လယ်တွင်းသားစောချစ်
ဧည့်သည်
နှစ်သစ်မှာ ပညာသင်ကြားမှု အရှိန်ကောင်းနေပါပြီ။ ကျောင်းသားသစ်များ တိုး၍ တိုးချဲ့ဆောင်မှာ ကျောင်းသားများနှင့်အပြည့် ဖြစ်သည်။ ထိုင်ခုံနှင့် ကျောင်းသား ညီမျှအောင်ပေးနိုင်ပါသည်။
ဝါဆိုသင်္ကန်းကပ်ပြီးနောက် နောက်တစ်ပတ်တွင် ကျွန်တော် သတ္တမတန်းမှာ စာသင်နေစဉ် အငယ်တန်းမှ ကလေးတစ်ယောက်က သတင်းပေးသွားသည်။
‘‘ဆရာကြီး ဧည့်သည်လာတယ်’’
ကျွန်တော် ကျောင်းရှေ့ဆီ လှမ်းကြည့်လိုက်သည်။ မှန်ပါသည်။ ဧည့်သည်တစ်ယောက် လာနေသည်။ ကလေးများကို သင်နေသည့်စာ ကြည့်ထားရန် မှာကြားပြီး ရုံးခန်းသို့ သွားရသည်။
‘‘ထိုင်ပါခင်ဗျ’’
ကျွန်တော်က ကျောင်းအုပ်နေရာမှာ ထိုင်၍ ဧည့်သည်ကို ကျွန်တော့်ရှေ့မှ ခုံမှာ အထိုင်ခိုင်းလိုက်သည်။ ဧည့်သည်က ကျွန်တော့်ကို ကြည့်၍ ပြုံးပြီး ကွမ်းလေးမြုံ့နေသည်။
‘‘ကျွန်တော် ဘာအကူအညီ ပေးရမလဲခင်ဗျ’’
ကျွန်တော်လေးလေးစားစား မေးပါသည်။
‘‘ဘာအကူအညီမှ ပေးစရာမလိုပါဘူး’’
ဧည့်သည်က ပြုံးလျက် -
သေချာသည်။ ကျောင်းသားအပ်မည့် မိဘဖြစ်ရမည်။ ကျွန်တော်အပိုင် တွက်လိုက်သည်။
‘‘ဒါဆိုရင် ဘာကိစ္စများရှိပါသလဲ ခင်ဗျ’’
‘‘ဘာကိစ္စမှ မရှိပါဘူး’’
ဧည့်သည်က ကွမ်းမြုံ့ရင်း ကျွန်တော့်ကိုကြည့်၍ ပြုံးနေသည်။ ဘာမှလည်း ဆက်မပြောပါ။
‘‘ဒီလူ စိတ်မှ နှံ့ရဲ့လား’
ကျွန်တော်သံသယ ဖြစ်မိသည်။
‘‘ဘာမှ ကိစ္စမရှိရင်လည်း ကျွန်တော် ကလေးတွေကို စာသွားသင်ပါရစေ’’
‘‘သင်တာပေ့ါ ခဏထိုင်ပါဦး''
ဧည့်သည်ပြောသော စကားအတွက် ကျွန်တော်အံ့အားသင့်မိပါသည်။ သူ့လေသံက အပေါ်စီးမဟုတ်သော်လည်း သြဇာရှိသော လူကြီးတစ်ယောက်၏အသံ။
သို့သော် ကျွန်တော်သိပါသည်။ သူသည် တိုင်းပညာဝန်လည်း မဟုတ်။ ခရိုင်ပညာဝန်လည်း မဟုတ်။ ကျွန်တော့်ကို စစ်ခွင့်ရှိသူမှာ တိုင်းပညာဝန်နှင့် ခရိုင်ပညာဝန်သာ ဖြစ်သည်။
သူက ကျွန်တော့်ကို ကြည့်၍ ပြုံးရင်းမှ ဆက်ပြောသည်။
‘‘ကျွန်တော့်ကို တိုင်းပညာဝန်နဲ့ ခရိုင်ပညာဝန်က လွှတ်လိုက်တာပါ...။ ဆရာ့နာမည်ကိုလည်း ပြောလိုက်ပါတယ်။ အဲဒီကျောင်းကိုသွား။ အဲဒီဆရာလေး ခိုင်းတာလုပ်ချေလို့လည်း မှာလိုက်ပါတယ်။ ကျွန်တော်က ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ရှင်ပါ’’
‘‘ခင်ဗျာ’’
ကျွန်တော် အလျင်အမြန် မတ်တပ်ရပ်လိုက်မိသည်။ ကျွန်တော်၏ ကျောင်းအုပ်ဆရာကြီးကို ဝမ်းသာအားရကြည့်မိသည်။ တိုင်းပညာဝန်နှင့် ခရိုင်ပညာဝန် မှာလိုက်သည်ဆိုသော စကားကိုတော့ ကျွန်တော် သဘောမကျပါ။ အကယ်၍ ဆရာကြီးသာ မာန်မာနထောင်လွှား စိတ်ထားမကောင်းသူဆိုလျှင် ကျွန်တော့်အပေါ် ရန်လိုစိတ်ပင် ဖြစ်နိုင်သည်။
‘‘ငါက အလယ်တန်းပြဆရာခိုင်းတာ ဘာလို့လုပ်ရမှာတုန်း။ သိကြသေးတာပေ့ါ။ ရောက်ရောက်ချင်း အညွန့်ကျိုးအောင် ချိုးထားရမယ်’’ဟု မောင်းတင်လာလိမ့်မည်။
ခုတော့ စိတ်ထားကောင်းသော ဆရာကြီးက တိုင်းပညာဝန်နှင့် ခရိုင်ပညာဝန်ပြောလိုက်သည့်အတိုင်းပင် ကျွန်တော့်ကို ပြန်ပြောနေသေးသည်။ မျက်နှာကလည်း ပြုံးလျက်ကြည်လျက်။
‘‘မဟုတ်ရပါဘူး ဆရာရယ်။ ကျွန်တော်က ကျွန်တော့်ကျောင်းအုပ်ဆရာကြီးကို မျှော်နေတာပါ။ ဝမ်းသာလိုက်တာ။ ဆရာကြီး ဒီဘက်မှာ လာထိုင်ပါခင်ဗျ’’
ကျွန်တော်ကျောင်းအုပ်ဆရာကြီးနေရာမှ ဖယ်ပေးလိုက်ပါသည်။
‘‘မဟုတ်ပါဘူး... မဟုတ်ပါဘူးဆရာ။ အဲဒီနေရာမှာ ဆက်ထိုင်ပါ။ ဆရာ အခုလုပ်တဲ့အတိုင်း ဆက်လုပ်ပါ။ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာလည်း ပြောပါ’’
ဆရာကြီးသည် အလွန်စိတ်သဘောထားပြည့်ဝသည့် နှိမ့်ချသူဖြစ်ပါသည်။ ဆရာကြီးနှင့် တွေ့ရဆုံရသည်မှာ ကျွန်တော့်အတွက် ကုသိုလ်ကံထူးလှသည်ဟုဝမ်းသာမိသည်။
‘‘ဆရာကြီး ဒီနေရာမှာထိုင်ပါ။ ကျွန်တော် အခုလုပ်တဲ့အတိုင်း အကုန်လုပ်ပါ့မယ်။ ဆရာကြီးခိုင်းတာတွေလည်း လုပ်ပါ့မယ်။ ကျောင်းအုပ်မဟုတ်ဘဲနဲ့ ကျောင်းအုပ်လို့ လိမ်ညာပြောနေရတဲ့ မုသာဝါဒက လွတ်သွားတာကိုပဲ ဝမ်းသာလွန်းလို့ပါ။ တကယ်တော့ ရုံးလုပ်ငန်းတွေနဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေကို ကျွန်တော်မလုပ်တတ်ပါဘူး။ ခုထိ ကျောက်မီးကျောင်းအနေနဲ့ ငွေစာရင်း မထွက်သေးပါဘူး’’
ဆရာကြီးကို ပြောပြနေရာမှ လေးတန်းခန်းမှ ကလေးတစ်ယောက် ဖြတ်သွားသည်ကို လှမ်းခေါ်ပြီး စာတိုတစ်စောင်ရေးပေးလိုက်သည်။
‘‘ဦးသေးတာ မနက်ဖြန်ခါ ၁ဝ နာရီအရောက် လက်တန်းပါတဲ့ ကြိမ်ထိုးကုလားထိုင်တစ်လုံး လှူပါ’’ဟူ၍ ဖြစ်သည်။
ကျွန်တော်ထိုင်နေသော ကုလားထိုင်မှာ လက်တန်းမရှိပါ။ ကြိမ်ထိုးလည်း မဟုတ်ပါ။ သစ်သားကုလားထိုင်ရိုးရိုးသာ ဖြစ်သည်။ ကျွန်တော်က တကယ်ကျောင်းအုပ်ဆရာကြီးမဟုတ်။
ယခု ရောက်ရှိလာသည့် ကျောင်းအုပ်ဆရာကြီးကို ကျွန်တော်ထိုင်သော ခုံနှင့် ထိုင်ခွင့်မပြုနိုင်ပါ။ကျောင်းအုပ်ဆရာကြီးကို ကျွန်တော် ဆောင်ရွက်ထားသည်များအားလုံး အစီရင်ခံတင်ပြသည်။ ကျောင်းလက်ရှိ အခြေအနေနှင့် ဆောင်ရွက်ခဲ့ရသောအခက်အခဲများကို ရှင်းပြသည်။
ဆရာကြီးက စိတ်ပါဝင်စားစွာ နားထောင်ပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၆)
No comments:
Post a Comment