October 4, 2020

ဒုတိယအရွယ် (၂၈)

လယ်တွင်းသားစောချစ်

ကျောင်းဖွင့်ပြီ

        နွေအကုန်၊ မိုးအကူး၊ မုတ်သုန်ဦးသို့ ရောက်ခဲ့ပြီ။ သစ်ပင်အားလုံး ရွက်ဟောင်းချွေပြီး၍ ရွက်သစ်နုများဝေကြပြီ။ ကျွန်တော်တို့ စာသင်ကျောင်းကြီးလည်း နှစ်ဟောင်းကျောင်းပိတ်ရက်ပြီးဆုံး၍ နှစ်သစ်ကျောင်းဖွင့်ချိန်စလေပြီ။

        ကျောင်းရှေ့ရှိ အလံတိုင်မှာ ပြည်ထောင်စုအလံနှင့် အသင်း (၄)သင်းအလံ၊ တာဝန်ကျအသင်း အလံသစ်များ လေမှာ တလွင့်လွင့် ဝင့်ကြွားနေသည်။ နှစ်သစ်အတွက် အလံသစ်များ ကြိုတင် ဝယ်ထားခဲ့ခြင်းဖြစ်သည်။


        ကျောင်းစဖွင့်သည်နေ့တွင် ကျွန်တော် ကြိုတင်မျှော်လင့်မထားသော ကျောက်မီးရွာ၏ ထူးခြားသော ကျောင်းအပ်ဓလေ့နှင့် ကြုံတွေ့ရသည်။ ကျောင်းသားသစ်များ၏ မိဘတိုင်း ကျောင်းသို့ လိုက်လာကြပြီး မြန်မာ့ရိုးရာဓလေ့ထုံးတမ်းနှင့် ကျောင်းအပ်ကြသည်။ ရုံးခန်းထဲက စားပွဲပေါ်မှာ ငှက်ပျောဖီးများ၊ ကျွဲကောသီးများ၊ နို့ဆီဘူးများ၊ စီးကရက်ဘူးများ၊ ဒေသထွက်ကုန်များ စုံနေသည်။ မလိုချင်ပါဘူး ပြော၍လည်းမရ။ ကိတ်နှင့် မုန့်မျိုးစုံတို့လည်း စားပွဲပေါ်မှာ အများကြီးဖြစ်နေသည်။

        နို့ဆီဘူး၊ စီးကရက်ဘူး၊ ကိတ်မုန့်၊ ငှက်ပျောဖီးစသည်တို့ကိုဘုန်းကြီးကျောင်းလှူရန် ခွဲထားသည်။ ကျန်သည့် မုန့်များနှင့် သစ်သီးများကို ဆရာ၊ ဆရာမများ နေ့လယ်စားနိုင်ရန် စားပွဲရှည်ကြီးပေါ် ပို့ထားသည်။ ကျန်သည့် မုန့်မျိုးစုံကိုတော့ ခုံရိုက်နေကြသော လက်သမားများထံ ပို့ပေးရသည်။

        ၉ နာရီထိုး၍ ကျောင်းတက်ခေါင်းလောင်း တီးသောအခါ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူအားလုံး အလံတိုင်ရှေ့မှာ တန်းစီကြသည်။

        အလံအသစ်များက လေအသင့်မှာ တလွင့်လွင့် တင့်နေကြသည်။

        ရှေးဦးစွာ အလံတော် အလေးပြုသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုသည်။

        ပြီးသော် ကျောင်းကောင်စီသီချင်းမှအဓိဌာန်(၄)ချက်ကို အဆိုခိုင်းသည်။ ကျောင်းသားများ ညီညီညာညာဆိုကြသည်။

        မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။ 

        မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။

        မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ 

        မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။

        ကလေးများ လေးချက်အဓိဌာန် သီဆိုပြီးသောအခါ ကျွန်တော် စကားပြောပါသည်။

        ‘‘တပည့်တို့ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုရောက်လာပြီ။ သစ်ပင်တွေမှာလည်း ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်နုတွေ ဝေနေပြီ။ အလံတိုင်ထိပ်က အလံလေးတွေလည်း အသစ်ဖြစ်နေကြပြီ’’

        ကလေးများ အလံသစ်များကို မော့ကြည့်ပြီး ရယ်ကြသည်။

        ‘‘တပည့်တို့အားလုံးလည်း စိတ်သစ်လူသစ်နဲ့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားကြရမယ်။ မိမိအတန်းကို ကောင်းအောင်ကြိုးစားရမယ်။ မိမိကျောင်းကို ကောင်းအောင်ကြိုးစားရမယ်။ အဲဒါဆိုရင် တပည့်တို့အားလုံးဟာ ကိုယ့်တိုင်းပြည်ကိုလည်း ကောင်းအောင်ကြိုးစားနိုင်ကြမှာ ဖြစ်ပါတယ်’’

        ‘‘အခုကျောင်းဝင်းတစ်ဝင်းလုံး တပည့်တို့ လှမ်းကြည့်လိုက်ကြပါ’’ကလေးများ ကြည့်ပါသည်။

        ‘‘အမှိုက်တွေ အများကြီးတွေ့ရလိမ့်မယ်။ ကျောင်းမဖွင့်ခင် ဆရာ၊ ဆရာမတွေအားလုံး ကျောင်းကို ကြိုရောက်ကြပါတယ်။ စာသင်သားတွေအားလုံး သန့်ရှင်းရေးလုပ်ထားကြပါတယ်။ ကျောင်းဝင်းထဲမှာရှိတဲ့ အမှိုက်တွေကတော့ တမင်ချန်ထားတာပါ။ ကိုယ့်ကျောင်းကောင်းအောင် တပည့်တို့အားလုံး ပါဝင်ပြီး လုပ်စေချင်လို့ပါ။ 

        ကျောင်းဝင်းထဲမှာ အမှိုက်ပုံးတွေ အမှိုက်တောင်းတွေ ချထားပါတယ်။ ကိုယ့်အတန်းနဲ့ ကိုယ် ဆရာ၊ ဆရာမတွေက နေရာတွေခွဲပေးပါလိမ့်မယ်။ ကိုယ့်ကျောင်းကို ကိုယ်ကောင်းအောင် ဆရာတို့အားလုံး အမှိုက်ကောက်ကြမယ်’’

        ‘‘ဟေး.......’’

        ကလေးများအားလုံး တစ်ကျောင်းလုံးဖြန့်ပြီး ပျော်ပျော်ပါးပါး အမှိုက်ကောက်ကြသည်။

        ‘‘ပျော်စရာ ကောင်းလိုက်တာကွာ’’

        ကိုလူအေး၊ ကျွန်တော်နှင့်အတူ အမှိုက်ကောက်ရင်း ပျော်နေသည်။

        အားလုံး တက်ညီလက်ညီ ကောက်လိုက်ကြ၍ ခဏအတွင်းမှာပင် ကျောင်းဝင်းအတွင်းရှိ အမှိုက်များအားလုံး ပြောင်ရှင်းသွားသည်။

        ‘‘အမှိုက်အားလုံး ကုန်ပြီလား’’

        ‘‘ကုန်ပြီ ဆရာကြီး’’ကလေးများ ဖြေကြသည်။

        ‘‘အေး..ဟုတ်တယ် ကုန်ပြီ။ အမှိုက်တွေ ရှင်းသွားပြီ။ ကျောင်းဝင်းကြီး လှသွားပြီ’’

        ‘‘ဟေး...’’တပည့်များအားလုံး လက်ခုပ်တီးကြသည်။

        ‘‘ကဲ...အခု လက်ဆေးကြမယ်။ ပန်းခြံဘေးက ရေကန်မှာ ဆပ်ပြာခွက်တွေ ချထားတယ်။ လက်ကိုပြောင်အောင် ဆေးပြီးမှ အတန်းထဲဝင်ကြ’’

        ‘‘ဟေး......’’

        ကလေးများ ဝမ်းသာပျော်ရွှင်စွာ ပြေးသွားကြပြီး လက်ဆေးကြသည်။

        ကျောင်းဆရာဘဝတွင် ကလေးများနှင့် အတူနေရသည်မှာ ကြည်နူးစရာကောင်းလှပါ၏။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)

No comments:

Popular Posts