အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက စတင်အခြေတည်လာခဲ့တာ ရှစ်လနီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတော်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ကုသရင်း နောက်ဆက်တွဲရိုက်ခတ်လာမယ့် စီးပွားရေးထိခိုက်ကျဆင်းမှုကိုလည်း ခုသာခံသာရှိအောင်တစ်ပြိုင်တည်း စံမီဆောင်ရွက်ခဲ့ပါတယ်။ ဒီလို စီမံဆောင်ရွက်တဲ့အခါမှာ နိုင်ငံရဲ့ စီးပွားရေးကို အဓိကကိုင်လှုပ်နိုင်မယ့် လယ်ယာကဏ္ဍအတွက် အစီအမံတွေလည်း ပါဝင်ပါတယ်။ လယ်ယာကဏ္ဍ စီးပွားရေးကုစားမှုအစီအမံများကို ဆောင်ရွက်တဲ့နေရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ ကုစားရမယ့်အစီအစဉ်များရော၊ ကိုဗစ်-၁၉ ကပ်ရောဂါပြီးဆုံးသွားမယ့်ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်ရမယ့် အစီအစဉ်များကိုပါကြိုတင်ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လယ်ယာကဏ္ဍစီးပွားရေးကုစားမှုအစီအစဉ်မှာ သီးနှံအုပ်စုများဖြစ်တဲ့ နှံစားသီးနှံအုပ်စု၊ ဆီထွက်သီးနှံအုပ်စု၊ ပဲမျိုးစုံသီးနှံအုပ်စု၊ စက်မှုသီးနှံအုပ်စု၊ စားဖိုဆောင်သီးနှံအုပ်စု၊ သစ်သီးဝလံအုပ်စု၊ အခြားသီးနှံအုပ်စုများရဲ့ စိုက်ဧကနဲ့ အထွက်နှုန်းကို ပုံမှန်ထိန်းထားနိုင်ပြီး သီးနှံစိုက်စွမ်းအားကို ၁၅၉ ဒသမ ၆ ရာခိုင်နှုန်းထက် မကျအောင် စွမ်းဆောင်ထားနိုင်အောင် ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။
၂၀၁၅-၂၀၁၆ ခုနှစ် စာရင်းအရ နှံစားသီးနှံအုပ်စုကို ဟက်တာသန်းပေါင်း ၈ ဒသမ ၄ သန်း၊ ဆီထွက်သီးနှံအုပ်စုကို ဟက်တာသန်းပေါင်း ၃ ဒသမ ၅ သန်း၊ ပဲမျိုးစုံအုပ်စုကို ဟက်တာသန်းပေါင်း ၄ ဒသမ ၇ သန်း၊ စက်မှုသီးနှံအုပ်စုကို ဟက်တာသိန်းပေါင်း ၃ ဒသမ ၅ သိန်း၊ သစ်သီးဝလံနဲ့ အခြားအုပ်စုကို ဟက်တာသန်းပေါင်း ၃ ဒသမ ၂ သန်း စိုက်ပျိုးလျက်ရှိတာ တွေ့ရပါတယ်။ ဆန်စပါးကိုကြည့်ရင် ဟက်တာသန်းပေါင်း ၇ ဒသမ ၂ သန်းကျော်၊ မတ်ပဲကို ဟက်တာသန်းပေါင်း ၁ ဒသမ ၁၃ သန်းကျော်၊ ပဲတီစိမ်းကို ဟက်တာသန်းပေါင်း ၁ ဒသမ ၂ သန်းကျော်၊ ပဲစင်းငုံကို ဟက်တာသိန်းပေါင်း ၆ ဒသမ ၅ သိန်းကျော်၊ မြေပဲကို ဟက်တာသိန်းပေါင်း ၉ ဒသမ ၆ သိန်းကျော်၊ နေကြာကို ဟက်တာသိန်းပေါင်း ၄ ဒသမ ၇ သိန်းကျော်၊ နှမ်းကို ဟက်တာသန်းပေါင်း ၁ ဒသမ ၆ သန်းကျော်၊ ကြံကို ဟက်တာသိန်းပေါင်း ၁ ဒသမ ၆ သိန်းကျော် စိုက်ပျိုးလျက် ရှိပါတယ်။
ယခုနှစ် စက်တင်ဘာလကုန်ထိ မိုးစပါးစိုက်ဧကမှာ ယခင်နှစ်မိုးစပါးစိုက်ဧကထက် ဧက ၁ ဒသမ ၅ သန်းကျော် လိုအပ်နေသေးတာဖြစ်ပါတယ်။ မိုးစပါးရာသီကို အောက်တိုဘာလကုန်ဆိုရင် ယခင်နှစ်စိုက်ဧကကို ပြည့်မီသွားနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောပြပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးသက်ဇင်မောင်ကတော့ နိုင်ငံတော်က စပါးစိုက်ပျိုးတဲ့တောင်သူလယ်သမားများကို စိုက်ပျိုးရေးဘဏ်က တစ်ဧကစိုက်ပျိုးစရိတ် ပုံမှန် တစ်သိန်းခွဲအပြင် ကိုဗစ်အထူးအတွက် တစ်ဧက ငါးသောင်း ထပ်ဆောင်းကူညီပေးထားတဲ့အတွက် ဓာတ်မြေဩဇာများ အသုံးပြုနိုင်ပြီး စပါးတစ်ဧကအထွက်နှုန်းကို ယခင်နှစ်တွေကအတိုင်း ထိန်းထားနိုင်မယ်လို့ ဆိုပါတယ်။
ဆန်ပြည်ပတင်ပို့မှုမှာ မနှစ်က ရာသီကုန်ဆန်တန်ချိန် သန်းပေါင်း ၂ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့ရာ ယခုနှစ်မှာလည်း မနှစ်ကထက်ကျော်လွန်တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားတဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့လည်း နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်များနဲ့ ညှိနှိုင်းပြီး ဆန်စပါးရာသီသစ် စပါးပေါ်ချိန်မှာ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ ပြည်ပဆန်တင်ပို့မှု၊ ရန်ကုန်သို့ ဆန်ဝင်ရောက်မှု၊ စျေးကွက်တည်ငြိမ်မှုများရရှိအောင် စွမ်းဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လာမယ့် စပါးပေါ်ချိန်မှာ ဧည့်မထ စပါးတင်း (၁၀၀) အခြေခံစျေးနှုန်းကို အောက်တိုဘာလအတွင်း နိုင်ငံတော်ကထုတ်ပြန်ပေးသွားရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆန်စပါးစျေးတည်ငြိမ်နေစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ပဲမျိုးစုံသီးနှံဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ပြည်ပတင်ပို့မှု ပုံမှန်ရရှိစေရန်အတွက် သက်ဆိုင်ရာနိုင်ငံများနဲ့ ကြိုတင်ကမ်းလှမ်း စီမံဆောင်ရွက်လျက်ရှိပါတယ်။ ပဲနှမ်းကုန်သည်များအသင်းကတော့ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းသီးနှံ ပြည်ပတင်ပို့မှုဟာ ယခင်ကအတိုင်း ပုံမှန်တင်ပို့နိုင်ရန် စွမ်းဆောင်ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။ အလားအလာကောင်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ ယခုနှစ်မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းသီးနှံများကို ပြည်ပတင်ပို့ဖို့ စံချိန်စံညွှန်းမီစေရန် GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ခြင်းများကို ကိုဗစ်-၁၉ ကာလ အထူးပံ့ပိုးမှုအစီအစဉ်များနဲ့ ဆောင်ရွက်ရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ကိုဗစ်-၁၉ ကာလ လယ်ယာကဏ္ဍ စီးပွားရေးကုစားမှုအစီအစဉ်မှာ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူပြီး (၁) ကမ္ဘာ့ဘဏ်အထောက်အပံ့နဲ့ စပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ရေးအစီအစဉ်၊ (၂) ကမ္ဘာ့ဘဏ်အကူအညီနဲ့ သီးနှံထုတ်လုပ်မှု ကွင်းဆက်တိုးတက်မြင့်မားရေးအစီအစဉ်များ စတဲ့ အစီအမံများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - MOI.gov.mm |
စပါးမျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးအစီအစဉ်မှာ (၁) လိုအပ်တဲ့စပါးမျိုးများကို လိုသလောက် လွယ်လွယ်ကူကူ အချိန်မီဖြန့်ဖြူးပေးနိုင်ရေး၊ (၂) ကိုဗစ်-၁၉ ကာလအတွင်း လယ်သမားကြီးများ စီးပွားရေးကျပ်တည်းမှုကို ကုစားနိုင်ရေး၊ (၃) အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။
ဒီစီမံကိန်းဧရိယာကတော့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်း ၁၅ ခု၊ မြို့နယ်ပေါင်း ၃၀၉ မြို့နယ်၊ ဧကပေါင်း တစ်သိန်းဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဆောင်ရွက်နိုင်တဲ့ စိုက်ဧကကတော့ နေပြည်တော်မှာ ခရိုင် ၂ ခရိုင်၊ မြို့နယ် ၈ မြို့နယ်၊ စိုက်ဧက ၃၈၂၉ ဒသမ ၅၀ ဧက၊ ကချင်ပြည်နယ်မှာ ခရိုင် ၄ ခရိုင်၊ မြို့နယ် ၁၆ မြို့နယ်၊ စိုက်ဧက ၁၁၂၇ ဧက၊ ကယားပြည်နယ်မှာ ခရိုင် ၁ ခရိုင်၊ မြို့နယ် ၃ မြို့နယ်၊ စိုက်ဧက ၁၆၀၀ ဧက၊ ကရင်ပြည်နယ်မှာ ခရိုင် ၄ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ စိုက်ဧက ၇၆၀ ဧက၊ ချင်းပြည်နယ်မှာ ခရိုင် ၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်၊ စိုက်ဧက ၈၃ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ခရိုင် ၁၁ ခရိုင်၊ မြို့နယ် ၄၁ မြို့နယ်၊ စိုက်ဧက ၁၀၂၀၅ ဧက၊ တနင်္သာရီတိုင်းဒေသကြီးမှာ ခရိုင် ၃ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်၊ စိုက်ဧက ၁၁၄၀ ဧက၊ ပဲခူးတိုင်းဒေသကြီးမှာ ခရိုင် ၄ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်၊ စိုက်ဧက ၃၁၈၄၉ ဒသမ ၅၀ ဧက၊ မကွေးတိုင်းဒေ သကြီးမှာ ခရိုင် ၅ ခိုင်၊ မြို့နယ် ၂၆ မြို့နယ်၊ စိုက်ဧက ၉၁၄၄ ဒသမ ၅၀ ဧက၊ မန္တလေးတိုင်းဒေသကြီးမှာ ခရိုင် ၇ ခရိုင်၊ မြို့နယ် ၂၄ မြို့နယ်၊ စိုက်ဧက ၉၃၈၆ ဒသမ ၅၀ ဧက၊ မွန်ပြည်နယ်မှာ ခရိုင် ၂ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်၊ စိုက်ဧက ၈၆၀ ဧက၊ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခရိုင်၊ မြို့နယ် ၁၉ မြို့နယ်၊ စိုက်ဧက ၁၂၉၃ ဧက၊ ရန်ကုန်တိုင်းဒေသကြီးမှာ ခရိုင် ၂ ခရိုင်၊ မြို့နယ် ၁၉ မြို့နယ်၊ စိုက်ဧက ၅၉၂၉ ဧက၊ ရှမ်းပြည်နယ်မှာ ခရိုင် ၁၂ ခရိုင်၊ မြို့နယ် ၆၄မြို့နယ်၊ စိုက်ဧက ၄၃၁၈ ဧက၊ ဧရာဝတီတိုင်းဒေ သကြီးမှာ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်၊ စိုက်ဧက ၁၀၄၇၅ ဧကဖြစ်ပြီး စုစုပေါင်း မျိုးကောင်းမျိုးသန့် မျိုးထုတ်လုပ်တဲ့ ဧကတစ်သိန်း ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားများကို လယ်တစ်ဧကလျှင် စိုက်ပျိုးရေးဘဏ်မှာ ချေးငွေ နှစ်သိန်းအပြင် အထူးအထွက်တိုးမျိုးဖြစ်ပါက မြေယာပြုပြင်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ မျိုးစေ့အခြောက်လှန်းသန့်စင်ခြင်း၊ မျိုးစေ့ဖိုးအပါအဝင် ၁၄၈၅၀၀ ကျပ် အခမဲ့ကူညီပံ့ပိုးပြီး အရည်အသွေးကောင်းစပါးဆိုပါက မြေယာပြုပြင်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ မျိုးစေ့အခြောက်လှန်း သန့်စင်ခြင်း၊ မျိုးစေ့ဖိုးအပါအဝင် ၁၅၀၅၀၀ ကျပ် အခမဲ့ကူညီပံ့ပိုးခဲ့ခြင်း ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စပါးခင်းမှတစ်ဧက အနည်းဆုံး တင်း ၇၀ ထွက်မည်ဟု မျှော်မှန်းပါတယ်။ မြေပြင်လက်တွေ့မှာ တစ်ဧကတင်း ၁၀၀ ကျော်ထွက်နိုင်ပါတယ်။ တစ်ဧက စိုက်ပျိုးရေးဘဏ်မှ ချေးယူငွေနှစ်သိန်း၊ စီမံကိန်းအရ အခမဲ့ကူညီပံ့ပိုးငွေ ၁၅၀၀၀၀ ကျပ်ခန့်ဖြစ်တဲ့အတွက် စုစုပေါင်း ၃၅၀၀၀၀ ကျပ်ခန့် ကုန်ကြမည် ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်စပါးတစ်တင်းလျှင် ၉၀၀၀ ကျပ်စျေးဖြင့် ရောင်းချမည်ဆိုပါက တစ်ဧကဝင်ငွေ ၆၃၀၀၀၀ ကျပ် ရရှိမည်ဖြစ်ပါတယ်။ စိုက်ပျိုးရေးဘဏ်မှ ချေးယူငွေ နှစ်သိန်းကျပ် ပြန်ပေးဆပ်ရလျှင် တစ်ဧကအမြတ်ငွေ လေးသိန်းကျပ်ခန့် ရရှိမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း စပါးမျိုးကောင်းမျိုးသန့် မျိုးထုတ်လုပ်ရေးအစီအစဉ်အရ တောင်သူလယ်သမားကြီးများအတွက် စီးပွားရေးအကျပ်အတည်းကို ကုစားနိုင်တဲ့ အဓိကအကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ မျိုးစေ့ထုတ်ဧက တစ်သိန်းမှ စပါးတင်းပေါင်း ခုနစ်သန်းကျော် ရရှိမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ မိုးစပါးစိုက်ဧက လေးသိန်းခွဲကျော်အတွက် မျိုးအလုံအလောက် ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးရှိမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာလ လယ်ယာကဏ္ဍ စီးပွားရေးကုစားမှုအစီအစဉ်ကို ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကူညီမှုနဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်များ တိုးတက်မြင့်မားရေး ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းဧရိယာကတော့ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၅ ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းကတော့ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘက်စုံအထောက်အကူပြုပေးမယ့် လုပ်ငန်းစဉ်များ ပါဝင်တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးပြန်လည်နာလန်ထူရန်အတွက် အဓိကဖြစ်ပါတယ်။ (၁) သီးနှံများရဲ့ ထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး၊ (၂) တန်ဖိုးမြင့် ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ (၃) စိစစ်သုံးသပ်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်ကြီးသုံးရပ် အဓိကပါဝင်ပါတယ်။
သီးနှံများရဲ့ ထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ ဒေသအလိုက် သီးနှံအမယ်စုံများ ဖွံ့ဖြိုးတိုးတက်စေရန် သီးနှံများ ဒေသရာသီအလိုက် လွှဲပြောင်းစိုက်ပျိုးရေး၊ သီးနှံနှင့် သုတေသနစင်တာများထူထောင်ရေး၊ သွင်းအားစုကို ကုမ္ပဏီအသင်းအဖွဲ့ပုဂ္ဂလိကများနဲ့ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်၍ E-Voucher စနစ်ဖြင့် ကုန်ပစ္စည်းဝယ်ယူတဲ့စနစ် ထူထောင်ရေး၊ မျိုးစေ့ထုတ်အသင်းတွေ အားကောင်းလာစေရေးအတွက် သွင်းအားစုနဲ့ ထောက်ပံ့ငွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာစေရေး၊ ဓာတ်ခွဲခန်းများ ဘက်စုံတိုးတက်ဖွံ့ဖြိုးလာစေရေး၊ Value Chain ကို ချဲ့ထွင်ရေး၊ ISO-Map ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ထူထောင်ပေးရေး၊မြေဆီလွှာဓာတ်ခွဲခန်းများ၊ ဓာတ်ခွဲစစ်ဆေးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေး၊ ဒေသတိုင်းမှာ သီးနှံအခြောက်ခံစက်၊ သန့်စင်စက်များ တည်ဆောက်လာနိုင်ရေး၊ GAP Certification System ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြှင့်တင်ရေး၊ ချဲ့ထွင်ရေး၊ ဆည်၊ တမံများရဲ့ ရေပေးဝေရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ Cash for work, cash for money လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေး၊ တောင်သူလယ်သမားများ ထွက်ရှိလာတဲ့ သီးနှံများ စျေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် စျေးကွက်ရှာဖွေချိတ်ဆက်ပေးရေး စတဲ့လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းစဉ်များဟာ ဆောင်ရွက်ဆဲဖြစ်တဲ့အတွက် အပြည့်အစုံပြီးစီးသွားပါက ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး(လယ်ယာကဏ္ဍ) ပြန်လည်ဦးမော့လာစေရန် ရေရှည်အကျိုးသက်ရောက်မှု ရရှိနေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂၀)
No comments:
Post a Comment