နေဝင်းလွင်(မွေး/ကု)
တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် အရေးကြီးသော အချက်တစ်ခုမှာ မွေးမြူထားသော တိရစ္ဆာန်တို့၏ သက်သာချောင်ချိစွာနေထိုင်ရမှုပင်ဖြစ်၍ ပုံမှန်အမူအကျင့်များနှင့် ပုံမှန်မဟုတ်သည့်အမူအကျင့်တို့အား ကြည့်ရှုလေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။ ဝက်တို့၏ ကိုယ်ခန္ဓာတည်ဆောက်ပုံအရ ဝက်တို့၏ မျက်လုံးများသည် လူတို့၏ မျက်လုံးများထက် လုပ်ငန်းလုပ်ဆောင်မှု ပို၍များပြားပါသည်။ အလင်းရောင်ခံစားမှုနှင့်ပတ်သက်၍ အပြာရောင်နှင့် စိမ်းဝါရောင်များသည် ဝက်များအတွက် ပိုမိုခံစားလွယ်သောအရောင်များဖြစ်ပါသည်။ ဝက်များသည် အလင်းရောင်ရရှိသည့် နေရာများအား၊ မှောင်မဲသည့်နေရာများထက် ပိုမိုကြိုက်နှစ်သက်ကြပါသည်။ ထို့ကြောင့် ဝက်များအား အရွှေ့အပြောင်းပြုလုပ်ရာတွင် အလင်းရောင်ရရှိသည့်နေရာများတွင် ပြုလုပ်ပါက ပိုမိုလွယ်ကူပါသည်။
အာရုံခံစားမှုနှင့်ပတ်သက်၍ နို့တိုက်ဝက်မများသည် ၄င်းတို့၏ ဝက်ကလေးများအား အနံ့ခံ၍ လွယ်ကူစွာ မှတ်မိသကဲ့သို့ နို့စို့ဝက်ကလေးများမှလည်း ၄င်းတို့၏မိခင်ဝက်မကြီးရှိသည့်နေရာအား အနံ့ခံ၍ သိရှိကြပါသည်။ အမြင်အာရုံခံစားမှုနှင့်ပတ်သက်၍ ဝက်ကလေးများသည် မိခင်ဝက်မကြီး၏မျက်နှာအား ၄င်းတို့၏ အသက် ခုနစ်ရက်သားအရွယ်တွင် မှတ်မိတတ်ကြပါသည်။
ဝက်များတွင် အရသာခံစားမှုအနေဖြင့် လူများနှင့်တူ၏။ အချို၊ အချဉ်၊ အငန်နှင့် အခါးစသော အရသာများအား ခွဲခြားပြီး ခံစားတတ်၍ ချိုသောအရသာအား ချဉ်သောအရသာထက် ပို၍ကြိုက်နှစ်သက်ပြီး ခါးသောအရသာအား ငြင်းပယ်လေ့ရှိကြပါသည်။ ထို့ပြင် ချိုသောအနံ့၊ အသားအနံ့၊ ဒိန်ခဲအနံ့ စသော အနံ့များသည် ဝက်တို့ကြိုက်နှစ်သက်သောအနံ့များ ဖြစ်ပါသည်။ ထို့ကြောင့် ဝက်ကလေးများ နို့ခွဲပြီး အစာစ၍စားသောအချိန်တွင် အစာများများစားရန် မြှူဆွယ်သည့်အနေဖြင့် ၄င်းအနံ့များပါသော အစာများကို ကျွေးမွေးရန် လိုပါသည်။
နို့တိုက်ဝက်မကြီးများအနေဖြင့် ၎င်း၏ ဝက်ကလေးများအား နို့တိုက်ရန် အဆင်သင့်ဖြစ်သည့်အချိန်တွင် တိုတောင်း၍ နိမ့်သောအသံအား လည်ချောင်းတွင်းမှ မကြာခဏ ပြုလုပ်၍ ဝက်ကလေးများအား ခေါ်ယူလေ့ရှိပါသည်။ ထို့ပြင် ဝက်ကလေးများ၏ အထိတ်တလန့်အော်သံကြားပါကလည်း ဝက်မကြီးများမှ တုံ့ပြန်တတ်ပါသည်။
သာမန်အချိန်တွင် လွှတ်ကျောင်းဝက်မွေးမြူရေးစနစ်၌ ဝက်တို့သည် ၄င်းတို့အချိန်၏ ၅၅ ရာခိုင်နှုန်းအား အစားအစာရှာဖွေစားသောက်မှုအတွက် အချိန်ကုန်စေပါသည်။ ဝက်များသည် အစာစားသောအခါ ပုံမှန်အားဖြင့် တစ်နေ့လျှင် ၂၅ ကြိမ်ခန့် စားတတ်ကြ၍ ဝက်ကလေးများမှာမူ ဝက်ကြီးများထက် အစာစားသည့်ကြိမ်ရေ ပို၍များပါသည်။ နို့တိုက်ဝက်မကြီးများမှာမူ တစ်နေ့လျှင် အကြိမ် ၂ဝ မှ ၂၅ ကြိမ်အထိ စားသောက်တတ်ကြပါသည်။ ဝက်များ အစာစားသောက်ရာတွင် စားသောက်ချင်စိတ်မရှိသော ဝက်များရှိပါက အစာစားရာတွင် လောဘကြီးသော ဝက်များ၏အနားတွင် ထားပေးခြင်းဖြင့် အစာစားမှု များပြားလာစေရန် ပြုလုပ်ပေးရပါသည်။
![]() |
ဓာတ်ပုံ - nepork |
ဝက်များ ရေသောက်ရာတွင် ဝက်များသည် အစာစားပြီးသည့်နောက် ၁ဝ မိနစ်အတွင်း ရေသောက်ပေးလေ့ရှိကြပါသည်။ ဝက်များ၏ ရေသောက်သည့်ကြိမ်ရေသည် အစာစားသည့်ကြိမ်ရေအတိုင်း ဖြစ်ပါသည်။
ဝက်တို့သည် ဝက်ခြံအတွင်းတွင် နေထိုင်ရာ၌ များသောအားဖြင့် လဲလျောင်း၍နေတတ်ကြပါသည်။ အသားတိုးဝက်များတွင် အသားတိုးချိန်ကုန်ဆုံးပါက ၄င်းတို့၏ တစ်နေ့တာအချိန် ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအား လဲလျောင်းနေတတ်ကြပါသည်။ ပတ်ဝန်းကျင်အပူချိန်နိမ့်သောအချိန်များတွင် ဝက်များသည် မှောက်လျက်အနေအထားဖြင့် လဲလျောင်းတတ်ကြ၍ ပတ်ဝန်းကျင်အပူချိန်အပြင် ဖျားချိန်များတွင် ဘေးတိုက်လှဲ၍ ခြေများလက်များအား ဆန့်တန်းကာ နေတတ်ကြသည်။
ဝက်မများ ကလေးမွေးမြူရာတွင် ပျမ်းမျှအားဖြင့် နှစ်နာရီမှလေးနာရီအထိ ကြာမြင့်တတ်၍ ဝက်ကလေးတစ်ကောင်နှင့် တစ်ကောင်အကြား ၁၅ မိနစ်မှ မိနစ် ၂ဝ ခြား၍ မွေးတတ်ပါသည်။ ဝက်ကလေးများ မွေးဖွားချိန်တွင် များသောအားဖြင့် ဘေးတိုက်လဲလျောင်း၍ နေတတ်ပါသည်။ ဝက်ကလေးများအနေဖြင့် မွေးဖွားပြီး မိနစ်အနည်းငယ်အတွင်း မတ်တတ်ရပ်နိုင်ကြပြီး ၄၅ မိနစ်အတွင်း နို့သောက်နို့စို့နိုင်ကြပါသည်။ နောက်ဆုံးမွေးဖွားသော ဝက်ကလေးများအနေဖြင့် အားနည်းသော ဝက်ကလေးများဖြစ်တတ်၍ နို့ကိုလည်း နောက်ဆုံးမှ သောက်စို့ရ၍ နို့ဦးရည်ရရှိမှုနည်းပြီး နို့ထွက်အနည်းဆုံး နို့သီးတိုင်အား ရရှိတတ်ပါသည်။ ထို့ပြင် နောက်ဆုံးမွေးသောဝက်ကလေးများအနေဖြင့် အသေမွေးဖွားသော ဝက်ကလေးများ ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံတွင်အချင်းကြိုးများ ရစ်ပတ်၍ မွေးဖွားလာတတ်ပါသည်။
ဝက်ကလေးများအား နို့တိုက်ရာတွင် တစ်ခါနို့တိုက်ပါက အချိန်သုံးမိနစ်ခန့် ကြာမြင့်ပြီး ကြိမ်ရေများစွာ နို့တိုက်ပါသည်။ ဝက်မကြီးများ နို့ပေးချိန်မှာ ၂ဝစက္ကန့်မှ ၃ဝ စက္ကန့်မျှသာဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် ဝက်ကလေးတစ်ကောင်လျှင် နို့တစ်ကြိမ်သောက်စို့ရပါက နို့ရည် ၂ဝ စီစီခန့် သောက်စို့ရပါသည်။
ဝက်များသည် အညစ်အကြေးစွန့်ရာတွင် အေး၍မှောင်သောနေရာများအား ကြိုက်နှစ်သက်ကြပြီး နွေး၍ခြောက်သွေ့သောနေရာများတွင် လဲလျောင်းနေရသည်ကို ကြိုက်နှစ်သက်ကြပါသည်။ ဝက်များသည် အညစ်အကြေးစွန့်ရာတွင်လည်းကောင်း၊ ရေသောက်ရာတွင်လည်းကောင်း၊ တစ်ကောင်နှင့်တစ်ကောင် အနားကပ်၍ ပြုလုပ်တတ်ကြပါသည်။ ဝက်များသည် အညစ်အကြေးစွန့်ရာတွင် အခန်းထောင့်များ၊ နံရံများအနီးတွင် အညစ်အကြေးစွန့်တတ်ကြပါသည်။
ဝက်များ၏ ပုံမှန်မဟုတ်သည့် အမူအကျင့်များအနေဖြင့် တစ်ကောင်နှင့်တစ်ကောင် အမြီးကိုက်ခြင်းများပင် ဖြစ်ပါသည်။ အမြီးကိုက်ခြင်းသည် ဇာတ်တူသားစားသည့် အလေ့အကျင့်၏ သဏ္ဌာန်လက္ခဏာပင် ဖြစ်ပါသည်။ ဝက်များ တစ်ကောင်နှင့် တစ်ကောင် အမြီးကိုက်ရသည့် အကြောင်းရင်းများအား ကြည့်ပါက ကျွေးမွေးသည့်အစာတွင် အာဟာရချို့တဲ့မှု၊ နေမှုထိုင်မှုမသက်မသာဖြစ်ရမှု၊ လေစိမ်းများတိုက်ခတ်ခံရမှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်နှင့် အမိုးနီးယားဓာတ်ငွေအနံ့များရရှိမှု၊ အစာခွက်ရေခွက်များ မလုံလောက်မှုနှင့်ကျပ်တည်းစွာနေထိုင်ရမှုတို့ကြောင့် ဖြစ်သည်။
သို့ဖြစ်ပါ၍ ဝက်မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ဝက်တို့၏ ပုံမှန်အမူအကျင့်များ၊ ပုံမှန်မဟုတ်သည့် အမူအကျင့်များအား ကြည့်ရှုလေ့လာခြင်းအားဖြင့် ၎င်းတို့တွင် လိုအပ်လျက်ရှိသော သက်သာချောင်ချိမှုများအား ဖန်တီးပေးနိုင်ခြင်းဖြင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုများအား မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များ၏ ဝက်မွေးမြူရေးဆိုင်ရာ သုတေသနပြုလုပ်မှုတို့၏ လေ့လာတွေ့ရှိချက်များအား စုစည်းရေးသားတင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၆)
No comments:
Post a Comment