October 20, 2020

ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အရေးပါမှု

ရွှေမင်းအောင်(ကျောက်ပန်းတောင်း)

        မြန်မာနိုင်ငံတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နေမှုမှ ရိတ်သိမ်းချိန်တွင် အလေအလွင့်များမှုတို့ကြောင့် ပဲမျိုးစုံအထွက်၏ ၁၃ ရာခိုင်နှုန်းခန့်အထိ ထိခိုက်လျက်ရှိနေကြောင်းကို IRRI ပညာရှင်များ၏ ဖော်ထုတ်တင်ပြချက်အရ သိရှိရပါသည်။ ထို့ကြောင့် လေလွင့်ပျက်စီးမှု၊ ထိခိုက်မှုမရှိစေရေးတို့အတွက်၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်း နည်းစနစ်များ စနစ်တကျ ဆောင်ရွက်ပေးနိုင်မှသာလျှင် သိုလှောင်စဉ်ကာလ ကျရောက်လေ့ရှိသည့် ဖျက်ပိုးများ၊ စားသုံးသူဘေးအန္တရာယ်ကင်းစင်ရေးနည်းစနစ်များပါ ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါသည်။

        ပဲမျိုးစုံသီးနှံစိုက်ခင်းများမှ သီးတောင့်များ ရင့်မှည့်ချိန်တွင် သီးတောင့်များကို စနစ်တကျ ဆွတ်ခူးရပါမည်။ ခူးဆွတ်၊ ရိတ်သိမ်းချိန် မှန်မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး အလေအလွင့်များနည်းကာ ပြန်လည်စိုက်ပျိုးသည့်အချိန်တွင် အစေ့များမှ အပင်ပေါက်စုံခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

        ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း စသည့် သီးနှံများ ပဲအတောင့်များဝါပြီး အညိုရောင်ပြောင်းချိန် စိုက်ခင်း၏ ၉၅ ရာခိုင်နှုန်း သီးတောင့်ရင့်မှည့်ချိန်တွင် ရိတ်သိမ်းနိုင်ပါသည်။ ကုလားပဲသီးနှံတွင် သီးတောင့်များ ကောက်ရိုးရောင်ပြောင်းလာချိန် အပင်နှင့် အရွက်များ ညှိုးခြောက်လာချိန်တွင် ပဲမျိုးစုံသီးနှံများကို ရိတ်သိမ်းခြွေလှေ့ကြရာတွင် လေလွင့်ဆုံးရှုံးမှုများမရှိစေရန် တမံတလင်းများ သို့မဟုတ် မိုးကာများပေါ်တွင် ရိုက်ခါသည့်စင်ကို တင်ပြီး ခြွေပါ။ ပဲတောင့်များကို အိတ်များအတွင်း ထည့်၍ လက်ဖြင့် ခြွေပေးခြင်းများ ဆောင်ရွက်ရပါမည်။ ခြွေပြီး ရရှိလာသော ပဲစေ့များကို ရောနှောနေသည့် အရွက်ခြောက်၊ ကိုင်းခြောက်၊ အမှိုက်များ၊ မြေကြီး၊ ကျောက်ခဲများ မပါစေရန် စနစ်တကျ ဖယ်ထုတ်ပျာလှေ့ပေးရန် လိုအပ်ပါသည်။

ဓာတ်ပုံ - မသင်းသင်းမြတ်

        သို့မှသာ ထွက်ရှိလာသော ပဲစေ့များအားလုံး ကောင်းမွန်ပြီး အရည်အသွေးပြည့်၀စွာဖြင့် ရရှိလာမည် ဖြစ်ပါသည်။ ပဲမျိုးစုံအစေ့အဆန်များအတွင်း အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲများ ပါရှိပါက ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ သန့်ရှင်းလတ်ဆတ်သော ပဲမျိုးစေ့များ ဖြစ်မှသာလျှင် ဈေးကောင်းကောင်းရရှိခြ င်း၊ သိုလှောင်မှုကာလ ပျက်စီးမှုနည်းခြင်း၊ ကြိတ်ခွဲချိန်လေလွင့်မှုနည်းခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်ပါသည်။

        ပဲမျိုးကွဲများကို အဆင့်အတန်းခွဲခြားရာတွင် ပကတိအမြင်အရ အဆင့်ခွဲခြားခြင်း၊ အရွယ်အစားအရ အကြီး၊ အသေးအဆင့်ခွဲခြားခြ င်း၊ အရောင်းအဝယ်ပြုလုပ်ရာတွင် အကြီး၊ အသေး အဆင့်ခွဲ ရောင်းချခြင်းတို့တွင် အရည်အသွေးကောင်းသော ပဲမျိုးစေ့များသာ စျေးကောင်းရရှိခြင်းတို့ကြောင့် ယခုအခါ ပဲသီးနှံမျိုးစေ့များအရည်အသွေးမြင့်မားလာစေရန် လိုအပ်ကြောင်းကိုလည်း သိရှိလာနိုင်ပါသည်။

        ပဲမျိုးစုံသီးနှံများ သိုလှောင်ထိန်းသိမ်းရာတွင် သတ်မှတ်သည့် အစိုဓာတ် ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း ရောက်သည်အထိ ခြောက်သွေ့စေပြီးမှ သိုလှောင်ခြင်း၊ ခြောက်သွေ့၍ အပူချိန်မမြင့်မားသည့် နေရာတွင်သာ သိုလှောင်ခြင်း၊ လေဝင်လေထွက်များ ကောင်းမွန်စေခြင်း၊ သီးနှံမျိုးစေ့များကို သိုလှောင်ပြီးမျိုးစေ့များ ထုတ်သယ်ယူသည့်အခါတိုင်းတွင် လုံခြုံစွာ ပြန်လည်ထားရှိပေးခြင်းများ ဆောင်ရွက်ရပါမည်။

        ပဲမျိုးစုံသီးနှံများကို သိုလှောင်ကြရာတွင် ရှောင်ကြဉ်ရမည့်အချက်များမှာ အိတ်ဖြင့်သိုလှောင်လျှင် အိတ်အတွင်းရှိ ပိုးမွှားများကင်းစင်အောင် ပြုလုပ်ပြီးမှသာလျှင် သိုလှောင်ပါ။ တိရစ္ဆာန်များ၊ ကြွက်များ ဖျက်ဆီးမှုမရှိစေရန် စနစ်တကျ ဆောင်ရွက်ပါ။ သိုလှောင်ခန်းတွင် အပူချိန်များနေလျှင် အထက်နှင့် အောက် လှန်ပေးခြင်းများ၊ သိုလှောင်ရုံ လေဝင်လေထွက် ကောင်းမွန်အောင် ပြုပြင်ပေးခြင်းများကို စနစ်တကျထားရှိဆောင်ရွက်ပေးသွားရပါမည်။

        ပဲမျိုးစုံသီးနှံမျိုးစေ့များကို အ‌ခြေက်ခံကြရာတွင် အားသာသည့်အချက်များမှာ ပဲစေ့များ၏ အရည်အသွေး ထိန်းထားနိုင်ခြင်း၊ နေရောင်ခြည်ဖြင့် ပိုလျှံနေသောအစိုဓာတ်များကို ဖယ်ရှားခြင်း၊ မကြာခဏ မွှေပေးနိုင်ခြင်း စသည်တို့ စနစ်တကျ မလုပ်ဆောင်ပါက သိုလှောင်ကာလများတွင် ပိုး၊ မှို၊ ဖျက်ပိုးများ ဖျက်ဆီးခြင်းခံရပြီး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။

        မြန်မာနိုင်ငံမှ ပဲမျိုးစုံသီးနှံများ ဓာတုဓာတ်ကြွင်းအာနိသင်ကင်းစင်ရေး၊ နိုင်ငံတကာစျေးကွက်များသို့ ထိုးဖောက်တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသော စားသုံးသီးနှံများဖြစ်သည့် ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း) စသည့် သီးနှံများကိုလည်း GAP စနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ပါက နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိနေသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးအတွက် တောင်သူလယ်သမားကြီးများက ပါဝင်ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို ရယူဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂)

No comments:

Popular Posts