October 11, 2020

ဒုတိယအရွယ် (၃၀)

လယ်တွင်းသားစောချစ်

        ကျွန်တော်လုပ်တတ်ပါသည်။ အိုးစည်ကြိုးများတင်းနေအောင် ဆွဲပေးသောအခါ အိုးစည်သံထွက်လာသည်။ ပတ်စာကပ်ပေးသည်။ သာယာသော ဗုံသံထွက်လာသည်။ ပန်းစည်းသူများ လှည့်ကြည့်ကြသည်။ ကျန်သောကလေးများ၊ အိုးစည်ဝိုင်းနေရာသို့ စုဝေးရောက်လာကြသည်။ ဗုံသံကြောင့် မြူးကြွလာကြသည်။

        ကိုလူအေးက သူ့တပည့်များနှင့် အိုးစည်သီချင်းစပ်သည်။ စပ်ရင်း တဝါးဝါးတဟားဟား ဖြစ်နေသည်။ 

        အိုးစည်ပတ်စာကပ်ပြီးသောအခါ မောင်ငယ်က အိုးစည်ကို လွယ်လိုက်သည်။ တီးတတ်၍မဟုတ်။ အရပ်မြင့်၍ ဖြစ်သည်။ သန်းရွှေက လင်းကွင်းအသံထွက်အောင် တီးတတ်သည်။ ကျော်အောင်နှင့် မောင်ပုတို့ကဝါးလက်ခုပ်။ မောင်ဝင်းက ဦးရွှေရိုးကမည်။ မောင်တိုးနှင့်အဖွဲ့က သီချင်းဆို၊ သံချပ်တိုင်ကြမည်။ အိုးစည်ဝိုင်းတော့ဖြစ်သွားပြီ။

        ပထမတစ်ပုဒ်စတီးသည်။ အဆိုသမားတို့က စာရွက်ကြည့်ခြင်းဖြစ်၍ ကောင်းကောင်းဆိုနိုင်ကြ၏။ ပလွေသမားကလည်း မဆိုးလှ။ အိုးစည်သမားက အသံမြည်အောင် မနည်းကြိုးစားနေရ၏။ လင်းကွင်းသမားက တိုးလိုက်ကျယ်လိုက်။ ဝါးလက်ခုပ်သမား နှစ်ယောက်မှာ တစ်ခါမှ တစ်ပြိုင်တည်း မကျသေး။ ဦးရွှေရိုးမှာလည်း ကိုးရိုးကားယားဖြစ်နေဆဲ။ အားလုံးမှာ ရယ်စရာဖြစ်နေသည်။ မြင်သူအားလုံး ရယ်ရလွန်း၍ မောနေကြပြီ။

        မည်သူမျှ၊ ဘာမျှတတ်ကြသည် မဟုတ်။ မှားချင်မှား၊ မှန်ချင်မှန် အားလုံးရယ်ရ၊ ပျော်ရသည်။

        ဒုတိယတစ်ကြော့ ထပ်မတီးမီ နည်းနည်းပါးပါးနားလည်သော ကိုလူအေးက ပြုပြင်ပေးသည်။

        အိုးစည်ကို အလယ်မှာ မတီးနဲ့၊ လက်ဖျားကို ပတ်စာပေါ်ကျပါစေ။ လင်းကွင်းကတော့ အသံမြည်ရင်ပြီးရော။ အရေးထဲမှ သင်နေစဉ်မှာ လင်းကွင်းလွတ်ကျ၍ အားလုံးရယ်ကြသည်။ ဝါးလက်ခုပ်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ညီအောင်တီး။ ဦးရွှေရိုးခေါင်းပေါင်းစကို ရှည်ရှည်ချ။ ကွေးနေအောင် ကရမှာ မဟုတ်ဘူး။ ဒူးကို ခွင်၊ ဖင်ကို နောက်ပစ်ထား။ မျက်စိကို ငြိမ်ငြိမ်မထားနဲ့။ နှုတ်ခမ်းကို များများလှုပ်။ မျက်နှာက ပြောင်လေ ကောင်းလေ။ ဒီမှာကြည့်ပြောရင်း စိတ်ပါလာ၍ ကိုလူအေး နမူနာကပြသောကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အူတက်မတတ် ရယ်ကြရသည်။ အချို့မှာ ရယ်ရလွန်း၍ မျက်ရည်ပင် ထွက်နေကြသည်။

        ဒုတိယအကြိမ်ပြန်တီးသောအခါ တော်တော်ဟုတ်လာသည် အတီးသမားများမှာ ကိုယ့်ဘာသာသဘောကျပြီး တပြုံးပြုံးဖြစ်နေကြ၏။ အကသမားမှာလည်း ကိုလူအေး၏ အသင်အပြ ကောင်းမှုကြောင့် ပုံစံကျလာ၏။ မောင်ဝင်းမှာ ပင်ကိုယ်ကပင် အပြောင်အနောက်သန်၍ ဦးရွှေရိုးနှင့် အလွန်လိုက်ဖက်သူဖြစ်သည်။ ပန်းစည်းသူ ဆရာမများနှင့် ကျောင်းသူများမှာ အတီးနှင့် အကကိုကြည့်ပြီး ရယ်နေရ၍ အလုပ်မတွင် ဖြစ်နေကြသည်။ ပန်းအားလုံးစည်း၍ ပြီးသောအခါ အတီးအဖွဲ့မှာ တော်တော်ဟုတ်နေပြီ။

        ကျောင်းသားကျောင်းသူများအားလုံး ကျောင်းရှေ့မှာ တန်းစီကြသည်။ ဆရာ၊ ဆရာမများက လူတိုင်းစေ့ရအောင် ပန်းစည်းများလိုက်ပေးကြသည်။


        အားလုံးအဆင်သင့်ဖြစ်သောအခါ ကျောင်းမှထွက်ခဲ့ကြသည်။ နောက်ဆုံးမှ လိုက်ရသည်က အိုးစည်ဝိုင်း ဖြစ်သည်။ ရွာလယ်လမ်းအတိုင်း စီတန်း၍ သွားကြသောအခါ မိဘများ တစ်လမ်းလုံးထွက်ကြည့်ပြီး သဘောကျနေကြသည်။ တစ်ခါမှ မရှိဖူး၍ မမြင်ဖူးသောကြောင့် ဝါဆိုပန်းကပ်ကြမည့် ကျောင်းသားကျောင်းသူများမှာ ထူးခြားစွာ စိတ်ဝင်စားစရာ ကောင်းနေသည်။

        ရွာသူရွာသား အားလုံးစိတ်အဝင်စားကြဆုံးမှာ ကလေးများ၏ အိုးစည်အဖွဲ့နှင့် ဦးရွှေရိုးအကဖြစ်သည်။

        ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ဘုရားရှေ့တွင် ပြင်ဆင်ထားသော ပန်းအိုးများ၌ ဝါဆိုပန်းများ ထိုးစိုက်ကြသည်။

        ဆရာတော်ထံတွင် ငါးပါးသီလခံယူကြပြီး ဆရာတော်ချပေးသော ပန်းကပ်ဘုရားရှိခိုးကို လိုက်ဆိုကြသည်။ ဆရာတော်ထံမှာတရားနာ၍ ရေစက်ချ အမျှဝေကြသည်။ ကလေးများ၏ သာဓုခေါ်သံ စည်စည်ညံသွားသည်။

        ဆရာတော်၊ သံဃာတော်များနှင့် ဒကာ၊ ဒကာမများက ဖျော်ရည်အအေးနှင့် ကိတ်မုန့်များ တိုက်ကျွေးကြသည်။

        ‘‘အရှင်ဘုရား တပည့်တော်တို့ လှူတာက တောပန်းတောင်ပန်းလေးတွေပဲလှူတာပါ။ အရှင်ဘုရားတို့ ပြန်ကျွေးတဲ့ အအေးနဲ့ ကိတ်မုန့်က တန်ဖိုးကြီးလိုက်တာ’’

        ကျွန်တော်က လျှောက်ထားတော့ ဆရာတော်က -

        ‘‘သြော် အဲဒီလိုမအောက်မေ့ပါနဲ့ ဒကာကြီး... ဝါဆိုလပြည့်နေ့မှာ ဝါဆိုပန်းကပ်ရမယ်လို့ ကလေးတွေသိပြီး ပန်းကပ်ကြတာက ပိုပြီး ကြီးကျယ်တာပေါ့ဒကာကြီးရယ်’’ဟု မိန့်တော်မူပါသည်။

        ကြည်နူးစရာ၊ ပျော်စရာကောင်းသော ဝါဆိုပန်းကပ်ပွဲ ဖြစ်ပါ၏။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)

No comments:

Popular Posts