မိုးမခ
တိရစ္ဆာန်မျိုးစုံဖြင့် ပါဝင်ဖွဲ့စည်းထားသော သတ္တလောကကြီးတွင် သဘာဝတောရိုင်းတိရစ္ဆာန်များ ရှိပါသည်။ မွေးမြူရေးအတွက် မွေးမြူထားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက် စသည်ဖြင့် ရှိသည်။ ခွေး၊ ကြောင် စသည့် Pet Animals ဟုခေါ်သည့် အချစ်တော်တိရစ္ဆာန်များလည်း ရှိကြသည်။
လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်က Micro Organism ဟုခေါ်သော အဏုဇီဝပိုးမွားများပင်ဖြစ်သည်။ ရောဂါအသစ်အဆန်းများ ပေါ်လာသလို တစ်ကျော့ပြန်ခေါင်းထောင်လာသော ရောဂါများကလည်း ပြန်လည်ဖြစ်ပေါ်လာကြသည်။ ဆောင်းခိုငှက်များမှ ကူးစက်သည့် H1N1 ကြက်ငှက်တုပ်ကွေးရောဂါ၊ Civet ဆိုသည့် ကြောင်ကတိုးမှကူးစက်သည့် SARS အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မျောက်များမှစတင်ကူးစက်သည့် HIV ကိုယ်ခံစွမ်းအားလျော့နည်းကျဆင်းရောဂါ စသည်များပင် ဖြစ်ပါသည်။ မွေးမြူရေးတိရစ္ဆာန်များတွင်ဖြစ်သည့် ကျွဲ၊ နွားထောင့်သန်းရောဂါ၊ ကြက်ငှက်တုပ်ကွေး၊ ငှက်တုပ်ကွေးများအပြင်၊ ခွေး၊ ကြောင်များမှ ကူးစက်နိုင်သည့် ခွေးရူးရောဂါ၊ သန်ပြားကောင်ရောဂါ၊ Leptospirosis ဟုခေါ်သော ဆီးသွေးပါရောဂါ စသည့်ရောဂါတို့သည် တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သည်သာမက ထင်သာမြင်သာရှိသော ရောဂါများပင်ဖြစ်သည်။ ထို့ကြောင့် ယင်းရောဂါများမဖြစ်ရလေအောင် ကျွမ်းကျင်သူ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့်တိုင်ပင်ပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူရန်ကြိုးစားလာကြသည်မှာ လူ့ကျန်းမာရေးအတွက် တိရစ္ဆာန်များကျန်းမာစေရန် အထူးဂရုပြုဆောင်ရွက်ခဲ့ကြသည်။
လူတို့သည် နေ့စဉ်တိရစ္ဆာန်များနှင့် ထိတွေ့နေရသည့်အတွက် သန့်ရှင်းသောအစာ၊ ဘေးကင်းသောအစာ ရရှိရန်အတွက် တိရစ္ဆာန်ကျန်းမာရေး အရေးကြီးပါသည်။ မြင်သာသောရောဂါကူးစက်မှုများသာမက မမြင်သာသောရောဂါဖြစ်သည့် ဆေးယဉ်ပါးမှုပြသနာကလည်း လူတို့၏ကျန်းမာရေးအတွက် မီးမောင်းထိုးပြလျက်ရှိသည်။
ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး
ကမ္ဘာပေါ်တွင် ပဋိဇီဝဆေးယဉ်ပါးမှုပြသနာက တစ်စထက်တစ်စ ကြီးထွားလာလျက်ရှိရာ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)၊ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟူသည့် ကမ္ဘာ့အစုအဖွဲ့ကြီးသုံးခု ပူးပေါင်းပြီး ယင်းကိစ္စကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အဏုဇီဝပိုးများ ဆေးယဉ်ပါးမှုကို ဆန်းစစ်ကြည့်လျှင် ပဋိဇီဝဆေးများကို အလွဲသုံးမှု၊ အလွန်အကျွံသုံးမှု၊ ဆေးချိန်ပမာဏလျှော့သုံးမှု၊ ဆေးကုသရမည့်ကြာချိန်အတိုင်း ဆေးမကုသမှု၊ မလိုအပ်ဘဲ သုံးမှု၊ ဆေးကုသနေစဉ်နှင့် သတ်မှတ်ရက်အတွင်း အသား၊ နို့၊ ဥတို့ကို မသုံးစွဲရ၊ မစားသုံးရ ဆိုသည့် သတ်မှတ်ချက်ကို မလိုက်နာမှုတို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။
![]() |
ဓာတ်ပုံ - calmfulliving |
ဆေးယဉ်ပါးမှုဖြစ်စဉ်
လူကျန်းမာရေးအတွက် ဆေးကုကြရာတွင် အခြေအနေအရ ကွမ်းယာဆိုင်၊ ဆေးဆိုင်များတွင် နှာစေး၊ ချောင်းဆိုး၊ ဖျားနာအတွက် စပ်ဆေးဟုခေါ်သည့်ဆေးကို ဝယ်ယူသောက်သုံးခြင်း၊ တစ်ခွက်၊ နှစ်ခွက်စာဆေးသောက်ပြီး ရောဂါသက်သာသွားပါက ဆက်မသောက်ခြင်းတို့ကြောင့် ဆေးယဉ်ပါးမှုများ ဖြစ်ပွားကြသည်။ 3rd Generation,4th Generation ဟုခေါ်သည့် အဆင့်မြင့်ပဋိဇီဝဆေးများကို မသိဘဲ၊ နားမလည်ဘဲ သုံးစွဲခြင်းတို့ကြောင့်လည်း ဖြစ်ပွားသည်။ တိရစ္ဆာန်ကျန်းမာရေးတွင် များသောအားဖြင့် တိရစ္ဆာန်ဆေးကုဆရာဝန်များကို တစ်ကြိမ်၊ နှစ်ကြိမ်ပြပြီးပါက အသုံးပြုသော ဆေးဝါးကို မှတ်သားပြီး မိမိတိရစ္ဆာန်ကို မိမိဘာသာ ဆေးထိုးသည်။ ဆေးတိုက်သည်။ မွေးမြူရေးလောကတွင် ပဋိဇီဝဆေးအများစုမှာ အသုံးပြုရလွယ်ကူအောင် တိုက်ဆေးအဖြစ် ဖော်စပ်ထားကြသည်။ ယခင်တစ်ကြိမ်ဖြစ်ဖူးသည်နှင့် ပုံစံတူပါက ထိုဆေးကို မိမိဘာသာဝယ်တိုက်သည်။ ဆေးအချိန်အဆ မည်မျှကို ရေနှင့်ရောရမည်။ အစာနှင့်ရောရမည်။ မနက်အစော ရေတွင်ထည့်တိုက်ရမည်။ မည်မျှနာရီကြာလျှင် ယင်းရေကို သွန်ပစ်ရမည်။ ရက်မည်မျှတိုက်ရမည်။ မည်သည့်ဆေးများနှင့် တွဲ၍မတိုက်ရ၊ မကျွေးရ၊ ဆေးတိုက်နေချိန်၊ ဆေးထိုးနေချိန်၊ ဆေးကုသမှုခံယူနေချိန်တွင် ထိုတိရစ္ဆာန်မှထွက်ရှိသော အသား၊ နို့၊ ဥတို့ကို မစားသုံးရ၊ ဆေးကု၍ ကျန်းမာပြီးသော်လည်း ငါးရက်၊ ခုနစ်ရက်အထိ ပယ်ရမည် စသည်ဖြင့် သတ်မှတ်ထားချက်များကိုလိုက်နာရန် လိုအပ်ပေသည်။
အချို့မွေးမြူသူများက ရောဂါမဖြစ်အောင် ကာကွယ်သည်ဟုဆိုကာ ပဋိဇီဝဆေးများကို ဆေးချိန်လျှော့၍ အစာ၊ သောက်ရေတွင် အမြဲထည့်နေသည်။ အချို့က အသားတိုး၊ ဖြည့်စွက်စာအနေဖြင့် ပဋိဇီဝဆေးကို ထည့်ကြသည်။ မလုပ်အပ်သောကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။
အသိပညာပေးရန်လိုအပ်
ဤကဲ့သို့ ကိစ္စရပ်များကို တားဆီးနိုင်ရန်အတွက် ပဋိဇီဝဆေးများကို ဆရာဝန်ဆေးညွှန်းစာဖြင့် မှတ်ပုံတင်ရောင်းချခြင်း၊ ပဋိဇီဝဆေးသုံးစွဲမှု လမ်းညွှန်၊ ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ခြင်း၊ အစားအသောက်ဥပဒေ၊ ဆေးဝါးဥပဒေများရှိသကဲ့သို့ တိရစ္ဆာန်အစာဥပဒေ၊ တိရစ္ဆာန်ဆေးဝါးဥပဒေများရေးဆွဲ၍ တိရစ္ဆာန်မွေးမြူမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှု၊ ရောင်းချမှုများကို သေသေချာချာ ကြပ်မတ်လိုက်နာစေရန် လိုပါသည်။ ပြည်သူများကိုလည်း ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများကို သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ရုပ်မြင်သံကြားတို့မှ ပညာပေးခြင်းနှင့် လူမှုစာမျက်နှာများကပါ အချင်းချင်း ဖေးမရိုင်းပင်း၊ အသိပညာပေးကြရန် လိုအပ်ပါသည်။
ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့်ဆောင်ရွက်၍ရသော ကိစ္စမဟုတ်သဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ ဆေးဝါးဗေဒပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များ၊ မွေးမြူထုတ်လုပ်ရောင်းချသူများ၊ ပြည်သူလူထုအားလုံးပါဝင်ရန် လိုအပ်ပါသည်။
အဓိကအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က လူအများဂရုပြုမိစေရန် ဟောပြောစည်းရုံးခြင်း၊ ဖြစ်ပွားမှုများတိုင်းတာခြင်း၊ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ ပဋိဇီဝဆေးများ အသုံးပြုမှုကို ပညာပေးခြင်း၊ ထိန်းချုပ်ခြင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ခြင်းတို့ကို လုပ်ငန်းစဉ်များအလိုက် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ပါသည်။
လူများတွင် ဆေးယဉ်ပါးမှုဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ခြေရှိသော်လည်း နည်းပါးနိုင်ပါသေးသည်။ တိရစ္ဆာန်များတွင် ဆေးယဉ်ပါးမှုပြဿနာပေါ်ပေါက်ပါက နေ့စဉ်စားသောက်နေသော အသား၊ နို့၊ ဥများတွင်ပါဝင်နေမည်။ တိရစ္ဆာန်မစင်ကို မြေသြဇာလုပ်၍စိုက်သော စိုက်ခင်း၊ သစ်သီးသစ်ရွက်၊ ဟင်းသီးဟင်းရွက်အထိ ပါရှိနေနိုင်မည်ဖြစ်သည်။ အဆိုပါ အသီးအရွက်စားသူအထိ ဆေးယဉ်ပါးမှုပြဿနာ ရောက်ရှိခံစားရနိုင်သောကြောင့် အထူးဂရုပြုမိစေရန်နှင့် လူသားများ ကျန်းမာစေရန်အတွက် တိရစ္ဆာန်များ ကျန်းမာရေး အရေးတကြီးလိုအပ်လျက်ရှိကြောင်း မွေးမြူရေးဆိုင်ရာ ဆေးဆောင်းပါးများမှ ကောက်နုတ်ရေးသား တင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၆)
No comments:
Post a Comment