October 25, 2020

စပါးမျိုးကွဲမပါအောင် ဘယ်လိုကာကွယ်ထိန်းသိမ်းမလဲ

မောင်ငြိမ်းအောင် (တန့်ဆည်)

        စပါးနဲ့ဆန် စံချိန်စံညွှန်းသတ်မှတ်ချက်မှာ မျိုးကွဲစပါးစေ့ပါဝင်မှု၊ မျိုးကွဲဆန်ပါဝင်မှုကို အထူးအလေးထား ထည့်သွင်းရေးဆွဲထားပါတယ်။ ပြည်တွင်းရောင်းဝယ်ဖောက်ကားမှုမှာပဲဖြစ်ဖြစ်၊ ပြည်ပတင်ပို့မှုမှာပဲဖြစ်ဖြစ် မျိုးကွဲစေ့ပါဝင်မှုဟာ စျေးစကားပြောရာမှာ အဓိကအခန်းကဏ္ဍက ရပ်တည်နေတာ တွေ့ရပါတယ်။ စပါး၊ ဆန်အုပ်စုအဆင့်လိုက်တွင် မျိုးကွဲစပါးစေ့ပါဝင်မှု၊ မျိုးကွဲဆန်စေ့ပါဝင်မှု သတ်မှတ်စံချိန်စံညွှန်းထက် ပိုမိုပါဝင်နေခဲ့ရင် စျေးနှိမ်ခံရတာဖြစ်ပါတယ်။ ပြည်ပပို့ကုန်ဆန်မှာ စျေးနှိမ်ခံရရင် ပိုပြီးနစ်နာရပါတယ်။

        ၅ မှတ် မြန်မာ့ဆန်ဖြူ၊ ၁၀ မှတ် မြန်မာ့ဆန်ဖြူ၊ ၁၅ မှတ် မြန်မာ့ဆန်ဖြူ၊ ၂၅ မှတ် မြန်မာ့ဆန်ဖြူ၊ မြန်မာ့ပေါင်းဆန်၊ မြန်မာ့ဆန်မွှေး၊ မြန်မာ့ကောက်ညှင်း၊ မြန်မာ့ဆန်လုံးညိုများမှာ မျိုးကွဲဆန်စေ့ ၃ ရာခိုင်နှုန်းပါဝင်ခွင့် သတ်မှတ်ထားပါတယ်။ စပါးမှာလည်း စပါးမျိုးအလိုက် မျိုးကွဲစေ့ပါဝင်မှုကို ၃ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

        ဒါဆိုရင် ဆန်စပါးလောကမှာ စပါးမျိုးကွဲစေ့ပါဝင်နေမှုနဲ့ ဆန်မျိုးကွဲစေ့ပါဝင်မှုဟာ အရေးပါတဲ့အချက်တစ်ချက် ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဆန်ရော၊ စပါးမှာပါ မျိုးကွဲစေ့များ မပါဝင်အောင် ဆောင်ရွက်ရမယ့်အချက်ဟာ မဖြစ်မနေ လုပ်ရမယ့်အချက်ဖြစ်နေပါတယ်။ စပါးရော၊ ဆန်မှာပါ ဘာ့ကြောင့် မျိုးကွဲစေ့များပါဝင်နေရသလဲ၊ စပါးမျိုးကွဲပါဝင်လာစေတဲ့ လမ်းကြောင်းအခြေခံကို သိဖို့လိုအပ်လာပါတယ်။ စပါး၊ ဆန်မှာ မျိုးကွဲစေ့များ ပါလာစေနိုင်တဲ့ အခြေခံလမ်းကြောင်းများကို ဆန်းစစ်ကြည့်ရင် (၁) စပါးစိုက်ခင်း၊ (၂) ရိတ်သိမ်းခြွေလှေ့၊ (၃) အိတ်သွတ်သိုလှောင်ထိန်းသိမ်းဆိုတဲ့ လုပ်ငန်းစဉ်လမ်းကြောင်းများက တရားခံဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေခံလမ်းကြောင်းများအလိုက် စပါးမျိုးကွဲစေ့ မပါဝင်ရေးကို ကာကွယ်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - burmese.voanews.com

        စပါးစိုက်ခင်းမှာ စပါးမျိုးကွဲစေ့ပါလာနိုင်တဲ့ အကြောင်းတရားကတော့ မူလရလာခဲ့တဲ့ မျိုးမှာကိုက စပါးမျိုးကွဲစေ့ပါလာခြ င်း ဖြစ်ပါတယ်။ ဒီလို ပါလာတဲ့ စပါးမျိုးကွဲစေ့ကတေ့ာ ဖယ်ရှားရန် အလွန်ခက်ခဲပါတယ်။ မျိုးစေ့ဓာတ်ခွဲခန်းမှာ စစ်ကြည့်ရင်ပါတယ်။ ဘယ်လောက်ပါတယ်ဆိုတာ သိရုံပဲ ဖြစ်ပါတယ်။ သေချာတဲ့ နေရာက မျိုးကောင်းမျိုးသန့်ကိုစစ်ဆေးဝယ်ယူမှုသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မျိုးကောင်းမျိုးသန့် စပါးစိုက်ပျိုးမယ့် လယ်ကွက်ဟာ ယခင်နှစ်ရာသီက မျိုးမတူတဲ့ အခြားစပါးမျိုးစိုက်ပျိုးခဲ့တဲ့အတွက် ကောက်လေ အလေ့ကျစပါးစေ့က ပေါက်လာပြီး ဖြစ်လာတဲ့ မျိုးကွဲစပါးစေ့ပါပဲ။ ယခင်နှစ် ရာသီက မျိုးတူစပါးကို စိုက်ခဲ့တဲ့လယ်ကွက်ကို ရွေးချယ်သင့်ပါတယ်။ ကောက်လေ အလေ့ကျပေါက် စပါးမျိုးကွဲစေ့များအားလုံး အပင်ပေါက်အောင် မြေမပြင်မီရေလှောင်ပေးဖို့ လိုပါတယ်။ ကောက်လေကောက်လွင့်များ၊ မြက်များ၊ ပေါင်းများစုံအောင် ပေါက်လာပြီးတဲ့အခါ ထယ်ထိုးထွန်မွှေပြီး ရေလှောင်အပုပ်ခံ သတ်ပစ်ဖို့လိုပါတယ်။ အမြစ်ခေါင်းများကို လက်ဖြင့် ကောက်ပစ်ဖို့လိုပါတယ်။ တမန်းညက်အောင်ပြင်ပြီးမှ မိမိစိုက်လိုတဲ့ မျိုးကောင်းမျိုးသန့်စပါးကို စိုက်ပျိုးသင့်ပါတယ်။

        မျိုးကောင်းမျိုးသန့်စပါးစိုက်ခင်းတွင် စပါးမျိုးကွဲပင်များ ရှိနေသေးပါက ပင်ပွားချိန် သုံးကြိမ်၊ ပန်းပွင့်စုံချိန် သုံးကြိမ်၊ ရင့်မှည့်ချိန် နှစ်ကြိမ် ကွင်းဆင်းစစ်ဆေး၍ မျိုးကွဲပင် မဖြစ်မနေ နုတ်ပယ်ဖို့လိုပါတယ်။

        စပါးရိတ်သိမ်းချိန် စပါးမျိုးကွဲစေ့ မပါဝင်အောင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကတော့ စပါးရိတ်စက် အသုံးပြုမယ်ဆိုရင် မရိတ်သိမ်းမီ စပါးရိတ်စက်ကို တစ်စီးလုံးရိုက်ခါ၊ ရေပိုက်ဖြင့်ဆေး၍ စက်အတွင်းညှပ်၊ ကပ်နေတဲ့ အခြားမျိုးကွဲစပါးစေ့များကို ပြောင်စင်အောင် သုတ်သင်ဖယ်ရှားပစ်ရန် ဖြစ်ပါတယ်။ စက်ဖြင့် ရိတ်သိမ်းရရှိသော မျိုးကောင်းမျိုးသန့်စပါးစေ့များကို တာလပတ်ပေါ်တွင် သီးသန့်ဖြန့် ကောင်းစွာခြောက်သွေ့အောင် အခြောက်ခံဖို့လိုပါတယ်။ ဖုန်၊ ခဲ၊ သလဲ၊ အမှော်အမှိုက်များကို သန့်စင်သွားအောင် လေမှုတ်စက် သို့မဟုတ် သန့်စင်စက်ဖြင့် သန့်စင်ဖို့လိုပါတယ်။ အခြောက်ခံစက်၊ သန့်စင်စက် အသုံးပြုမည်ဆိုပါက အသုံးမပြုမီ အခြားမျိုးကွဲစပါးစေ့များ စက်အတွင်း အစိတ်အပိုင်းများ၌ ညပ်၊ ကပ် မကျန်စေရန် သုတ်သင်ဖယ်ရှားရန် လိုအပ်ပါတယ်။

        အကယ်၍ လူဖြင့်ရိတ်မည်ဆိုပါက ကောက်လှိုင်းစီးများကို မြေပေါ်သို့မချဘဲ တာလပတ်ပေါ်တွင် စုပုံထားရန် လိုအပ်ပါတယ်။ တလင်းအသုံးပြုမည်ဆိုပါက တလင်းကို ပြောင်စင်အောင်ပြုပြင်ထားဖို့ လိုပါတယ်။ အခြားစပါးမျိုးများနှင့် နီးကပ်စွာ မပုံ၊ ကောက်လှိုင်းမဖြန့်ဘဲ သီးခြားခွာ၍ ပုံ/ဖြန့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ခြွေစက်နဲ့ ခြွေပါက ခြွေစက်ကို အခြားမျိုးကွဲစပါးစေ့များ ကပ်ညိမနေစေရန် မခြွေမီ သေချာစွာ ခါပေးရန် လိုအပ်ပါတယ်။

        မျိုးကောင်းမျိုးသန့်စပါးစေ့ကို အိတ်သွပ်သိုလှောင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကတော့ ပီနန်အိတ်အဟောင်းကို အသုံးမပြုရပါ။ အခြားမျိုးကွဲစပါးစေ့များ ကပ်ညိနေနိုင်လို့ ဖြစ်ပါတယ်။ ပီနန်အိတ်အသစ်များကိုသာ အသုံးပြုရမည်ဖြစ်ပါတယ်။ ပီနန်အိတ်များကို မထည့်မီ ဖြန့်၍ နေပူပူတွင် နေလှန်းထားပြီးမှသုံးပါ။ အစိုဓာတ်မပါလာစေရန် ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်စပါးအိတ်များကို သိုလှောင်ရာတွင် အစိုဓာတ်များသောနေရာ၊ ပူလွန်းသောနေရာများမှာ မသိုလှောင်မိဖို့ သတိပြုရမှာဖြစ်ပါတယ်။ ကြွက်၊ စာကလေး လုံခြုံသောနေရာ၊ မိုးလုံလေလုံရှိသောနေရာတွင် အောက်ခံသစ်သားကြမ်းခံ၍ အခြားစပါးမျိုးအိတ်များနှင့် ၁၀ ပေ ကွာထား၍ သိုလှောင်ရန် လိုအပ်ပါတယ်။ ဘေးနံရံနှင့် သုံးပေကွာထားရန် လိုအပ်ပါတယ်။

        ဆန်တွင် မျိုးကွဲစပါးစေ့ပါခြင်းမှာ စပါးတွင်ပါလာခြင်းကြောင့် ဖြစ်ပါတယ်။ စပါးအဆင့်တွင် မျိုးကွဲကင်းစင်အောင် ဆောင်ရွက်ခဲ့လျှင် ဆန်တွင် မျိုးကွဲကင်းစင်မှု အလိုလိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ဆန်အဆင့်ကျမှ မျိုးကွဲဆန်စေ့ပါလာခြင်းသည် ဆန်စက်မသန့်ရှင်းမှု၊ ဆန်စက်တွင် သိုလှောင်မှု မသေချာဘဲ အခြားဆန်များနဲ့ နီးကပ်စွာ သိုလှောင်ထားခြင်း၊ ကြိတ်ခွဲပြီး ဆန်အိတ်သွတ်ရာတွင် အိတ်ဟောင်းများ အသုံးပြုခြင်း၊ ဆန်စက်လုပ်သားများဟာ ဆန်ကို ကိုင်တွယ်သယ်ယူရွှေ့ပြောင်းရာတွင် စည်းကမ်းမလိုက်နာမှုများကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။

        မျိုးကောင်းမျိုးသန့်စပါးကို စိုက်ပျိုးရာတွင် ပထမနှစ်တွင် စပါးမျိုးကွဲစေ့တစ်စေ့ ပါရှိလာပါက ၎င်းမျိုးကွဲစေ့တစ်စေ့မှ တစ်ပင်ပေါက်လာပါမည်။ ၎င်းစပါးပင်တစ်ပင်မှ ရှစ်ပင်ခန့် ပွားလာပါမည်။ စပါးနှံရှစ်နှံမျှ ထွက်လာပါမည်။ စပါးနှံတစ်နှံတွင် စပါးစေ့ ၁၀၀ ခန့် သီးပါက ၎င်းစပါးတစ်ပင်မှာ မျိုးကွဲစပါးစေ့ပေါင်း ၈၀၀ ခန့်ရှိလာမည် ဖြစ်ပါတယ်။

        ၎င်းစပါးခင်းကို ရိတ်သိမ်း၍ရရှိလာသော မျိုးးကောင်းမျိုးသန့်စပါးများတွင် မျိုးကွဲစေ့စပါးစေ့ပေါင်း ၈၀၀ စေ့ ပါဝင်လာမည်ဖြစ်ပါတယ်။ ၎င်းမျိုးကောင်းမျိုးသန့်စပါးစေ့ကို ဒုတိယနှစ် ပြန်လည်စိုက်သောအခါ စိုက်ခင်းတွင် မျိုးကွဲစပါးပင် ၈၀၀ ပင် x ၈ ပင်ပွား x ၆၄၀၀ ပင်(နှံ) x ၁၀၀ စေ့ = ၆၄၀၀၀၀ စေ့ မျိုးကွဲစပါးစေ့များ ပါဝင်လာမည် ဖြစ်ပါတယ်။ သို့အတွက် မျိုးကွဲစပါးစေ့တစ်စေ့ကို အချိန်မီ သုတ်သင်ဖယ်ရှားခြ င်း မပြုလုပ်ခဲ့ဘူးဆိုပါက နှစ်နှစ်အတွင်း မျိုးကွဲစပါးစေ့ပေါင်း ခြောက်သိန်းကျော် ရှိလာမည်ဖြစ်ပါတယ်။ တတိယနှစ် ရိတ်သိမ်းပြီးသောအခါမှာ မျိုးကောင်းမျိုးသန့်စပါးစေ့ဟာ မျိုးကွဲစေ့ပေါင်းများစွာဖြင့် ရောနှော၍ မျိုးပျက်သုဉ်းသွားရတဲ့အထိ ဖြစ်သွားမှာ ဖြစ်ပါတယ်။ မျိုးသန့်မှုလည်း လျော့သွားကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မျိုးကွဲစပါးစေ့၊ ဆန်စေ့ပါဝင်မှုရဲ့ အရေးပါမှုကို အကဲခတ်မိကြလိမ့်မယ် ထင်ပါတယ်။

        သို့အတွက် စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ကြရာမှာ မျိုးကွဲစပါး နုတ်ပယ်ခြင်းကို အထူးအလေးအနက်ထား ဆောင်ရွက်ကြပါလို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၉)

No comments:

Popular Posts