လယ်တွင်းသားစောချစ်
ရွာသားမိဘများနှင့် တွေ့ကြည့်ရာမှာတော့ ပြောလိုက်မည် ဆိုလိုက်မည်ဟု အားပါးတရ ဖြစ်နေကြသည်။ ကျွန်တော့်ကိုလည်း ရင်ဖွင့်ပြောပြနေကြသည်။ ကျွန်တော့်ကို သူတို့ အထင်ကြီး လေးစားကြသည်။ ကျွန်တော်လိုက်ပါလာသည်ကို ဝမ်းသာအားရ ဖြစ်နေကြသည်။
ဆရာကြီးဦးထွန်းသိန်းကတော့ ကျွန်တော့်ကို ခေါ်ပြောနှုတ်ဆက်မလုပ်ပါ။ ကျွန်တော်ပါလာသည်ကိုလည်း သဘောကျဟန် မတူပါ။ ရွာသားများ၏ တိုင်ကြားချက်အရ ပညာအုပ်နှင့်အတူ သူ့ကို ဝိုင်းဝန်းနှိပ်ကွပ်ရန် လိုက်လာသည်ဟု ယူဆဟန် တူပါသည်။
အခမ်းအနား စတင်သောအခါ အခမ်းအနားမှူးက လက်သစ် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးထွန်းသိန်းကို ရွာလူကြီးများနှင့် ကျောင်းသားမိဘ ရှစ်ဆယ်ကျော်တို့ လက်မှတ်ရေးထိုးပြီး မြို့နယ်ပညာရေးမှူးထံ တိုင်ကြားထားသည်ကို မြို့နယ်ပညာရေးမှူးက စစ်ဆေးမေးမြန်းရန်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူးကြီးက စတင်စစ်ဆေးမေးမြန်းနိုင်ပြီဖြစ်ကြောင်း ကြေညာပါသည်။
လက်ခုပ်သံများ အားပါးတရ ထွက်လာပါသည်။
“ကျွန်တော် နည်းနည်းလောက် ပြောလို့ရမလား”
ကျွန်တော်က ကျွန်တော့်ဘေးနားမှာရှိသော မြို့နယ်ပညာရေးမှူးကို ခွင့်တောင်းပါသည်။
“ရပါတယ် ပြောပါ”
မြို့နယ်ပညာရေးမှူးက ကျွန်တော့်ကို ချစ်ခင်သည့်အနေဖြင့် ခွင့်ပြုပါသည်။
ရွာမှ မိဘများ၏ မျက်နှာများ ပြုံးရွှင်စွာဖြင့် ကျွန်တော့်ဘက်ကို ကြည့်နေကြသည်။
သူတို့လည်း ကျွန်တော့်ကို ခင်မင်ကြပါသည်။
‘‘ဆရာတော်ကို ရိုသေစွာ ရှိခိုးကန်တေ့ာပါတယ်။ ရွာသူရွာသားအားလုံးကို ချစ်ခင်လေးစားကြောင်း ပြောကြားလိုပါတယ်။ အစီအစဉ်ထဲ မပါဘဲနဲ့ ကျွန်တော် စကားပြောခွင့်တောင်းတာကို ခွင့်ပြုပေးတဲ့ မြို့နယ်ပညာရေးမှူးကြီးကို ကျေးဇူးတင်ကြောင်း လေးစားစွာ ဦးစွာပြောလိုပါတယ်”
ကျွန်တော် စကားပြောခွင့်တောင်းရတဲ့ အဓိကအကြောင်းကတော့ မကျေနပ်တာတွေ ရှိရင်လည်း ကြေကြေလည်လည် ညှိနှိုင်းကြဖို့ပါ။ သူ့ဘက်ကိုယ့်ဘက်၊ သူ့အားနည်းချက်၊ ကိုယ့်အားနည်းချက်၊ သူ့အားသာချက်၊ ကိုယ့်အားသာချက်ဆိုတာ ရှိတတ်ပါတယ်။
ကျွန်တော့်ကျောင်းမှာ လေးတန်းကို လေးနှစ်ဆက်တိုက် တန်းလုံးကျွတ်အောင်တာ ဘာမှမဆန်းပါဘူး။ ဆရာမဒေါ်ခင်ဌေးကို အသေအချာ တာဝန်ပေးပြီး တစ်နှစ်လုံး အသေအချာ သင်ခွင့်ရပါတယ်။ ဆရာမ ကျောင်းမပျက်သလို ကျောင်းသားကျောင်းသူတွေလည်း ဘယ်သူမှ မပျက်ကြပါဘူး။ ဆရာမကျက်ခိုင်းတဲ့ စာတွေကိုလည်း အကုန်ရအောင် ကျက်ရတယ်။ ဆရာမ ဖြေခိုင်းတာတွေလည်း အကုန်ဖြေရတယ်။ သူ့အတန်း လေးတန်းကလွဲပြီး ဘယ်အတန်းမှ မသင်ရဘူး။
ဒီကျောင်းမှာ ကြည့်ရအောင်။ တစ်ကျောင်းလုံးကို ဆရာကြီး ဦးထွန်းသိန်းတစ်ယောက်တည်း သင်ရတယ်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း အတန်းအားလုံး ခြောက်တန်းရှိတယ်။ အတန်းအားလုံးကို ဆရာကြီး ဘယ်လိုများ သင်နေလဲ မသိဘူး။ ဒီကျောင်းမှာ ဒေါ်ခင်ဌေးတစ်ယောက်တည်း တာဝန်ယူပြီး သင်ခိုင်းကြည့်ပါ။ သူလည်း တန်းလုံးကျွတ်အောင်မှာ မဟုတ်ပါဘူး။ တန်းလုံးကျွတ်ကျမှာပါပဲ။
ဒေါ်ခင်ဌေး မဟုတ်ဘဲနဲ့ ကျွန်တော့်ကို ဒီကျောင်းပို့ရင် ကျွန်တော်လည်း တန်းလုံးကျွတ်ကျမှာပါပဲ။
ဒေါ်ခင်ဌေး အခုသင်နေတဲ့ လေးတန်းကို ဆရာကြီးဦးထွန်းသိန်းကို တခြားဘယ်အတန်းမှ မသင်ရဘဲနဲ့ သီးခြားတာဝန်ပေးကြည့်ပါ့လား။ သေချာပါတယ်။ တန်းလုံးကျွတ်အောင်မှာပါပဲ။ ဒါကို ကျွန်တော်က အထောက်အထား မရှိဘဲနဲ့ ပြောတာမဟုတ်ပါဘူး။ အသေအချာ အထောက်အထားနဲ့ ပြောမှာပါ။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ဆရာမဒေါ်ခင်ဌေးက လေးတန်းကျောင်းသား နှစ်ယောက်ရဲ့ လေ့ကျင့်ခန်းစာအုပ်တွေ ပြပါတယ်။ သင်္ချာလေ့ကျင့်ခန်းစာအုပ်မှာ အဲဒီကျောင်းသားနှစ်ယောက်ဟာ သင်္ချာတွက်ထားတာ သိပ်စနစ်ကျတယ်။ ဘေးမျဉ်းတားတာ၊ ရက်စွဲတပ်တာ၊ တွက်နည်းအဆင့်ဆင့်မှန်တာ၊ စာပြည့်စုံအောင်ရေးတာ၊ အဖြေထုတ်တာ မျဉ်းပိတ်တာကစပြီး အားလုံးစနစ်ကျတယ်။ ကျန်တဲ့လေ့ကျင့်ခန်းစာအုပ်တွေလည်း သပ်ရပ်တယ်။ စနစ်ကျတယ်။ အဲဒီကလေးနှစ်ယောက်ဟာ ဒီကျောင်းက သုံးတန်းအောင်ပြီး လေးတန်းရောက်မှ ကျွန်တော့်ကျောင်းကို ရောက်လာတာပါ။ ဆရာကြီးဦးထွန်းသိန်း သင်ထားတယ်။ စနစ်ကျကောင်းမွန်တယ်လို့ ဆရာမက ကျွန်တော့်ကို ပြောတာပါ။ အဲဒီကလေးနှစ်ယောက် ဒီကျောင်းမှာ ဆက်နေရင်လည်း အောင်မှာ သေချာပါတယ်။ ဒေါ်ခင်ဌေးက ပြောပါတယ်။ ကျွန်မက အချောင်နာမ ည်ကောင်း ရဦးမယ်တဲ့”
ရယ်သံတချို့ ထွက်လာပါသည်။
‘‘ဒီကျောင်းမှာ ဆရာကြီး ကျောင်းပျက်တာရှိသလို ကလေးတွေကလည်း ပိုပျက်တယ်လို့ ဆရာတော်က ပြောပါတယ်”
ဘုန်းတော်ကြီးက ခေါင်းညိတ်ပြသည်။
‘‘မိုးတွင်းစိုက်ပျိုးချိန်ဆိုရင် အများစု ကျောင်းမလာတော့ဘူးတဲ့။ မိုးကုန်လို့ လယ်ယာလုပ်ငန်းနားမှာပဲ ကျောင်းပြန်တက်ကြတယ်တဲ့။ ဆရာတော်ကြီး ပြောတာပါ။ တကယ်တော့ အဲဒီအရေအတွက်ဟာ ဆရာနှစ်ယောက်ရှိရမှာပါ။ ဆရာကြီးက တစ်ယောက်တည်း သင်နေရတယ်။
ကျွန်တော့်ကို ဒီကျောင်းပို့ပြီး ဆရာကြီးလို သင်ရမယ်ဆိုရင် ကျွန်တော်လည်း အတိုင်ခံရမှာ သေချာပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”
ကျွန်တော် ထိုင်လိုက်ပါတယ်။ ဘယ်သူမှ လက်ခုပ်သြဘာ မပေးကြပါဘူး။ ကျွန်တော် ပြောသည်က သူတို့ကြားချင်သော စကားများ မဟုတ်ပါ။ သူတို့ ငြင်း၍လည်း ရမည်မဟုတ်ပါ။ ဘာမျှလည်း ထမပြောကြတော့ပါ။
မြို့နယ်ပညာရေးမှူးက မတ်တပ်ထလာပါသည်။
‘‘ဆရာဦးတင်လှိုင်က ကြိုကြိုတင်တင် ထပြောလိုက်တာ ကောင်းသွားပါတယ်။ ကျွန်တော်ကလည်း လက်မှတ်ထိုးပြီး တိုင်ကြားတဲ့စာကိုဖတ်ပြီး ဆရာကြီးအပေါ် အတော်မကျေမနပ် ဖြစ်နေတာပါ။ စုံစမ်းသိရသလောက်တော့လည်း ဆရာကြီးက ကျောင်းပျက်တာ၊ အရက်သောက်တယ် ဆိုတာ မှန်တယ်။ ကျောင်းချိန်ပြင်ပသောက်ရင်တော့ မပြောချင်ပါဘူး။ ကျောင်းမတက်ဘဲနဲ့ အရက်သောက်နေရင်တော့ ဘယ်ကောင်းမလဲ။ ကျွန်တော်လည်း ရောက်ရောက်ချင်း ဆရာတော်ကို ကန်တော့ပြီးပါပြီ။ ဆရာတော်က ပြောပါတယ်။ စိုက်ချိန်ပျိုးချိန်ဆိုရင် ကျောင်းသားတွေက မလာတော့ဘူးတဲ့။ ဒါကျတော့ မိဘတွေဘက်က ပျက်ကွက်တာ။ ကျောက်မီးရွာနဲ့ ကွာသွားပြီ။
နောက်ဆုံးတော့ အဓိကတရားခံက ကျွန်တော်တို့ ပညာရေးဌာနပါ။ ကျောင်းသားရှစ်ဆယ်ကျော်ရှိရင် ဆရာနှစ်ယောက်ပေးရမှာပါ။ ကျွန်တော်တို့က ဆရာကြီးကို တစ်ယောက်တည်း ပစ်ထားသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ဘက်မှာလည်း ဆရာထပ်တိုးပေးစရာ မရှိသေးလို့ပါ”
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)
No comments:
Post a Comment