နွေပြည့်စုံ
မြန်မာနိုင်ငံတွင် စီးပွားဖြစ်မြန်၍ လွယ်ကူသော မွေးမြူရေးလုပ်ငန်းမှာ သိုးမွေးမြူရေးလုပ်ငန်းဖြစ်ပါသည်။ သိုးမွေးမြူရေးလုပ်ငန်းသည် တစ်ကောင်ချင်းမွေးမြူ၍ မရနိုင်သောကြောင့် အနည်းဆုံး ၁ဝ ကောင်ခန့်မှစ၍ မွေးမြူရပါသည်။ သိုးများအား လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူရပြီး ပူပြင်းသောရာသီဥတုတွင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာ လွှတ်ကျောင်းကြရမည်ဖြစ်သည်။
ကျန်းမာသောသိုးများ၏ လက္ခဏာများမှာ သွက်လက်ခြင်း၊ ရဲရင့်ခြင်း လက္ခဏာများရှိတတ်သည်။ နားရွက်များ မှန်မှန်လှုပ်ခတ်ခြင်း၊ ဦးခေါင်းနှင့် လည်ပင်းတို့ တည့်မတ်ခြင်း အနေအထားရှိတတ်သည်။ လမ်းလျှောက်ရာတွင် ယိမ်းယိုင်ခြင်းမရှိဘဲ အစာကို ကောင်းစွာစားသုံး၍ စားမြုံ့ပြန်မှုကောင်းသည်ကိုတွေ့ရမည်။
![]() |
ဓာတ်ပုံ - philly |
ဖြစ်ပွားတတ်သောရောဂါများ
သိုးများတွင် ထောင့်သန်းရောဂါကို ဖြစ်ပွားစေသော ဆက်ဆဲလပ်၊ အင်န်ဆရက်စ် ဘက်တီးရီးယားပိုးသည် ပတ်ဝန်းကျင်ဒေသနှင့် ထိတွေ့ပါက စတင်ဖြစ်ပေါ်လာတတ်ပြီး ပိုးသတ်ဆေးဒဏ်၊ အပူချိန်ဒဏ်ကို များစွာခံနိုင်ရည်ရှိသည်။ ပူအိုက်စိုစွတ်သောကာလများတွင် စတင်ဖြစ်ပွားသည်။ ထိုရောဂါပိုးသည် အစားအစာ၊ အသက်ရှူလမ်းကြောင်း၊ ဒဏ်ရာအနာတရတို့မှတစ်ဆင့် ကူးစက်ပြန့်ပွားသည်။
ရောဂါဖြစ်ပွားပါက ကုသရန်ခက်ခဲသော်လည်း ပင်နီဆီလင် ၅ဝဝဝ ယူနစ်ကို ကိုယ်အလေးချိန် တစ်ပေါင်ကျ ထိုးနိုင်သည်။ ကိုယ်အလေးချိန်တစ်ပေါင်လျှင် အောက်ဆီတက်ထရာဆိုက်ကလင်း နှစ်မီလီဂရမ်ကျ ထိုးနိုင်ပါသည်။ ထောင့်သန်းရောဂါကာကွယ်ဆေး သုည ဒသမ ၅ စီစီ ထိုးပေးခြင်းဖြင့်လည်း ရောဂါခံနိုင်စွမ်းရှိလာမည်ဖြစ်သည်။
ကလိုစထရီဒီယမ်ချိုဗွိုင်းဟု ခေါ်သော ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသည့် ပေါင်ပုပ် လက်ပုပ်ရောဂါသည် သိုးများကို သေဆုံးမှုများစေသောရောဂါပိုးဖြစ်သည်။ သိုးများ၏ အနာဒဏ်ရာများမှတစ်ဆင့် ရောဂါကူးစက်ပြန့်ပွားသည်။
ရောဂါဖြစ်ပွားပါက ကိုယ်ခန္ဓာအနှံ့ ရောင်ရမ်းမှုကို ဖြစ်စေခြင်း၊ ကိုယ်အပူချိန် ၁ဝ၇ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခြင်း၊ မှိုင်တွေချည့်နဲ့ခြင်း၊ အစာလျော့နည်းလာခြင်း စသည့်လက္ခဏာများကို တွေ့ရတတ်ကာ တစ်ရက်၊ နှစ်ရက်အတွင်း သေဆုံးနိုင်ပါသည်။
ကာကွယ်ကုသရန်မှာ ကိုယ်အလေးချိန် တစ်ပေါင်လျှင် ၅ဝဝဝ ယူနစ်ထိုးပေးရမည်။ ရောဂါဖြစ်နေသည့် အသားထဲသို့ ပင်နီဆီလင်အား ထိုးပေးရမည်။ တက်ထရာဆိုက်ကလင်းဆေး ထိုးပေးခြင်းဖြင့်လည်း ကာကွယ်ကုသနိုင်ပါသည်။
ခွာနာလျှာနာရောဂါသည် သိုးနှင့် ဆိတ်တို့တွင် ဖြစ်ပွားတတ်သော်လည်း ပြင်းထန်သောရောဂါမျိုးမဟုတ်ပေ။ ဖြစ်ပွားပါက ပါးစပ်နှင့် လျှာတွင် အနာအနည်းငယ် ဖြစ်ပွားပြီး ခြေထောက်လေးဘက်စလုံးဖြစ်ပွားသည့်အတွက် လမ်းလျှောက်နိုင်ခြင်း မရှိသည်ကို တွေ့ရမည်။ အနာများကို ပိုးသတ်ဆေးအပျော့များ လိမ်းပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၀)
No comments:
Post a Comment