မောင်ငြိမ်းအောင် (တန့်ဆည်)
အရင်တလောက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ခြံစိုက်ပျိုးတဲ့တောင်သူတစ်ဦးက စာရေးသူဆီ ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့ သူ့မှာ မချစ်စုနဲ့ ရင်ကွဲသရက်ခြံ လေးဧကရှိပါတယ်။ အဲဒီသရက်ခြံရဲ့ ခြံစည်းတွေမှာ ဗမာပိန္နဲအိမ်မာမျိုး မျိုးကောင်းတာနဲ့ အပင် ၅ဝ လောက် စိုက်ပျိုးထားပါတယ်။ အပင်သက်တမ်း ၁၅ နှစ်ကျော်လာပေမယ့် ပိန္နဲသီးအသီးကောင်းကောင်း မသီးလို့ ဆရာ့ဆီ ဖုန်းဆက်အကြံဉာဏ်တောင်းခံတာပါလို့ ပြောပါတယ်။
ပိန္နဲပင်ဟာ နှစ်ရှည်သီးပင်ဖြစ်ပါတယ်။ ကိုင်းဆက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ သုံးနှစ်သားဆိုရင် အသီးစသီးပါတယ်။ စီးပွားဖြစ်တော့ မရနိုင်သေးပါဘူး။ အစေ့စိုက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ ၁၀ နှစ်ဆိုရင် အသီးစသီးပါတယ်။ များများတော့ မသီးနိုင်သေးပါဘူး။ ပိန္နဲသီးဟာလည်း သရက်ကဲ့သို့ ရာသီစာဖြစ်တဲ့အတွက် မြန်မာတွေရဲ့ ခံတွင်းမှာ ခုံခုံမင်မင် စွဲမက်စွာ စားသုံးတဲ့ အသီးတစ်မျိုးပါပဲ။ အနံ့မွှေးပြီး အရသာချိုလေးလေး၊ အသားလည်း နူးညံ့တော့ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။ ပိန္နဲပင်ကို မိမိအိမ်ခြံ၊ ဒါမှမဟုတ် လယ်ကွက် ခြံတဲကုန်းစတဲ့ မြေကွက်လပ်မှာ စိုက်ပျိုးထားမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တဲ့အပင် ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - i.imgur.com |
ဒါပေမဲ့ စိုက်တဲ့ ပိန္နဲပင်က အသီးသီးဖို့ အရေးကြီးပါတယ်။ အသီးမသီးရင်တော့ အချိန်ကုန်လူပန်းဖြစ်နေမှာ သေချာပါတယ်။ ပိန္နဲပင်ဟာ အကိုင်း၊ အခက်များက အသီးသီးတဲ့အပင်မျိုး မဟုတ်ပါ။ ပင်မပင်စည်မှ ဖူးတံထွက်ပြီး အသီးသီးတဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ပင်မပင်စည်ကနေ အပွင့်ဖူးထွက်အောင် ဖန်တီးပေးဖို့လိုပါတယ်။
အချို့ကတော့ ပိန္နဲပင်မပင်စည်အခြေမှာ ငါးပေမှ ခြောက်ပေလောက်မှာ ပင်စည်ကိုပတ်ပြီး ဓားနဲ့ထစ်ပြီး ပိန္နဲပွင့်ဖူးထွက်အောင်လုပ်တဲ့ နည်းပညာကို အသုံးပြုကြပါတယ်။ ဒီနည်းပညာဟာလည်း နှစ်စဉ် ဓားနဲ့ထစ်ပါများလာတော့ အပင်နာပြီး သေလွယ်တယ်လို့ သိရပါတယ်။
နောက် ယခုခေတ်ပေါ် နောက်တစ်နည်းကတော့ ပိန္နဲပင်စည်အပင်ခြေမှ အမြင့် ငါးပေ ခြောက်ပေလောက်မှာ ပင်စည်ပတ်ပတ်လည် သစ်သားသပ်ရိုက်သွင်းတဲ့ နည်းစနစ်ပါပဲ။ ဒီနည်းဟာ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတာ တွေ့ရပါတယ်။ ပိန္နဲပင်သက်တမ်းဟာ အနည်းဆုံး ၁၀ နှစ်ရှိပါတယ်။ ပင်စည်လုံးပတ်အချင်း ရှစ်လက်မမှ ၁၀ လက်မကျော်ခန့်ရှိဖို့ လိုပါတယ်။ သပ်ရိုက်တဲ့ရာသီကတော့ မိုးဦးကျ မိုးစရွာတဲ့ မေ၊ ဇွန်လမှာ ပိန္နဲပင် သပ်ရိုက်သွင်းရပါမယ်။ ပိန္နဲပင်ကို သပ်ရိုက်မသွင်းမီမှာ အပင်ကို နွားချေး၊ မြေဆွေးနဲ့ ၁၅:၁၅:၁၅ အချိုး ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်ဓာတ်မြေဩဇာကို တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်းရောပြီး နှစ်ပတ်ကြိုတင် အစာကျွေးထားဖို့ လိုပါတယ်။ ရိုက်သွင်းမဲ့သပ်ကို အသားမာတဲ့ (မဆွေးသွားနိုင်တဲ့) ပျဉ်းကတိုးသစ်လို သစ်မာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သပ်အရွယ်အစားကတော့ အရှည် သုံးလက်မခန့်၊ အလုံး ဝါးတူခန့် (ထမင်း၊ ဟင်းစားတဲ့တူ) ပြုလုပ်ပြီး ထိပ်တစ်ဖက်ကို ချွန်ပေးရပါ့မယ်။ ၎င်းချွန်ထားတဲ့ သပ်ချောင်းလေးများကို ပိန္နဲပင်အခြေမှ ငါးပေမှ ခြောက်ပေခန့်အမြင့်မှာ သပ်တစ်ချောင်းနဲ့ တစ်ချောင်းရှစ်လက်မမှ ၁၀ လက်မခန့် ခွာပြီး ကျပန်း ရိုက်သွင်းရပါ့မယ်။ ပိန္နဲတစ်ပင်ကို အနည်းဆုံး ခြောက်ချောင်းမှ ရှစ်ချောင်းအထိ ရိုက်သွင်းနိုင်ပါတယ်။ သပ်ကို ရိုက်သွင်းတဲ့အခါမှာ သပ်ရဲ့ အရှည်အားလုံး ပင်စည်ထဲထိ မြုပ်သွားအောင် ရိုက်သွင်းဖို့ လိုပါတယ်။
ရိုက်တဲ့ကိရိယာ (တူ သို့မဟုတ် လက်ရိုက်တုတ်) နဲ့ ပင်စည်ထိပြီး အခေါက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရိုက်သွင်းဖို့ လိုပါတယ်။ ပင်စည်အခေါက်ဒဏ်ရာရရင် အဲဒီနေရာကနေ ရေဝင်ပြီး အခေါက်ပုပ်သွားနိုင်ပါတယ်။ ဒီပိန္နဲပင်စည်ကို သပ်ရိုက်ထားပြီး နှစ်ပတ်ကြာလာရင် သပ်ရိုက်ထားတဲ့ဝန်းကျင်ပင်စည်ကနေ အဖူးအစို့များထွက်လာပြီး အပွင့်ပွင့်၊ အသီးသီးမှာ ဖြစ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂)
No comments:
Post a Comment