချင်။ ပြီးတော့ ထိုပုံမှာ ကျွန်တော်ကိုယ်တိုင် ရေးချယ်ပြီး လေ့ကျင့်ခိုင်းခဲ့သောပုံ။
‘‘ဘာဖြစ်လို့လဲဆိုတော့ ပန်းချီကားကောင်းတစ်ချပ်မှာ ဘောင်ပါရတယ်။ ပြိုင်ပွဲဝင်တဲ့ပုံဆိုတော့ ပိုလိုတာပေ့ါ’’
ဦးထွန်းသိန်းပြောသည်ကို သဘောကျမိသည်။ မှန်ပါသည်။ ဘောင်ပါလျှင် ပို၍ ပြည့်စုံမည်။ ပို၍ ကောင်းလိမ့်မည်ကို နားလည်ပြီး ဆရာကြီးကို လေးစားစိတ်ဖြစ်မိ၏။
တစ်နေ့ ဆရာများနားနေခန်းတွင် နေ့ခင်းထမင်းစားချိန်ပြီးမှာ စတတုတ္ထန်းဆရာမဒေါ်ခင်ဌေးက လေ့ကျင့်ခန်းစာအုပ် အချို့ကို ပြသည်။
‘‘ဒီမှာကြည့် ဆရာ.. ဒါ လက်သစ်ကျောင်းအုပ်ကြီးဦးထွန်းသိန်းရဲ့ တပည့်လေးနှစ်ယောက် သုံးတန်းအောင်ပြီး ဒီကျောင်းကို လေးတန်းပြောင်းထားတာ။ သူတို့ရဲ့ လေ့ကျင့်ခန်းစာအုပ်တွေ။ ဒါက သင်္ချာ။ ရက်စွဲတပ်တာ၊ ဘေးမျဉ်းတားတာ၊ တွက်နည်းစနစ်ကျတာ၊ စာလည်းပြည့်စုံတယ်၊ အဖြေထုတ်တာ၊ မျဉ်းပိတ်တာ အားလုံး သိပ်စနစ်ကျတာပဲ။
ဒေါ်ခင်ဌေးပြသည့် လေ့ကျင့်ခန်းစာအုပ်များကို ကျွန်တော်စစ်ဆေးကြည့်သည်။ လက်ရေးလည်း ကောင်းသည်။ သန့်ရှင်းသပ်ရပ်မှုလည်းရှိသည်။
‘‘အဲဒါ ကျွန်မက အချောင်နာမည်ကောင်းရဦးမယ်။ ဆရာကြီးမှာတော့ တော်တဲ့ကလေးနှစ်ယောက် ဒီပြောင်းလာတော့ ကျောင်းမှန်မှန်မတက်တဲ့ ခပ်ညံ့ညံ့နှစ်ယောက်ပဲကျန်တယ်။ ဆရာကြီးက နာမည်ပျက်ဦးမယ်’’
‘‘သြော် ဟုတ်တာပေ့ါနော်’’
ဆရာကြီးဦးထွန်းသိန်းအတွက် စိတ်မကောင်းဖြစ်မိသည်။ ဆရာမဒေါ်ခင်ဌေးက ပြီးသည့်နှစ်အထိ ငါးနှစ်ဆက်တိုက် လေးတန်းစာမေးပွဲ တန်းလုံးကျွတ်အောင်ခဲ့သည်။ ဆရာကြီးဦးထွန်းသိန်း၏ လက်သစ်ကျောင်းမှာ သုံးနှစ်ဆက်တိုက် တန်းလုံးကျွတ်ကျခဲ့သည်။ တတိယတန်းအထိ စနစ်တကျ သူသင်ထားသော တော်သည့် ကလေးနှစ်ယောက်က ကျွန်တော်တို့ကျောင်း ရောက်လာသည်။ သူ့ကျောင်းမှာ ကျောင်းတက်မမှန်သော စာညံ့နှစ်ယောက်သာ ကျန်ခဲ့သည်။ ယခုနှစ်လည်း တန်းလုံးကျွတ်ကျဦးမည်။ ကြိုက်ရာကျောင်းသို့ ပြောင်းထားခွင့်ရှိသောကြောင့် ဘာမျှပြောမရ။ အချို့က မန္တလေးအထိပင် သွားထားကြသည်။
လက်သစ်ရွာသားများကတော့ ဆရာကြီးဦးထွန်းသိန်းမှာ သင်လျှင် ကောင်းစွာ သင်တတ်သော်လည်း ကျောင်းမှန်မှန်မတက်၊ စာကောင်းကောင်းမသင်၊ နေ့တိုင်း အရက်သေစာသောက်စားမူးယစ်နေသည်ဟု ပြောကြသည်။ ဆရာကြီးဦးထွန်းသိန်းအတွက် စိတ်မကောင်းဖြစ်မိသည်။
နောက်များမကြာမီမှာပင် လက်သစ်ရွာမူလတန်းကျောင်းအုပ်ဆရာကြီး ဦးထွန်းသိန်းကို ရွာလူကြီးများ ကျောင်းသားမိဘများက စုပေါင်းလက်မှတ်ထိုးတိုင်ထားကြကြောင်း သိရသည်။ ဆရာကြီးဦးထွန်းသိန်းပြောခြင်း မဟုတ်ပါ။ လက်သစ်ရွာမှ လေးတန်းလာတက်နေသော ကျောင်းသားလေးနှစ်ယောက်က ပြောခြင်းဖြစ်သည်။
နောက်တစ်ပတ်ခန့်ကြာသောအခါ မြို့နယ်ပညာရေးမှူးနှင့် မူလတန်းကျောင်းအုပ်ဆရာကြီးများအဖွဲ့ ဆရာကြီးဦးထွန်းသိန်းကို စစ်ဆေးရန် သွားရောက်ရင်း ကျွန်တော်နှင့် ရင်းနှီးခင်မင်နေ၍ လမ်းကြောင်းလည်း ကျသောကြောင့် ဝင်နှုတ်ဆက်သည်။
‘‘ဆရာ အဲဒီလိုဆိုရင် ကျွန်တော် လိုက်ခဲ့လို့ရလား’’
မြို့နယ်ပညာရေးမှူးကို မေးကြည့်သည်။
‘‘ရပါတယ်...လိုက်ခဲ့ပေ့ါ။ ဆရာပါရင် ပိုတောင်ပျော်စရာကောင်းသေး’’
မြို့နယ်ပညာရေးမှူးက ကျွန်တော့်ကို လိုလိုလားလား လက်ခံပြီး ခေါ်ပါသည်။ မြို့နယ်ပညာရေးမှူးမှာ ကျွန်တော့်ထက်ကြီးသော်လည်း လူငယ်တစ်ယောက်ပင်ဖြစ်ပါသည်။ တက်တက်ကြွကြွနှင့် လုပ်ချင်ကိုင်ချင် ရှိသည်။ စိတ်သဘောထားလည်း ကောင်းသည်။ သို့သော် အရင်ပြောသောစကား အရင်ကြားသိထားသည်ကို ယုံနေမှာ စိုးမိသည်။
လက်သစ်မူလတန်းကျောင်းမှာ ဘုန်းတော်ကြီးကျောင်းမှာ မှီခို၍ ဖွင့်ထားရခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း အောက်ထပ်မှာ လက်မှတ်ထိုးထားကြသော ရွာလူကြီးများ၊ မိဘများ ရောက်နေကြပြီ။ အားလုံးမှာတက်တက်ကြွကြွ ဖြစ်နေကြသည်။ ကျွန်တော်ကျောင်းပေါ် တက်သွားပြီး ဘုန်းတော်ကြီးကို ကန်တော့သည်။ ဘုန်းတော်ကြီးက ဆရာကြီးဦးထွန်းသိန်းအတွက် စိတ်မကောင်းဖြစ်နေဟန် တူပါသည်။
ဆရာကြီးမှာ အရက်သောက်တတ်သော အားနည်းချက်ရှိသည်မှာ မှန်ကြောင်း၊ သို့သော် ရွာမှ မိဘများက ပို၍ စည်းကမ်းပျက်ကြောင်း၊ မိုးရာသီ စိုက်ချိန်ပျိုးချိန်ဆိုလျှင် ကလေးများကို လယ်လုပ်ငန်းမှာ ခိုင်းကြကြောင်း၊ ကျောင်းလာသော ကလေးများ အလွန်နည်းကြောင်း၊ ဆရာကြီးလာလျှင်လည်း သင်စရာကလေးမရှိကြောင်း၊ ဆရာကြီး ကျောင်းပျက်တာထက် ကလေးများ ပျက်တာက ပိုများကြောင်း၊ စိုက်ပျိုးချိန်ပြီး၍ အားသွားလျှင်တော့ ကလေးများကို ကျောင်းသို့လွှတ်ကြကြောင်း၊ ထိုအခါမျိုးကျလျှင်လည်း ဆရာကြီးတစ်ယောက်တည်း မနိုင်၍ ဘုန်းကြီးပါ ကူထိန်းပေးရကြောင်း ပြောပြသည်။
အစည်းအဝေးကို ဘုန်းတော်ကြီးလည်း တက်ပါသည်။ ထိပ်ဆုံးမှာ ထိုင်နေပါသည်။
ရွာသားမိဘများနှင့် တွေ့ကြည့်ရာမှာတော့ ပြောလိုက်မည် ဆိုလိုက်မည်ဟု အားပါးတရဖြစ်နေကြသည်။ ကျွန်တော့်ကိုလည်း ရင်ဖွင့်ပြောပြနေကြသည်။ ကျွန်တော့်ကို သူတို့အထင်ကြီး လေးစားကြသည်။ ကျွန်တော်လိုက်ပါလာသည်ကို ဝမ်းသာအားရဖြစ်နေကြသည်။
ဆရာကြီးဦးထွန်းသိန်းကတော့ ကျွန်တော့်ကို ခေါ်ပြော နှုတ်ဆက်မလုပ်ပါ။ ကျွန်တော်ပါလာသည်ကိုလည်း သဘောကျဟန်မတူပါ။ ရွာသားများ၏ တိုင်ကြားချက်အရ ပညာအုပ်နှင့်အတူ သူ့ကို ဝိုင်းဝန်းနှိပ်ကွပ်ရန် လိုက်လာသည်ဟု ယူဆဟန်တူပါသည်။
အခမ်းအနား စတင်သောအခါ အခမ်းအနားမှူးက လက်သစ်မူလတန်းကျောင်းအုပ်ဆရာကြီး ဦးထွန်းသိန်းကို ရွာလူကြီးများနှင့် ကျောင်းသားမိဘ ရှစ်ဆယ်ကျော်တို့ လက်မှတ်ရေးထိုးပြီး မြို့နယ်ပညာရေးမှူးထံ တိုင်ကြားထားသည်ကို မြို့နယ်ပညာရေးမှူးက စစ်ဆေးမေးမြန်းရန်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူးကြီးက စတင်စစ်ဆေးမေးမြန်းနိုင်ပြီဖြစ်ကြောင်း ကြေညာပါသည်။
လက်ခုပ်သံများ အားပါးတရထွက်လာပါသည်။
‘‘ကျွန်တော်နည်းနည်းလောက် ပြောလို့ရမလား’’
ကျွန်တော်က ကျွန်တော့်ဘေးနားမှာရှိသော မြို့နယ်ပညာရေးမှူးကို ခွင့်တောင်းပါသည်။
‘‘ရပါတယ် ပြောပါ’’
မြို့နယ်ပညာရေးမှူးက ကျွန်တော့်ကို ချစ်ခင်သည့်အနေဖြင့် ခွင့်ပြုပါသည်။
ရွာမှမိဘများ၏ မျက်နှာများ ပြုံးရွှင်စွာကျွန်တော့်ကို ကြည့်နေကြသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၈)
No comments:
Post a Comment