ထွန်းထွန်း (မွေး/ကု)
နွားနောက်သည် ချင်းပြည်နယ်၏ သဘာဝရတနာဖြစ်သည်။ ချင်းတိုင်းရင်းသားတို့သည် နွားနောက်ကို အမြတ်တနိုးမွေးမြူကြသည်။ ယခင်က ချင်းတိုင်းရင်းသားတို့၏ ကြွယ်ဝချမ်းသာမှုကို နွားနောက်ပိုင်ဆိုင်မှုဖြင့်သာ သတ်မှတ်လေ့ရှိသည်။ မင်္ဂလာဆောင်၊ ဘာသာရေးပွဲ၊ နာရေးပွဲတွင် နွားနောက်သားဖြင့် ဧည့်ခံကျွေးမွေးတတ်ကြသည်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လျော်ကြေးပေးရာတွင်လည်း နွားနောက်ဖြင့်သာ လျော်ကြေးပေးတတ်လေ့ရှိသည်။ နွားနောက်ကို တစ်နိုင်တစ်ပိုင် မိရိုးဖလာမွေးမြူရေးစနစ်ဖြင့် မွေးမြူကြသည်။ နိုင်ငံတော်မှ ပံ့ပိုးပေးမှုဖြင့် အသားစားနွားတစ်မျိုးအဖြစ် သတ်မှတ်၍ မျိုးရိုးဗီဇထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်သကဲ့သို့ စီးပွားဖြစ်မွေးမြူရန် နိုင်ငံတော်၊ ပြည်နယ်အစိုးရ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဦးတည်ဆောင်ရွက်လျက်ရှိသည့်အတွက် ရာသီဥတုနှင့်ကိုက်ညီသော မွေးမြူရေးသမားများသိရှိရန် စာရေးသူနှင့် ဆွေးနွေးဖြေကြားခဲ့မှုများကို တင်ပြလိုက်ပါသည်။
![]() |
ဓာတ်ပုံ - ytimg |
မေး။ နွားနောက်ကို ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံအတွင်းရှိ ဘယ်မြို့တွေမှာ မွေးမြူကြပါသလဲ။
ဖြေ။ နွားနောက်မျိုးဟာ အရှေ့တောင်အာရှဒေသဖြစ်တဲ့ အိန္ဒိယအရှေ့ပိုင်း ဘူတန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ချင်းပြည်နယ်ရှိ မြို့နယ်တိုင်းတွင် နွားနောက်မွေးမြူကြပါတယ်။
မေး။ နွားနောက်ဟာ ချင်းပြည်နယ်ရဲ့ ရတနာလို့သိရပါတယ်။ ဘယ်လောက်မွေးမြူကြပါသလဲ။ ဗဟုသုတအဖြစ် ပြောပြပေးပါလားဆရာ။
ဖြေ။ ချင်းပြည်နယ်တွင် နွားနောက်မွေးမြူရေးအခြေအနေမှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂ဝ၁၆ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၇ ဖေဖော်ဝါရီလအထိ စာရင်းများအရ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်တွေမှာ နွားနောက်မွေးမြူရေး စုစုပေါင်းအရေအတွက်မှာ နွားနောက် အထီးအမကောင်ရေ ၈၄၅၆၅ ကောင်ရှိကြောင်း သိရပါတယ်။
မေး။ နွားနောက်ကို တော်တော်များများ မြေပြန့်ကသူတွေ မမြင်ဖူးကြပါဘူး။ ပုံသဏ္ဌာန်နဲ့ အရောင်အသွေးလေး ပြောပြပေးပါလားဆရာ။
ဖြေ။ နွားနောက်ဟာ ဘို့မရှိပါဘူး။ ဦးချိုအရင်း၌ပြားနေတတ်ပြီး နဖူးချိုင့်ဝင်နေပါတယ်။ နှာဖျားတိုတယ်။ လည်ပတ်ချုပ်နေပြီး ကျောကုန်းရိုးတစ်လျှောက်မှာ မို့မောက်၍ နေတတ်တယ်။ အမွေးမှာ မီးခိုးရင့်ရောင်၊ အဖြူရောင်၊ အနက်ရောင် သို့မဟုတ် အနက်နဲ့ အဖြူကွက်ကျားဖြစ်တယ်။ နွားနောက်ဟာ အမွေးမှာ မီးခိုးရင့်ရောင်၊ အဖြူရောင်၊ အနက်ရောင် သို့မဟုတ် အနက်နဲ့ အဖြူကွက်ကျားဖြစ်တယ်။ နွားနောက်ဟာ မြန်မာနွားများထက် အထီးရော၊ အမပါ ပိုပြီးကြီးတယ်။ ပျမ်းမျှကိုယ်အလေးချိန် ပေါင် ၈ဝဝ မှ ၁၃ဝဝ ထိရှိတယ်။
မေး။ ဘယ်အချိန်မှာ အရွယ်ရောက်ပြီး ဘယ်အချိန်မှာ သားပေါက်သလဲဆရာ။
ဖြေ။ မြန်မာနွားတွေထက် ကြီးထွားနှုန်းကောင်းတော့ အရွယ်ရောက်ချိန်လည်း စောပါတယ်။ အထီးတွေက ၁၈ လမှ နှစ်နှစ်အကြာ အရွယ်ရောက်ပြီး အမတွေက တစ်နှစ်ခွဲမှာ အရွယ်ရောက်တယ်။ နှစ်နှစ်ခွဲမှ သုံးနှစ်အတွင်း သားပေါက်လေ့ရှိတယ်။ တစ်နှစ် တစ်သားကျပါတယ်။
မေး။ အမတွေက ဘယ်အရွယ်ထိ သားမွေးပြီး အထီးတွေက ဘယ်အရွယ်ထိ သားလိုက်သလဲဆရာ။
ဖြေ။ အမတွေက ၁၂ နှစ်အထိ သားမွေးနိုင်ပါတယ်။ ကျန်းမာရေးကောင်းရင် ၁၅ နှစ်အထိ သားတင်နိုင်ပါတယ်။ အထီးက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်အထိ မိတ်လိုက်လေ့ရှိပြီး ကျော်လွန်ပါက သီးသန့်နေတတ်ပါတယ်။
မေး။ ချင်းပြည်နယ်မှာ ဘယ်စနစ်တွေနဲ့ မွေးလေ့မွေးထရှိပါသလဲဆရာ။
ဖြေ။ ကျေးရွာတွေမှာ မွေးမြူသူ သုံးလေးငါးဦး စုပေါင်းပြီး အစုအဖွဲ့လိုက်မွေးမြူကြပေမယ့် မွေးမြူသူများ ပိုင်ဆိုင်တဲ့မြေပေါ်မှာ စားကျက်သတ်မှတ်မွေးမြူကြတယ်။ တောင်ယာလုပ်တဲ့အကွက်များကို အကန့်များခွဲပြီး အလှည့်ကျ တောင်ယာစိုက်ပျိုးပြီးပါက စားကျက်မြေအဖြစ် လွှတ်ကျောင်းမွေးမြူကြတယ်။ သဘာဝဓလေ့အရ စိုက်ပျိုးရာသီမှာ ခြံလှောင်မွေးမြူကြတယ်။ ခြံလှောင်စနစ်ကို သုံးနှစ်တစ်ကြိမ် နေရာပြောင်းပြီး ခြံဟောင်းနေရာကို စိုက်ပျိုးမြေအဖြစ် ပြန်လည်အသုံးပြုကြတယ်။ အခုချိန်မှာတော့ စျေးနှုန်းမြင့်မားလာတော့ ခိုးယူသူရန်ကို ကာကွယ်နိုင်ရန် နေ့ပိုင်းလွှတ်ကျောင်းပြီး ညပိုင်းခြံလှောင်မွေးမြူကြတယ်။
မေး။ အစားအစာက နွားစာလိုပဲလား။ ပုံမှန်အပြင် ဖြည့်စွက်စာကျွေးရသေးလားဆရာ။
ဖြေ။ မြက်နု၊ နွယ်ပင်များ၊ အရွက်စိမ်းများ၊ ဝါးပင်အရွက်များ၊ နွယ်များကို စားသည့်တိရစ္ဆာန်ဖြစ်ပါတယ်။ ဆားငန်ရေရှိသော စားကျက်မြေ၌ ပိုပြီးကြီးထွားပါတယ်။ ပုံမှန်ဆားကျွေးမွေးခြင်းဖြင့် အလွန်ယဉ်ပါးသော တိရစ္ဆာန်အဖြစ် လေ့ကျင့်မွေးမြူလေ့ရှိတယ်။ ပို၍ကြီးထွားရန် စပ်စာအဖြစ် ဆန်ကွဲ ၃ဝ ရာခိုင်နှုန်း၊ ဖွဲနု ၃၈ ဒသမ ၅ ရာခိုင်နှုန်း၊ ဆား ၁ ဒသမ ၅ ရာခိုင်နှုန်းကို ရောစပ်ပြီး ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ပါတယ်။ နွားနောက်များဟာ ဆားကိုနှစ်သက်ပါတယ်။ ဒါကြောင့် နွားနောက်များကို ဖမ်းလိုပါက ဆားပြပြီး ခေါ်ယူကြတယ်။
မေး။ နွားနောက်တွေရဲ့ ကျန်းမာရေးပိုင်းနဲ့ ကူးစက်မှု၊ ကုသမှု၊ ကာကွယ်မှုတွေ သိပါရစေဆရာ။
ဖြေ။ ကျွဲ၊ နွားတွေမှာ ဖြစ်တတ်တဲ့ရောဂါတွေအားလုံးဖြစ်ပါတယ်။ ကူးစက်ရောဂါလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ကျွဲ၊ နွားကာကွယ်ဆေးတွေကိုပဲ ထိုးပေးရပါမယ်။ အခြားအန္တရာယ်ကတော့ မြေခွေးတွေပဲ။ နွားနောက်တစ်ကောင်တည်းဆိုရင် အုပ်လိုက်ဝိုင်းကိုက်တယ်။ မြေခွေးကိုမြင်ရင် လေမှုတ်ပြီး အတင်းလိုက်ဝှေ့ကာ အခြားနွားနောက်တွေလည်း စုပေါင်းပြီး မြေခွေးအန္တရာယ်ကို ကာကွယ်ကြတယ်။ ဒါကြောင့် မြေခွေးရန်လွတ်ကင်းအောင် မြေခွေးအမြီးတစ်ခုကို ငွေကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူပြီး နွားနောက်မွေးမြူသူများက မြေခွေးအန္တရာယ်ကို ကာကွယ်ကြတယ်။
မေး။ နွားနောက်ရဲ့ထူးခြားမှု၊ သားပေါက်ဖွားမှုနဲ့ နွားနောက်ရဲ့ သဘာဝတွေရှိရင်လည်း သိပါရစေဆရာ။
ဖြေ။ နွားနောက်အမနဲ့ နွားရွှေနီအထီးနဲ့ မျိုးစပ်ပါက ပေါက်ဖွားသောနွားမသည် မျိုးအောင်ပြီး အထီးသည် သားမြုံပါတယ်။ နွားနောက်အထီးကို နွားရွှေနီအမနဲ့ မျိုးစပ်ပါက ပေါက်ဖွားလာသော အထီးအမနှစ်မျိုးလုံး မျိုးအောင်သည်ကို တွေ့ရှိရပါတယ်။ နွားနောက်အထီးနှင့် ဖရီရှန်အမ၊ ဖရီရှန်အထီးနှင့် နွားနောက်အမတို့ မျိုးစပ်ပါက ပေါက်ဖွားလာသော အထီး၊ အမ နှစ်မျိုးလုံး သားအောင်တာကို တွေ့ရပါတယ်။ နွားနောက်အထီးဟာ သုံးနှစ်၊ လေးနှစ်အရွယ်မှာ အသားထုတ်လုပ်ရောင်းချနိုင်ပါတယ်။ အသားထွက်နှုန်း ပိဿာ ၈ဝ မှ ပိဿာ ၁၂ဝ ရှိတယ်။ အရွယ်ပမာဏအကြီးဆုံးဟာ ပိဿာ ၁ဝဝ မှ ၁၅ဝ ထိ ထွက်ရှိနိုင်ပါတယ်။ နွားနောက်ကိုအသားစားသုံးရန် မွေးမြူခြင်းဖြစ်ပြီး အပူပိုင်းဒေသတွင် မွေးမြူပေါက်ဖွားသည့် နွားနောက်များသည် ချင်းပြည်နယ်ရှိ နွားနောက်များထက် အရွယ်အစား သေးငယ်ပါတယ်။ ကြမ်းတမ်းသောရာသီဥတုကို ခံနိုင်တယ်။ တောရိပ်တောင်ရိပ်ကိုမှီပြီး တောင်စောင်း၊ တောင်ကမ်းပါးနှင့် တောင်ပြန့်များတွင် အုပ်စုဖွဲ့နေထိုင်ကျက်စားလေ့ရှိတယ်။ ဒါကြောင့်လူသားများ၏ အာဟာရဓာတ်ကို ဖြည့်စွမ်းပေးသော အသားစားနွားတစ်မျိုးဖြစ်သည့် နွားနောက်ကို ရေမြေရာသီဥတုနှင့် ကိုက်ညီပါက မွေးမြူသင့်ကြောင်း အကြံပြုအပ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၇)
No comments:
Post a Comment