October 19, 2020

ရွေးကောက်ပွဲနှင့် အိုင်တီနည်းပညာခေတ်

ထူးကျော်ဝင်း

        ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကတော့ နီးကပ်လာပါပြီ။ နီးကပ်လာတာနဲ့အတူ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကပ်ဘေးကတော့ မြန်မာနိုင်ငံအတွက် နေ့စဉ်နဲ့အမျှ ရိုက်ခတ်နေတာပါပဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ အွန်လိုင်းကနေတစ်ဆင့် မဲစာရင်းပါ မပါ စစ်ဆေးနိုင်ဖို့ စီစဉ်လုပ်ဆောင်ပေးထားတာ တွေ့ရပါတယ်။ အတော်လေး အသုံးပြုရလွယ်ကူတဲ့ အနေအထားပါ။ နာမည်၊ အဖအမည်၊ မဲဆန္ဒနယ်၊ မှတ်ပုံတင်နဲ့ မွေးသက္ကရာဇ်ကို ထည့်ရိုက်လိုက်ပြီး ရှာလိုက်တာနဲ့ မဲစာရင်းပါရင် အတိအကျ မဲပေးရမယ့် မဲရုံနဲ့အတူ ပေါ်လာပြီး၊ မပါသူဆိုလည်း စုံစမ်းမေးမြန်း ပြန်လည်လျှောက်ထားနိုင်တဲ့အခါ ဆက်သွယ်ရမယ့် သက်ဆိုင်ရာ ရပ်ကျေးရွေးကော် လူကြီးတွေနဲ့ ဖုန်းနံပါတ်တွေပါ တစ်ပါတည်း ညွှန်းပေးထားပါတယ်။ အွန်လိုင်းကနေပဲ စာတိုပို့ပြီး လျှောက်ထားလည်းရတဲ့ သဘောပါ။ ကပ်ဘေးကာလ Stay at Home အစီအစဉ်လည်း ကြေညာထားတာမို့ ရွေးကော်ရဲ့ စီစဉ်ဆောင်ရွက်မှုကတော့ အချိန်အခါကိုက် အသုံးဝင်တယ်လို့ ဆိုရပါမယ်။ သက်ကြီးပိုင်းတွေ၊ ကျေးလက်နေပြည်သူတွေအတွက်တော့ ဒီလိုနည်းပညာပိုင်းက ဘယ်လိုနေမလဲ မသိပါဘူး။ နည်းလမ်းတစ်ခုခုနဲ့တော့ ဖြေရှင်းဆောင်ရွက်ကြမယ်လို့ ယူဆပါတယ်။

        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာ ၃၀ ရက်နေ့က သူ့တရားဝင် ဝက်ဘ်ဆိုဒ်မှာကြေညာလမ်းညွှန်ထားတာကို ဖော်ပြရမယ်ဆိုရင် -

        “အဆင့်(၁) - သင်၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်း၏ browser တွင် https://findyourpollingstation.uec. gov.mm လိပ်စာကို ရိုက်ထည့်ပါ။ သို့မဟုတ် QR code ကို scan ဖတ်ပါ (မူရင်းမှာတော့ QR Code ကို ဖော်ပြထားပါတယ်)

        အဆင့်(၂)- ဝက်ဘ်ဆိုဒ်သို့ ရောက်ရှိပါက “စတင်မည်”ကို နှိပ်ပါ။ ဒုတိယစာမျက်နှာသို့ ရောက်ရှိပါက သင်၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အမည်တို့ကို ရွေးချယ်ပါ။ ထို့နောက် သင်၏ အချက်အလက်များကို ယူနီကုဒ်ဖောင့် အသုံးပြု၍ ဖြည့်သွင်းပါ။ * ပြထားသောနေရာတွင် မဖြစ်မနေ ထည့်သွင်းရမည်။ မှတ်ပုံတင်နံပါတ်ဖြစ်စေ ၊ မွေးသက္ကရာဇ်ဖြစ်စေ တစ်ခုခုကို ဖြည့်သွင်းရမည်။

        အဆင့်(၃) – “ရှာမည်”ကို နှိပ်ပါ။ အကယ်၍ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက သို့မဟုတ် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ သွားရောက်၍ လိုအပ်သည့် ပုံစံများ တောင်းယူဖြည့်စွက်ပါ။ ကြည့်ရှုစစ်ဆေးရန် အသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက် စာမျက်နှာ - https://uec.gov.mm နှင့် Facebook စာမျက်နှာ - https://www.facebook.com/uecmyanmar တို့တွင်လည်း လေ့လာနိုင်ပါသည်”လို့ ဖော််ပြထားပါတယ်။

ဓာတ်ပုံ - assets.2ser.com

        ကိုဗစ်ကပ်ဘေးအလယ်မှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုင်ငံတွေမှာဆိုလည်း အိုင်တီနည်းပညာကိုပဲ အဓိကထား အားကိုးစီမံခဲ့ကြတာ ဖြစ်တယ်။ တောင်ကိုရီးယားဆို ဆေးရုံက လူနာကအစ အီးမေးလ်ကနေတစ်ဆင့် မဲပေးလို့ရအောင် စီစဉ်ခဲ့တာပါ။ စင်ကာပူဆိုလည်း သိပ်မကြာသေးခင်ကမှ ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့တယ်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံရဲ့ ကြုံဖူးသမျှ အကျပ်အတည်းထဲ အကြီးမားဆုံး ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကာလမှာ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တယ်လို့ ဂုဏ်ယူဝံ့ကြွားဆိုတော့ စင်ကာပူနိုင်ငံသားတွေကိုယ်တိုင် သူ့ပြောစကားကို မအံ့ဩခဲ့ပါဘူး။ တကယ်လည်း အောင်မြင်ခဲ့လို့ပါ။ အတိုက်အခံနိုင်ငံရေး အင်အားစုတွေကတော့ အစပထမပိုင်း စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒီကပ်ဘေးအကြပ်အတည်းကနေပြီး အာဏာရပါတီအစိုးရ ပြည်သူကို လိုသလို အသုံးချမဲဆွယ်သွားမယ်ဆိုတာကိုပါပဲ။ ဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြင့်နေစဉ်အတွင်း လူထုလူဝေးလုပ်တာတွေကို တားမြစ်ကန့်သတ်တဲ့အတွက် သူတို့အတွက် မဲဆွယ်စည်းရုံးဖို့ အခက်အခဲဖြစ်တယ်ဆိုတဲ့ အမြင်နဲ့လည်း ကြည့်ရှုတာ ပါပါတယ်။ စင်ကာပူခေါင်းဆောင်ကိုယ်တိုင် ဆိုရှယ်မီဒီယာကနေပြီး တောက်လျှောက် အမြဲမပြတ် ပြည်သူကို သတင်းစကား ပြောပါတယ်။ ဒီမှာဆို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကို အသုံးပြုပြီးအများပြည်သူကို အစီရင်ခံတာ၊ သတင်းစကားပါးတာ၊ လမ်းညွှန်ချက်တွေကို ဝေငှတာမျိုးသဘောပါပဲ။ ကပ်ဘေးကာလထဲ နိုင်ငံ့ခေါင်းဆောင်တွေလည်း အိုင်တီနည်းပညာနဲ့ ဆိုရှယ်မီဒီယာကို မသုံးမဖြစ်ကို ကျယ်ကျယ် ပြန့်ပြန့်သုံးလာရတဲ့ သဘောကတော့ မြင်သာလှပါတယ်။

        စင်ကာပူဟာ Covid-19 Special Arrangements ဆိုတဲ့ ဥပဒေကြမ်းကို ပါလီမန်မှာ တင်သွင်းပြီး ကိုဗစ်ကပ်ဘေးကာလအတွင်း အများပြည်သူ မဲပေးမှုအဆင်ပြေချောမွေ့စေအောင် အထူးဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အားဖြည့်ပေးခဲ့တယ်။ ဥပဒေကြမ်းပါ ဦးစားပေးကိစ္စရပ်တွေထဲမှာ ပိုးကူးစက်ခံနေရတဲ့ စင်ကာပူနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကို ကူညီပံ့ပိုးပေးဖို့၊ ဗိုင်းရပ်စကူးစက်မှုကို လျော့ကျစေဖို့အတွက် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်ဖို့ စတာတွေ ပါဝင်ပါတယ်။ ပြည်သူတွေ နေအိမ်တွင်းနေထိုင်ဖို့ (Stay at Home) အစီအစဉ်ကို ထပ်မံထည့်သွင်းထားသလို အသွားအလာ ကန့်သတ်တာတွေလည်း ပါဝင်တယ်။ အဲလို အကန့်အသတ်ခံထားရသူ မဲဆန္ဒရှင်ပြည်သူတွေကိုလည်း သူတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်ထဲမှာ အဆင်ပြေပြေ မဲပေးနိုင်ဖို့အတွက် စီမံပေးဖို့ ဥပဒေကြမ်းထဲ ထည့်သွင်းရေးဆွဲခဲ့တယ်။ မဲစာရင်းကောက်တာ၊ ကြေညာတာ၊ မဲစာရင်း ပြင်ဆင်အတည်ပြုတာတွေကို နည်းပညာသုံးပြီး တတ်နိုင်သလောက် လူစုလူဝေးမဖြစ်အောင် စီစဉ်ခဲ့တယ်။ ဒါကြောင့် စင်ကာပူရွေးကောက်ပွဲလည်း အောင်မြင်ချောမွေ့စွာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

        မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း စက်တင်ဘာ ၂၉ ရက်နေ့က The Asia Foundation၊ International Institute for Democracy and Electoral Assistance (International IDEA)တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ထားတဲ့ mVoter Mobile application မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ မိုဘိုင်း application ကတော့ နေအိမ်တွင်း အပြင်မထွက်ဘဲ နေထိုင်နေတဲ့ ပြည်သူတွေကို အထောက်အကူပေးမယ့် နည်းပညာပါပဲ။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးစွဲနေသူပေါင်းက ၂၂ သန်းလောက်ရှိပြီး ဒီ mVoter 2020 Mobile အပလီကေးရှင်းကနေပြီး ရွေးကောက်ပွဲဆိုင်ရာ သိလိုတဲ့ သတင်းအချက်အလက်တွေကို မဲဆန္ဒရှင်တွေက ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်တယ်။ ဒီအပလီကေးရှင်းထဲမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေအလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆန္ဒရှင် ပြည်သူတွေဆီကနေ မေးလေ့မေးထရှိတဲ့ မေးမြန်းချက်တွေနဲ့ အဖြေတွေ၊ မဲပေးပုံပေးနည်း၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်၊  ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အသိပညာပေး သတင်းအချက်အလက်တွေအကြောင်း ပါဝင်တယ်လို့ သိရပါတယ်။ mVoter 2020 application ကိုလည်း www.maepaysoh.org မှာ ဒေါင်းလော့ဆွဲယူနိုင်ပြီး အသုံးပြုပုံအဆင့်ဆင့်ကို ပြည်ထောင်စု ရွေးကော်ရဲ့ ဝက်ဘ်ဆိုဒ်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြည့်ရှုလို့ရတယ်လို့ သိရပါတယ်။

        ပညာရှင်တွေရဲ့ ပြောဆိုသတ်မှတ်ချက်တွေအရ လက်ရှိကမ္ဘာကြီးဟာ Globalization 4.0 ခေတ်ကာလကိုရောက်နေတယ်လို့ ဆိုပါတယ်။ သဘောကတော့ နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေကြား အပြန်အလှန် ကူးလူးဆက်ဆံမှုသဘာဝက ပိုပြီးအမျိုးစုံ ကွဲပြားခြားနားလာပြီး စိတ်ကူးအကြံညဏ်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဖော်ထုတ်လုပ်ဆောင်ရာမှာလည်း ဒစ်ဂျစ်တယ်နည်းပညာပေါ် အများဆုံး မှီခိုအားထားလာရတဲ့ ခေတ်ကာလကို ဆိုလိုတာပါ။ ဒစ်ဂျစ်တယ်နဲ့ အိုင်တီနည်းပညာကြောင့် ကမ္ဘာကြီးက မြေကြောရှုံ့လိုက်သလို ပိုဖြစ်သွားပါတယ်။ ကမ္ဘာ့တစ်ဖက်ခြမ်းက ဖြစ်ရပ်တစ်ခုကို စက္ကန့်မခြား တခြား တစ်ဖက်ခြမ်းကနေ သိနိုင်တဲ့ခေတ်ကို ရောက်နေတာဖြစ်တယ်။ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာကနေ ရောင်းဝယ်ဖောက်ကားမှုနဲ့ ကူးလူးဆက်ဆံမှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်လာနိုင်သလို၊ အခုလို ကိုဗစ်ကပ်ဘေးကာလဆို ပိုလို့တောင် အသုံးပြုမှုကို အရေးပါလာပါတယ်။ ကမ္ဘာ့အဆင့် ခေါင်းဆောင်တွေ အချင်းချင်း အစည်းအဝေးကိုတောင် Webinar လို့ ခေါ်တဲ့ အွန်လိုင်းကနေ ချိတ်ဆက်ပြီး တစ်ဦးကိုတစ်ဦး မြင်နိုင်တဲ့ အစည်းအဝေးမျိုး ပြုလုပ်နေကြရပြီဖြစ်တယ်။ ဒါကြောင့် အချုပ်ပြောရရင် G 4.0 ခေတ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေကိုလည်း ဒစ်ဂျစ်တယ် နည်းပညာနဲ့ အွန်လိုင်းကို အသုံးချပြီး ပြုလုပ်နေကြတာမို့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုနည်းလမ်းတွေနဲ့ ကျင်းပပြုလုပ်အောင်မြင်နိုင်တယ်လို့ ယုံကြည်မိပါကြောင်း။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂၀)

No comments:

Popular Posts