October 26, 2020

ဝက်မွေးမြူရေး ဖွံ့ ဖြိုးတိုးတက်စေရန် လိုက်နာရမည့်အချက်များ

ထွန်းထွန်း(မွေး/ကု)

        စီးပွားဖြစ် ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက် (၅) ရပ်ဖြင့် အကောင်အထည်ဖော် မွေးမြူခဲ့ကြပြီး ယင်းရည်ရွယ်ချက် (၅) ရပ်မှာ စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်စေရန်၊ တစ်နိုင်ငံလုံး အသားထုတ်လုပ်မှုကို တိုးတက်စေရန်၊ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် မွေးမြူသူများ ဝင်ငွေတိုးတက်လာစေခြင်းဖြင့် ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုရန်၊ လူတစ်ဦးချင်း အသားစားသုံးမှုနှုန်း တိုးတက်လာစေရန်နှင့် ဝက်မွေးသူများ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ပြီး မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း

        ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်စေရန် အဓိကအရေးကြီးသောအချက်မှာ မျိုးကောင်းမျိုးသန့်ကို မွေးမြူရန်လိုအပ်ပါသည်။ မွေးမြူသောဝက်သည် ကျွေးမွေးသောအစာမှ အသားပြောင်းလဲမှု၊ (FCR)မြင့်မားမှု၊ ရောင်းတန်းဝင်အသားအရည်အသွေးကောင်းမှု၊ ရောဂါဒဏ် ခံနိုင်ရည်ရှိမှုတို့ကို ဦးစားပေးရွေးချယ်ရပါမည်။ထုတ်လုပ်မှုကောင်းသည့် ဝက်မျိုးများဖြစ်သည့် ဂျူးရော့ဂျာစီဝက်မျိုးသည် ရွှေနီရောင်ခန္ဓာကိုယ်ရှိပြီး ကြံ့ခိုင်မှုရှိသည်။ ရာသီဥတု၏ ပြင်းထန်မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ သားထိန်းကောင်းခြင်း၊ သားပေါက်ကောင်းခြင်း၊ သားစပ်ရာတွင် အထီးလိုင်းအဖြစ် အသုံးများသည်။

        ရော့ရှိုင်းယားဝက်မျိုးသည် အဖြူရောင်ရှိပြီး နားရွက်ထောင်သည်။ ခန္ဓာကိုယ်ရှည်လျား၊ ဦးခေါင်းကြီး၊ သားပေါက်၊ သားထိန်းကောင်းသည်။ မျက်နှာအနည်းငယ်ခွက်၍ နှာတံရှည်သည်။

        လင်းဒရေ့စ်ဝက်မျိုးသည် အဖြူရောင်ရှိပြီး နားရွက်ရှည်ပြီး မျက်နှာပေါ်သို့စိုက်ကြသည်။ ဦးခေါင်းသေး၊ ခန္ဓာကိုယ်ရှည်လျားပြီး သားပေါက်ကောင်းသည်။ လက်ပြင်၊ ပေါင်ကြီးသည်။

        ဘက်ရှိုင်းယားဝက်မျိုးသည် တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ခြေလေးချောင်း၊ နှာဖျား၊ အမြီးဖျားတွင် ဖြူသောအရောင် ပါရှိသည်။ ရာသီဥတုဒဏ် ခံနိုင်သည်။ ဖော်ပြပါဝက်များသည် အရည်အသွေးကောင်းမွန်သည်။ ၄င်းဝက်များကို ဒေသဝက်များ မျိုးမြှင့်သားစပ်ခြင်းဖြင့်လည်းကောင်း မွေးမြူနိုင်သည်။

မွေးမြူရေးခြံနေရာရွေးချယ်ခြင်း

        ဝက်ခြံသည် လူနေအိမ်နှင့် ဝေးသောနေရာဖြစ်ရပါမည်။ လေဝင်လေထွက်ကောင်းမွန်ရမည်။ ရောဂါထိန်းချုပ်မှု လွယ်ကူရမည်။ အညစ်အကြေးစွန့်ထုတ်မှုအတွက် ရေစီးဆင်းမှုကောင်းမွန်ရမည်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ရမည်။

        ဝက်တစ်ကောင်အတွက် ကြမ်းခင်းဧရိယာလိုအပ်ချက်မှာ အသားတိုးဝက် ၁၅ စတုရန်းပေ၊ ဝက်သိုးတစ်ကောင် ၁၆ ဒသမ ၅ စတုရန်းပေ၊ မျိုးဝက်တစ်ကောင် ၁ဝ စတုရန်းပေ၊ နို့ပေးဝက်မ ၅၅ စတုရန်းပေဖြစ်သည်။အစာကျွေးမွေးရာတွင်လည်း ဝက်စာသည် အသားထုတ်လုပ်မှုကုန်ကျစရိတ်၏ ၆၅ ရာခိုင်နှုန်းရှိသဖြင့် အစာကို အလေအလွင့်မရှိအောင် ကျွေးမွေးရမည်။ ဝက်စာကို အရည်အသွေးပြည့်အစာကို ကျွေးမွေးခြင်းဖြင့် မျိုးရိုးဗီဇကောင်းမွန်မှုကို ထိန်းနိုင်သည်။ အစာမှ အသားပြောင်းလဲမှု မြင့်မားသည်။ အာဟာရကောင်းမွန်သဖြင့် ခံနိုင်ရည်ရှိပြီး ရောဂါဖြစ်ပွားမှု နည်းသည်။ ဝက်ကလေး သီးသန့်စာတွင် အသားဓာတ် ၁၈ ရာခိုင်နှုန်း၊ သားခွဲဝက်စာတွင် အသားဓာတ် ၁၇ ရာခိုင်နှုန်း၊ အသားတိုးဝက်စာ ၁၄ ရာခိုင်နှုန်း၊ နို့ပေးဝက်မကြီးစာ အသားဓာတ် ၁၄ ရာခိုင်နှုန်းရှိရပါမည်။

ဓာတ်ပုံ - pinimg

        ဝက်စာများအနေဖြင့် ဝက်ကြီးအစာအဖြစ် ဖွဲနု ၂ဝ ရာခိုင်နှုန်း၊ ဆန်ကွဲ ၅၅ ရာခိုင်နှုန်း၊ နှမ်းဖတ် ၄ ရာခိုင်နှုန်း၊ ပဲဖတ် ၅ ရာခိုင်နှုန်း၊ ပြောင်းမှုန့် ၁ဝ ရာခိုင်နှုန်း၊ ငါးခြောက်မှုန့် ၄ ရာခိုင်နှုန်း၊ ဖြည့်စွက်စာ ၂ ရာခိုင်နှုန်းတို့ကို ရောစပ်ကျွေးမွေးရပါမည်။

        အလားတူ ဝက်လတ်အစာအဖြစ် ဖွဲနု ၁၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၃၂ ရာခိုင်နှုန်း၊ နှမ်းဖတ် ၅ ရာခိုင်နှုန်း၊ ပဲဖတ် ၈ ရာခိုင်နှုန်း၊ ပြောင်းမှုန့် ၃၃ ရာခိုင်နှုန်း၊ ငါးခြောက်မှုန့် ၅ ရာခိုင်နှုန်း၊ ဖြည့်စွက်စာ ၂ ရာခိုင်နှုန်းတို့ကို ရောစပ်ကျွေးမွေးရပါမည်။

        ထို့အတူ ဝက်ငယ်အစာအဖြစ် ဖွဲနု ၁၁ ရာခိုင်နှုန်း၊ ဆန်ကွဲ ၃၁ ရာခိုင်နှုန်း၊ နှမ်းဖတ် ၅ ရာခိုင်နှုန်း၊ ပဲဖတ် ၁၃ ရာခိုင်နှုန်း၊ ပြောင်းမှုန့် ၃၂ ရာခိုင်နှုန်း၊ ငါးခြောက်မှုန့် ၇ ရာခိုင်နှုန်း၊ ဖြည့်စွက်စာ ၁ ရာခိုင်နှုန်းတို့ကို ရောစပ် ကျွေးမွေးရပါမည်။

        ဝက်ငယ်အစာအဖြစ် ဖွဲနု ၁၁ ရာခိုင်နှုန်း၊ ဆန်ကွဲ ၃၁ ရာခိုင်နှုန်း၊ နှမ်းဖတ် ၅ ရာခိုင်နှုန်း၊ ပဲဖတ် ၁၃ ရာခိုင်နှုန်း၊ ပြောင်းမှုန့် ၃၂ ရာခိုင်နှုန်း၊ ငါးခြောက်မှုန့် ၇ ရာခိုင်နှုန်း၊ ဖြည့်စွက်စာ ၁ ရာခိုင်နှုန်းတို့ကို ရောစပ်ကျွေးမွေးရပါမည်။

        အသားတိုးဝက်အစာအဖြစ် ဖွဲနု ၂ဝ ရာခိုင်နှုန်း၊ ဆန်ကွဲ ၅၃ ရာခိုင်နှုန်း၊ နှမ်းဖတ် ၅ ရာခိုင်နှုန်း၊ ပဲဖတ် ၅ ရာခိုင်နှုန်း၊ ပြောင်းမှုန့် ၁၁ ရာခိုင်နှုန်း၊ ငါးခြောက်မှုန့် ၅ ရာခိုင်နှုန်း၊ ဖြည့်စွက်စာ ၁ ရာခိုင်နှုန်းတို့ကို ရောစပ်ကျွေးမွေးရပါမည်။

ဝက်သိုးမွေးမြူခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း

        ဝက်သိုးမွေးမြူရာတွင် ခြေ၊ လက်၊ ကြွက်သား ကြံ့ခိုင်တောင့်တင်းမှုရှိရမည်။ မျိုးရိုးဗီဇဆက်ခံမှု မြင့်မားရန် ဝက်သိုးခန္ဓာကိုယ်၏ အလျားနှင့် အမြင့်မှာ အရေးကြီးပါသည်။ ဝက်သိုးတစ်ကောင်သည် သားပေါက် ကောင်ရေ ၁ဝ ကောင်အထက်နှင့် သားခွဲကောင်ရေ ရှစ်ကောင်အထက် ရရှိနိုင်ပါသည်။

        ဝက်သိုးအသက် ရှစ်လ၊ ကိုးလတွင် တစ်လနှစ်ကြိမ် သားစပ်ပေးသင့်ပြီး တစ်နှစ်အထက်မှ ခြောက်နှစ်ထိ တစ်ပတ်သုံးကြိမ် သားစပ်ပေးနိုင်သည်။ တချို့က တစ်ပတ် ငါးကြိမ်ထိ စပ်ကြသည်။ နောက်ပိုင်းဝက်မများတွင် ဝက်ကလေးပေါက်ဖွားမှု နည်းသွားပါသည်။ သားစပ်ပြီးတိုင်း အာဟာရပြည့်ဝသော အစာများကို ကျွေးမွေးရမည်။ ဝက်သိုးတစ်ကောင် တစ်နေ့ အစာလိုအပ်ချက်မှာ တစ်ပိသာခွဲခန့် ဖြစ်သည်။ အစာစိမ်းအဖြစ် အာတာလွတ်အရွက်၊ ပါရာမြက်၊ ဗေဒါ၊ ဂေါ်ဖီ၊ ကန်စွန်းရွက်များ ကျွေးနိုင်ပါသည်။

မျိုးဝက်မရွေးချယ်ခြင်း

        ဝက်မတွင် နို့တိုင်အရေအတွက် အနည်းဆုံး ၁၂ တိုင်ရှိပြီး အကွာအဝေးတူညီရမည်။ သားပေါက်နှုန်း ၁ဝ ကောင်မှ ၁၂ ကောင်ရှိပြီး သားထိန်းကောင်းမွန်ရမည်။ သားစပ်ခြင်းနှင့် မီးမဖွားမီ ပြုစုစောင့်ရှောက်ရာတွင် ဝက်မတမ်းများသည် အသက် ခုနစ်လမှ၊ ရှစ်လအရွယ်တွင် မြိုင်စတင်ပေါ်နိုင်ပြီး ဒုတိယမြိုင်တွင် စတင်သားစပ်ပေးနိုင်ပါသည်။ သားမပေါက်မီ တစ်ပတ်အလိုတွင် သားပေါက်ခန်းသို့ ရွှေ့ပြောင်းရမည်။ ကြမ်းခင်းတွင် ကောက်ရိုး၊ မြက်ခြောက်ထည့်ပေးရမည်။ သားမပေါက်မီ သုံးပတ်အလိုတွင် အစာကို စားနေကျပမာဏထက် လျှော့ကျွေးရမည်။ ဝက်မကြီး၏ ကိုယ်ဝန်ကာလမှာ ၁၁၃ ရက်မှ ၁၁၅ ရက်ဖြစ်သည်။ ဝက်ကလေးမွေးဖွားရန် စုစုပေါင်း ၁ နာရီမှ ၁၂ နာရီထိ ကြာနိုင်ပါသည်။ နောက်ဆုံးဝက်ကလေး မွေးပြီးသည့်အချိန်တွင် အချင်းကျ မကျ စစ်ဆေးရမည်။ တစ်နှစ်နှစ်သားအထက်ရရှိစေရန် ဝက်မကြီးသားခွဲပြီး ငါးရက်အကြာတွင် မြိုင်ပေါ်လျှင်ပေါ်ခြင်း သားပြန်စပ်ပေးရန် လိုအပ်ပါသည်။

ဝက်ကလေးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း

        မွေးဖွားပြီးသည့် ဝက်ကလေး၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့တွင် ကပ်ညိနေသော အရိအချွဲများကို သန့်ရှင်းခြောက်သွေ့သည့်အဝတ်ဖြင့် ဖယ်ရှားပေးရမည်။ ဝက်မကြီးရှိ နို့သီးအရေအတွက်ထက် ဝက်ကလေးကောင်ရေ ပိုမွေးပါက အသေးဆုံးကောင်အား ဖယ်ထုတ်ရမည်။ သို့မဟုတ် နို့ဘူးတိုက်ပေးပါ။ ဝက်မကြီးဖိမိခြင်းကြောင့် သေဆုံးမှုမရှိစေရန် ကြိုတင်စီမံထားရမည်။ ဝက်ပေါက်လေးများကို ခြောက်သွေ့သောနေရာတွင် ထားရမည်။ ဝက်ကလေးများ သွေးအားနည်းရောဂါမဖြစ်စေရန် သံဓာတ်အားဆေး အသက်သုံးရက်သားတွင် တစ်ကြိမ်၊ အသက် နှစ်ပတ်အရွယ်တွင် တစ်ကြိမ် ၁ဝဝ မှ ၁၅ဝ မီလီဂရမ်ထိုးပေးရမည်။ ဝက်ကလေးများ နှစ်ပတ်သားအရွယ်မှစ၍ ဝက်ကလေးသီးသန့်စာ ကျွေးပေးရပါမည်။ ကျွေးမွေးစောင့်ရှောက်မှု၊ အာဟာရပြည့်ဝမှုအပေါ် မူတည်၍ လေးပတ်မှ ခြောက်ပတ်အရွယ်တွင် သားခွဲနိုင်သည်။

ကူးစက်ရောဂါကာကွယ်ခြင်း

        ဝက်ဝမ်းကျကာကွယ်ဆေး ဝက်ကလေးတစ်လခွဲနှင့်အထက်၊ တစ်နှစ်တစ်ကြိမ်ထိုးရန်၊ ဝက်ပုလိပ်ကာကွယ်ဆေး သုံးလသားနှင့်အထက် ခြောက်လတစ်ကြိမ် အခြားကာကွယ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထိုးပေးရပါမည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၁)

No comments:

Popular Posts