ဒေါက်တာလွင်သန့်
ကပ်ပါးသန်ကောင်တွေဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ရှိနိုင်ပြီး တိရစ္ဆာန်မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့နိုင်ငံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ပါးတဲ့ နိုင်ငံတွေမှာ ကပ်ရောဂါအသွင်ဖြစ်နေနိုင်ပါတယ်။
လူတို့စားသောက်တဲ့အသားတွေကနေ ကပ်ပါးသန်ကောင်တွေ ရှိနေနိုင်တယ်။ သန်လုံးကောင်ဟာ လူကိုကူးစက်ရာမှ သားလောင်းပါအရည်အိတ်ပါရှိတဲ့ ဝက်သားကို မကျက်တကျက် စားမိရာမှ ရောဂါရနိုင်တယ်။ သားလောင်းပါ အရည်အိတ်ဟာ လူရဲ့အစာအိမ်ထဲမှာ အစာချေရည်နဲ့ တွေ့ထိကာ အရည်အိတ်ထဲမှ သားလောင်းထွက်လာတယ်။ သားလောင်းဟာ လူရဲ့အူနံရံကို ထိုးဖောက်ကာ အရွယ်ရောက်လာတယ်။ အူထဲမှာအရွယ်ရောက်ဖို့ လေးပတ်ကြာတယ်။ အရွယ်ရောက်သန်ကောင်ဟာ သားလောင်းတွေထုတ်ပြီး ယင်းသားလောင်းတွေက လူရဲ့ ကြွက်သားမျှင်ထဲ ဝင်ရောက်ပျံ့နှံ့ကြတယ်။ အရည်အိတ်မဖြစ်သေးဘူး။ လေးပတ်မှ ငါးပတ်အကြာမှာ အရည်အိတ်ဖြစ်လာကာ ယင်းသားလောင်းရောက်ရှိနေရာ ကြွက်သားထဲမှာ နှစ်နဲ့ချီနေနိုင်ပါတယ်။
ကြွက်တွေမှာ သားလောင်းပါအရည်အိတ်တွေ ကိုယ်ခန္ဓာထဲ ကြာရှည်စွာနေနိုင်ကြလို့ ဝက် သို့မဟုတ် အခြားအသားစားသတ္တဝါက ယင်းအရည်အိတ်ပါ ကြွက်မျိုးကို စားမိပါက ရောဂါကူးစက်တယ်။ လူက သေသေချာချာကျက်အောင်မချက်တဲ့ ဝက်သား၊ အကင်ချောင်း စတာတွေ စားမိရာက ရောဂါကူးစက်တယ်။ ဝက်ရဲ့နံရိုးသား၊ အရိုးနဲ့ ကပ်နေတဲ့ အသား၊ လျှာ၊ လည်မျိုချောင်း၊ ဝမ်းဗိုက်သားတို့မှာ သန်လုံးကောင် သားလောင်းပါအိတ်တွေရှိနေတယ်။
![]() |
ဓာတ်ပုံ - elegrafi |
ဝက်သား သို့မဟုတ် အကင်ကို အပူချိန် ၇၇ ဒီဂရီဖာရင်ဟိုက်နဲ့ကျက်အောင် ချက်စားသင့်ပါတယ်။ မကျက်တကျက်ချက်စားခြင်းမှ ရှောင်ကြဉ်သင့်တယ်။ မွေးမြူရေးဝက်တွေ၊ သားစိမ်း၊ ငါးစိမ်း သို့မဟုတ် လူ့မစင် မကျွေးသင့်ပါဘူး။ ကျွဲ၊ နွားစတဲ့ စားမြုံ့ပြန်တဲ့ သတ္တဝါတွေကနေ ရွက်သန်ကောင် ကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်ရဲ့ အသည်း၊ အသက်ရှူလမ်းကြောင်း၊ သရက်ရွက်၊ အစာချေလမ်းကြောင်းတို့မှာ ကပ်ပါးအနေနဲ့ တွယ်ကပ်နေထိုင်တယ်။
ဖက်ဆီအိုလာဟက်တီကာနဲ့ ဖက်ဆီအိုလာ ဂျိုင်ဂင်ဘီကာ ရွက်သန်တို့ဟာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့ရဲ့ အသည်းမှာနေထိုင်တဲ့ ကပ်ပါးသန်ကောင်ဖြစ်တယ်။ ဥရောပ၊ အမေရိကနဲ့ အာရှရှိ သမပိုင်းဇုန်တွေမှာ အများဆုံး တွေ့ရတယ်။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်မှာ တွေ့ရတယ်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ရွက်သန်ဖြစ်ပွားတတ်ရာ ခရုတွယ်ကပ်နေတဲ့ ကန်စွန်းရွက်ပင်၊ ချဉ်ပေါင်ပင်၊ ကြာဖူး၊ ကြာငုံစတဲ့ ရေမှာ ပေါက်တဲ့အပင်တို့ စားမိရာမှ ရောဂါကူးစက်နိုင်တယ်။ အရွယ်မရောက်သေးတဲ့ ရွက်သန်ကပ်ပါးကောင်ဟာ အသည်းကိုရောက်ရှိရင် အသည်းကြီးခြင်း၊ အဖျားတက်ခြင်း၊ ဗိုက်နာခြင်း၊ အရေပြားယားယံခြင်းတို့ လနဲ့ချီဖြစ်တတ်တယ်။ တစ်ခါတစ်ရံ သန်ကောင်ကလူရဲ့ အူနံရံ၊အဆုတ်၊ အရေပြားအောက် အသားစနဲ့ လည်မျို၊ ကြွက်သားတို့မှာ နေရာယူတတ်တယ်။ ခရုစားမိရာမှ သန်ကောင်ရောဂါခံစားရတာဟာ ယင်းရွက်သန်ကြောင့်ဖြစ်တယ်။ လူရဲ့မစင်ကတစ်ဆင့် စွန့်ထုတ်တဲ့ သန်ဥဟာ ရေထဲရောက်ရင် သားလောင်းလွှတ်ထုတ်တယ်။ ခရုမျိုးထံဝင်ရောက်ကာ ခရုချက်စားရာမှ လူနဲ့တိရစ္ဆာန်ကို ရွက်သန်ကောင်ကူးစက်ခံရပါတယ်။ လူ၏အသည်း၊ သည်းခြေပြွန်ကိုရောက်ရှိကာ အရွယ်ရောက်သန်ကောင်ဘဝ ရောက်ရှိတယ်။ လူမှာ အရွယ်ရောက်သန်ကောင်ဖြစ်ဖို့ သုံးလ၊ လေးလ ကြာတတ်တယ်။ အသီးအရွက်၊ အသားငါးတို့ကို ဆားရည်ဖျော်ထားတဲ့ရေထဲ ၁၅ မိနစ်စိမ်ကာ ရေစင်စင်ဆေးသင့်ပါတယ်။ ချက်ပြီးဟင်းအမည်တွေအတွက် ရေခဲသေတ္တာတစ်လုံးထားသင့်တယ်။ လူ၊ တိရစ္ဆာန်တို့ရဲ့ အညစ်အကြေးကို လူရဲ့ အစားအသောက် ထိတွေ့မှု မရှိစေသင့်ပါ။
ရောဂါကူးစက်ခြင်းလက္ခဏာတွေက ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအားနည်းခြင်း၊ ပိန်လာခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းတို့ဖြစ်တယ်။ သန်ကောင်လောင်းဟာ ကြားလက်ခံကောင် ရေထဲရှိ ခရုမှထွက်လာကာ လူရဲ့အရေပြားကို မတော်တဆ ထိုးဖောက်ဝင်ရောက်မိတယ်။ လူမှာ အရေပြားကို သန်ကောင်ထိုးဖောက်လို့ ယားယံခြင်းဖြစ်ကာ ကာလကြာရင် သန်ကောင်ထိုးဖောက်မှုကြောင့် အရေပြားမှာ အနာဖြစ်နိုင်တယ်။အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ သွေးယိုစိမ့်ခြင်းဖြစ်တတ်တယ်။ ရေလုပ်သားနဲ့ တောင်သူဦးကြီးတွေ အဖြစ်များတတ်တယ်။
လယ်ထွန်ရာမှာ ခိုင်းကျွဲ၊ နွားကို အများဆုံးသုံးကြရာ ကျွဲ၊ နွားရဲ့ကျင်ကြီးနဲ့အတူ သန်ကောင်ဥတွေ လယ်ကွင်းအနှံ့ ပျံ့နှံ့ရောက်ရှိတယ်။ သန်ကောင်ဟာ လူရဲ့အဆုတ်ကို ရောက်ရှိပါက အဆုတ်ရောင်ရောဂါဖြစ်စေပါတယ်။ ရှစ်စတိုဆိုမားရပိုနီးကမ်းကြောင်ဖြစ်ခဲ့ရင် လူမှာ အဖျားတက်ခြင်း၊ ဗိုက်နာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်းဖြစ်တယ်။ နာတာရှည်ဖြစ်ရင် အသည်းကျွပ်ဆတ်နာ၊ ရေဖျဉ်းစွဲခြင်းနဲ့ ဦးနှောက်ပိုင်းဆိုင်ရာတက်ခြင်းတို့ ဖြစ်စေတယ်။
သန်ကောင်ဥတွေက လူရဲ့ ကျင်ကြီးကျင်ငယ်မှ ပြင်ပကို ရောက်ရှိတယ်။ နှစ်စဉ် မိုးဦးနဲ့ မိုးကုန်နှစ်ကြိမ် သန်ချဆေးတစ်လုံးသောက်ကြရမယ်။ ရောဂါကာကွယ်ရာမှာ တိရစ္ဆာန်နဲ့ လူတို့ရဲ့ အညစ်အကြေးတွေ ရေထဲမစွန့်သင့်ဘူး။ ခရုတွေ နှိမ်နင်းရမယ်။ ရေထဲဆင်းရရင် ခြေလက်အစွပ်ရှည် ဝတ်ဆင်ကာ ကာကွယ်သင့်တယ်။ မသန့်ရှင်းတဲ့ရေနဲ့ ရေချိုးမိရင် အရေပြားကို အရက်ပြန်နဲ့ ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးသင့်တယ်။ သားလောင်းပါရှိတဲ့ရေကို သောက်ခြင်း၊ ချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ ပန်းကန်ခွက်ယောက်ဆေးခြင်း၊ ထမင်းဟင်းချက်ခြင်း ရှောင်ကြဉ်ရမယ်။
ကျွဲ၊ နွားမှာဖြစ်တဲ့ သန်ပြားကောင်နဲ့ ဝက်သားမှာဖြစ်တဲ့ တုတ်ပြားကောင် နှစ်မျိုးကူးနိုင်တယ်။ နွားသန်ပြားကောင်က အပြားပုံရှည်လျားကာ တုတ်ပြားကောင်နှစ်မျိုးမှာ ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ် သုံးပိုင်း ပါဝင်တယ်။ ကျွဲ၊ နွားမှ ရတဲ့ Taenia Saginata ဟာ နွားရဲ့ အသားကို စားမိလို့ ဖြစ်တယ်။ အဆစ်အပိုင်းနဲ့ ဆက်ထားတဲ့ ကိုယ်ခန္ဓာနဲ့ ဖွဲ့စည်းထားကာ သုံးမီလီမီတာမှ ၇ ဒသမ ၆ မီလီမီတာရှည်တယ်။ အဆစ်ပိုင်းတစ်ခုမှာ ဥပေါင်း တစ်သောင်းခန့်ရှိပြီး တစ်လအတွင်း သန်ကောင်ဥပေါင်း သန်း ၅ဝ စွန့်ထုတ်နိုင်တယ်။
ဝက်မှာကူးတဲ့ Taenia Solium က လူအူသိမ်ဦးပိုင်းမှာ နေထိုင်ကာ ကမ္ဘာအနှံ့တွေ့ရတယ်။ ဝက်သားမကျက်တကျက်စားခြင်း၊ ကျပ်ကင်စားခြင်း၊ အချဉ်စိမ်စားခြင်း၊ အစိမ်းသုပ်စားခြင်းကနေ ကူးစက်တယ်။ ဝက်ဟာ အညစ်အကြေးမျိုးစုံစားတဲ့ သတ္တဝါဖြစ်လို့ သန်ဥများပါတဲ့ လူရဲ့မစင်ကို စားရာကနေ ဝက်မှတစ်ဆင့် ရောဂါကူးစက်တယ်။
ရောဂါလက္ခဏာတွေက ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ မစင်မှာ သန်ဥ သို့မဟုတ် သန်တစ်ကောင် စပါလာခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရံဖန်ရံခါ အကြောဆွဲခြင်း၊ တက်ခြင်းဖြစ်တတ်တယ်။
ဝက်တုတ်ပြားကောင်ဟာ အပူချိန် ၄၅ ဒီဂရီဖာရင်ဟိုက်နှင့် ၅ဝ ဒီဂရီဖာရင်ဟိုက်ကြား နာရီဝက်အတွင်း ပျက်စီးနိုင်တာဖြစ်လို့ စနစ်တကျ ကျက်အောင်ချက်ပြီး စားသုံးသင့်ပါတယ်။ အသားစားလို့ သန်ထတာမဟုတ်ဘူး။ အသားမကျက်တကျက်စားလို့ အသားကနေ သန်လုံးကောင်ဥအိတ်တွေ အစာအိမ်အူလမ်းကြောင်းထိရောက်ရှိပြီး သန်ရောဂါဖြစ်စေပါတယ်။ အိမ်သာမှာ စနစ်တကျ မစင်စွန့်ခြင်း၊ လက်ရေဆေးခြင်းတို့က သန်လုံးကောင်၊ တုတ်ကောင်တွယ်ကပ်မှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂)
No comments:
Post a Comment