October 12, 2020

ခါးနာတတ်သူများ

ဒေါက်တာနိုက်တင်ဂေးလ်

        မနုသတ္တဘာဝေါ ဒုလ္လဘောရခဲလှတဲ့ လူ့ဘဝသက်တမ်းတိုတိုလေးမှာ လူဖြစ်ရကျိုးနပ်စေဖို့အတွက် ကျွန်မတို့တတွေ ပြုလုပ်သင့်တဲ့အလုပ်တွေ၊ ဝါသနာအရ ပြုလုပ်ချင်တဲ့ အလုပ်တွေကို ပြည့်ပြည့်ဝဝ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ဆိုရင် ၉၆ ပါးရောဂါဝေဒနာများ ကင်းရှင်းပြီး ကျန်းမာခြင်းနဲ့ ပြည့်စုံကောင်းမွန်နေဖို့ လိုအပ်ပါတယ်။

        ‘‘အသက်ဉာဏ်စောင့်’’ဆိုသလို မိမိရဲ့ကျန်းမာရေးအတွက် မိမိရဲ့ဉာဏ်ပညာ ဗဟုသုတနဲ့ မိမိကိုယ်တိုင် စောင့်ရှောက်ရမှာဖြစ်သလို ကိုယ်ကျင့်သီလပြည့်စုံကောင်းမွန်အောင် စောင့်ထိန်းနိုင်ပါမှ ၉၆ ပါးရောဂါဝေဒနာများနဲ့ ကင်းဝေးနိုင်မယ်လို့ သက်ကြီးစကား သက်ငယ်ကြားခဲ့ရတယ် မဟုတ်လား။ ဘယ်သူတွေက ဘယ်လိုပဲ ကျန်းမာကြတယ်လို့ဆိုဆို ဗုဒ္ဓရဲ့တရားတော်အရ လူတိုင်းလူတိုင်း အိုခြင်းဇရာ၊ နာမကျန်းဖြစ်ခြင်းဗျာဓိ၊ သေခြင်းမရဏတရားတို့နဲ့ တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ နဖူးတွေ့ဒူးတွေ့ ကြုံဆုံကြရတာအမှန်ပါပဲ။ လူတိုင်းမလွှဲသာ မရှောင်သာ တစ်ကြိမ်မဟုတ် တစ်ကြိမ်ထက်မက ကြုံဆုံနိုင်တဲ့ ၉၆ ပါးရောဂါဝေဒနာတစ်မျိုးကတော့ ခါးနာခြင်းဝေဒနာဖြစ်ပါတယ်။

        အင်္ဂလိပ်လို Back pain လို့ခေါ်တဲ့ ခါးနာခြင်းအများစုဟာ ရိုးရိုးတန်းတန်း သာမန်ခါးနာခြင်း ဒါမှမဟုတ် ခါးကိုက်ခြင်း ဖြစ်လေ့ရှိကြပါတယ်။ တကယ်တော့ ခါးနာခြင်းဟာ ခါးတစ်ဝိုက်မှာရှိတဲ့အရိုးများ၊ အရွတ်များ၊ ကြွက်သားများနဲ့ ဆက်စပ်နေပါတယ်။ သာမန်ခါးနာခြင်းရဲ့ သဘာဝတွေကတော့ -

        (၁)    ခါးနာခြင်းဟာ အလေးမခြင်း၊ ခါးကုန်းခြင်း ဒါမှမဟုတ် အားစိုက်ခြင်းရဲ့ ရလဒ်တစ်ခုအဖြစ် ဖြစ်ပေါ်ပါတယ်။
        (၂)    ခါးနာခြင်းဟာ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ပြန်လည်ပျောက်ကင်းသွားလေ့ ရှိပါတယ်။
        (၃)    ခါးနာခြင်းဟာ ကျောပြင်အောက်ပိုင်း(ခါးပိုင်း)ကို အများဆုံး ထိခိုက်စေပါတယ်။
        (၄)    သာမန်ဖြစ်ပွားခြင်းဖြစ်တာမို့ ဘယ်လိုရေရှည် ထိခိုက်ပျက်စီးမှုကိုမှ ဖြစ်ပေါ်စေလေ့မရှိပါဘူး။

        တချို့ခါးနာခြင်းဟာ အာရုံကြောအရင်းနာကျင်မှု Nerve root pain နဲ့ ဆက်စပ်နေပါတယ်။ အဲဒီလိုခါးနာခြင်းဟာ သာမန်ခါးနာခြင်းလောက် အဖြစ်များလှတာမဟုတ်ဘဲ ၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အာရုံကြောတစ်ချောင်းဟာ ဗဟိုအာရုံကြောမထဲကနေ ထွက်တာကြောင့် အဲဒီအာရုံကြောစပြီးထွက်တဲ့နေရာမှာ ဖိနှိပ်တာခံရလို့ အာရုံကြောအရင်းနာကျင်မှုကို ဖြစ်စေနိုင်တာပါ။ ခါးဆစ်ရိုးကျွံခြင်းများ (Herniated discs) ဟာ အာရုံကြောအရမ်းနာကျင်မှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်အက်တီကာ (Sciatica) လို့ ခေါ်တဲ့ ခါးနာခြင်းကိုဖြစ်စေတဲ့ အခြေအနေတစ်ခုလည်း ရှိပါသေးတယ်။ ခြေသလုံးပိုင်းထိဆင်းသွားတဲ့ ဆိုင်အက်တစ်အာရုံကြော ရောင်ရမ်းခြင်းကြောင့်ဖြစ်ရတဲ့ ဆိုင်အက်တီကာဟာ အာရုံကြောအရင်း နာကျင်မှုလိုပဲ အဖြစ်မများလှတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အဖြစ်များတာကတော့ ရိုးရိုးတန်းတန်း သာမန်ခါးနာခြင်းပါပဲ။

ဓာတ်ပုံ - safetynet

        ခါးနာဝေဒနာနဲ့ပတ်သက်တဲ့လက္ခဏာတွေက လူတစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားနိုင်ကြပါတယ်။ အဲဒါတွေက ခါးနေရာကကိုက်ခဲမယ်၊ တောင့်တင်းမယ်၊ အားနည်းသလို ခံစားရမယ်၊ ပင်အပ်နဲ့ဆွသလို စိုးစိုးစစ်စစ်နာကျင်နိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် နှာချေတဲ့အခါ ခါးနာဝေဒနာဟာ ရံဖန်ရံခါဆိုသလို ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဖြစ်ခြင်းဟာ ခါးပိုင်းမှာရှိတဲ့ ကြွက်သားတွေကို နာကျင်မှုရှိတဲ့ ကြွက်တက်ကျုံ့ဝင်ခြင်း (ကြွက်တက်ခြင်း)ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။

        အမှန်တော့ ခါးနာတာက အစပြုပေမယ့် တခြားနေရာတွေကိုလည်း ပျံ့နှံ့သွားနိုင်ပါတယ်။ နာကျင်မှုဟာ တင်ပါးထဲကို ရံဖန်ရံခါဆိုသလို ရောက်ရှိသွားရုံတင်မကဘဲ အောက်ဘက်ကိုဆင်းပြီး ခြေသလုံးပိုင်း၊ ခြေထောက်ပိုင်းထဲကို ရောက်ရှိသွားနိုင်ပါတယ်။ တကယ်လို့ နာကျင်မှုဟာ သိပ်ကိုဆိုးရွားနေမယ်ဆိုရင် ဒါမှမဟုတ် အချိန်အကြာကြီး ဖြစ်နေမယ်ဆိုရင် နောက်ထပ် ဘယ်လိုအခြေအနေတွေကို ကြုံတွေ့ခံစားရနိုင်သလဲဆိုတော့ -

        (၁)    ဆီးသွားရန်ခက်ခြင်း၊

        (၂)    အိပ်စက်အနားယူရန် ခက်ခဲခြင်း၊

        (၃)    လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲ ပြဿနာများရှိလာခြင်း၊

        (၄) စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ကြပါတယ်။

        ခါးနာနေတဲ့ဝေဒနာမှာ အကြောင်းပြချက်ပေါင်းများစွာ ရှိကြပါတယ်။ နာကျင်မှုဟာ နေ့စဉ်ဘဝရဲ့ အကျိုးဆက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကားမောင်းစဉ် ကိုယ်အနေအထားမှားယွင်းခြင်း၊ ကုလားထိုင်ပေါ်ထိုင်စဉ် ကိုယ်အနေအထား မှားယွင်းခြင်းစသဖြင့် ဒါမှမဟုတ် အဲဒီလိုဖြစ်ပွားခြင်းဟာ အောက်ခံရောဂါတချို့ရဲ့ ရလဒ်တစ်ခု ဖြစ်နိုင်ပါတယ်။ ခါးနာခြင်းဖြစ်ရပ်အများစုဟာ သာမန်ခန္ဓာကိုယ်လှုပ်ရှားမှုများနဲသော်လည်းကောင်း ၅ ရာခိုင်နှုန်းထက်နည်းတဲ့ ဖြစ်ရပ်အနည်းငယ်ကတော့အာရုံကြောအရင်း နာကျင်မှုနဲ့သော်လည်းကောင်း၊ ၂ ရာခိုင်နှုန်းထက် လျော့နည်းတဲ့ ဖြစ်ရပ်အနည်းငယ်က ပြင်းထန်ဆိုးရွားတဲ့ ခါးရိုးဆစ်ပြဿနာနဲ့သော်လည်းကောင်း အသီးသီးဆက်နွယ်နေကြပါတယ်။ ခါးနာခြင်းဟာ တချို့အခြေအနေတွေရဲ့ ရလဒ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အဲဒါတွေကတော့ အကြောမျက်ခြင်းလို့ လူသိများတဲ့ အဆစ်အမြစ်တစ်ခုရဲ့အရွတ်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ခါးပိုင်း ထိခိုက်ဒဏ်ရာရခြင်း (ဥပမာ-ယာဉ်တိုက်မှု၊ ဒါမှမဟုတ် အားကစားလုပ်ရာမှ ဒဏ်ရာရမှု)၊ ကြွက်သားထိခိုက် ပျက်စီးခြင်း (ဥပမာ- လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်း)၊ အောက်ခံအရိုးရောဂါကြောင့် အရိုးကျိုးခြင်းများ (ဥပမာ- ဆီးကျိတ်ကင်ဆာနှင့် ပန်ကရိယာကင်ဆာပိုးဝင်ခြင်း (ဥပမာ-ဆီးအိမ်ပိုးဝင်မှုများနဲ့ တီဘီရောဂါပိုးများ ကျောရိုးပိုးဝင်မှုများ) ဖြစ်ပါတယ်။ 

        သာမန်ခါးနာခြင်းကနေ အခြေအနေ ပိုဆိုးလာနိုင်တဲ့အကြောင်းရင်းတွေကတော့ ကိုယ်အနေအထားမမှန်ကန်ခြင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခြင်း၊ အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း ဒါမှမဟုတ် အချိန်အကြာကြီးခါးကုန်းနေခြင်း၊ ခါးအထောက်အကူ အပြည့်အဝမပေးနိုင်တဲ့ ကုလားထိုင်တစ်လုံးမှာထိုင်ခြင်း၊ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ ပျော့လွန်းတဲ့မွေ့ရာ ဒါမှမဟုတ် မာလွန်းတဲ့ မွေ့ရာပေါ်မှာ အိပ်စက်ခြင်း၊ အနားယူချိန်မရှိဘဲ အချိန်အကြာကြီး တောက်လျှောက် ကားမောင်းခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အလွန်တရာလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးများကို မယူခြင်း၊ သယ်ယူခြင်း၊ တွန်းခြင်းနဲ့ ဆွဲယူခြင်းတို့ ဖြစ်ကြပါတယ်။

        သာမန်ခါးနာခြင်း အများစုဟာ ရက်အနည်းငယ်လောက်ကြာတတ်ပြီး သူ့အလိုအလျောက် ပြန်လည်ကောင်းမွန်လေ့ရှိကြပါတယ်။ သာမန်အကိုက်အခဲပျောက်ဆေးဟာ နာကျင်မှုကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။ တကယ်လို့ ခါးနာခြင်းဟာ သီတင်းတစ်ပတ်ကျော်တဲ့တိုင်အောင် မသက်သာသေးဘူးဆိုရင် ဒါမှမဟုတ် ခါးနာခြင်းဟာ အမြင့်မှ ပြုတ်ကျခြင်း ဒါမှမဟုတ် ခါးပိုင်းဒဏ်ရာရခြင်းရဲ့ ရလဒ်တစ်ခုဖြစ်တယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။

        တကယ်လို့ ခါးနာခြင်းဟာ တချို့သော လက္ခဏာတစ်ခုခုနဲ့ ဒွန်တွဲနေခဲ့မယ်ဆိုရင်လည်း ဆရာဝန်ထံကို သွားရောက်ပြသသင့်ပါတယ်။ အဲဒီလက္ခဏာတွေကတော့ ခါးနေရာတစ်ဝိုက်မှာပူခြင်း၊ နီခြင်း ဒါမှမဟုတ် ရောင်ရမ်းခြင်း၊ နာကျင်မှုဟာ ခြေသလုံးနဲ့ ဒူးခေါင်းနောက်ပိုင်းအထိ ဆင်းသွားခြင်း၊ ခြေသလုံးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ ထုံကျင်မှု ဒါမှမဟုတ် အားနည်းမှုရှိခြင်း၊ ဆီးမထိန်းနိုင်ခြင်း ဒါမှမဟုတ် ဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ခါးနာတာဟာ ကြာသင့်တာထက်ပိုလို့ အကြာကြီး ခံစားနေရမယ်ဆိုရင် ဒါမှမဟုတ် ခါးနာခြင်းဟာ တခြားအကြောင်းအချက် တွေရှိလိမ့်မယ်လို့ ဆရာဝန်က သံသယရှိမယ်ဆိုရင် ထပ်မံစမ်းသပ် စစ်ဆေးမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။

        ဘာတွေ ပြုလုပ်လေ့ရှိသလဲဆိုတော့ ဓာတ်မှန်ရိုက်လေ့ရှိပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ခြင်းအားဖြင့်ကျောရိုးရဲ့စုတ်ပြဲမှု၊ ပျက်စီးမှုနဲ့ အရိုးကျိုးခြင်း၊ အက်ခြင်းများကို တွေ့ရနိုင်ပါတယ်။ ပြီးတော့ သွေးစစ်ဆေးခြင်းပေါ့။ သွေးစစ်ဆေးခြင်းဟာ နာကျင်မှုရဲ့ တိကျတဲ့ အကြောင်းရင်းတွေကို သတ်မှတ်ပေးနိုင်ပါတယ်။ (ဥပမာအားဖြင့် ပိုးဝင်ခြင်း၊ အကျိတ်ဖု၊ အဆစ်အမြစ်ရောင်ရောဂါတွေ စသဖြင့်ပေါ့။) ဒါ့အပြင် ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်စက်ကွင်းဓာတ်မှန်များ (CT and MRI Scans) တို့လည်း ရိုက်နိုင်ပါတယ်။ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်စက်ကွင်းဓာတ်မှန်တို့ဟာ အရိုးနဲ့ အရိုးရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ တစ်သျှူးများရဲ့ အသေးစိတ်ရုပ်ပုံများကို သိစေနိုင်ပါတယ်။

        ခါးနာခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အားကစားနည်းတွေက သိမ်သိမ်မွေ့မွေ့ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းများ (ဥပမာ- ချိကုန်း၊ ထိုင်ချိ)၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း(ရေကူးခြင်းဟာ ခန္ဓာကိုယ်ကို ရေနဲ့အထောက်အကူပေးထားပြီး ကြွက်သားများကို သန်စွမ်းစေတာကြောင့် ရေကူးခြင်းဟာ အလွန်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။)

        ခါးနာခြင်းအတွက် မသင့်တော်တဲ့ အားကစားနည်းတွေကတော့ ရွရွပြေးခြင်း၊ ဘောလုံးကစားခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ကျွမ်းဘားကစားခြင်း၊ အလေးမခြင်းတို့ ဖြစ်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၄)

No comments:

Popular Posts