October 3, 2020

ဒုတိယအရွယ် (၂၇)

လယ်တွင်းသားစောချစ်

        ကျွန်တော်ငယ်စဉ်ကတည်းက စွဲမက်နှစ်သက်ခဲ့သော ဘုရားပွဲဖြစ်သည်။ ကိုယ်တိုင်လည်း ဘုရားပေါ်မှာ ပါဝင်ကပြဖူးပါသည်။

        ဤဘုရားပွဲရက်တိုင်းတွင် ကျွန်တော်တို့ရွာသားများ မပျက်မကွက် ရွာပြန်လာတတ်ကြသည်။ ‘‘ဝန်းသိုရွာသားမှန်လျှင် ရွှေကူကြီးဘုရားပွဲကို ပြန်မလာဘဲမနေနိုင်’’ဟုပင် ပြောစမှတ်ပြုကြသည်။ စစ်တပ်ထဲရောက်နေသူများပင် ရအောင်ခွင့်တင်ပြီး ပြန်လာကြသည်။

        ကျွန်တော်တို့ငယ်စဉ်က ဘုရားပွဲကာလ၊ ကဆုန်လရောက်ပြီဆိုလျှင်ပင် ပျော်မြူးနေသည်။ ကောင်းကင်မှ လကိုကြည့်၍ လဆန်းလေးရက်၊ ငါးရက်မျှော်နေကြပြီ။ လဆန်းခုနစ်ရက် ထန်းဖူးခုတ်ကြပြီ။ မုန့်ဖက်ထုပ်လုပ်ရန်ဖြစ်သည်။ လဆန်းရှစ်ရက်၊ ကိုးရက် မုန့်ထောင်းကြပြီ။ ရွာထဲမှာ မောင်းထောင်းသံညံနေပြီ။ ၁ဝ ရက်၊ ၁၁ ရက် မုန့်ပေါင်းကြပြီ။ သူ့အိမ်ကိုယ့်အိမ် မုန့်ပေးကြ။ မုန့်လဲစားကြသည်။ လဆန်း ၁၂ ရက် ၁၃ ရက်များမှာ ရွာသားများ တဖွဲဖွဲ ပြန်လာနေကြပြီ။ လှည်းနှင့်လာသည်။ မြင်းလှည်းနှင့်လာသည်။ ကားနှင့်လာသူပင် ရှိသည်။ အများစုမှာ ခြေကျင်လာကြသည်။

        တစ်လတိုင်း တစ်ခါ အော်ကြ၊ခေါ်ကြ၊ ပျော်ကြ၊ နှုတ်ဆက်ကြသည်။ သားသမီးလာလျှင် အမေ၊ အဖေတို့ ပျော်ကြသည်။ ဆွေမျိုးများ ပျော်ကြသည်။ ၁၄ ရက်မှာ အများဆုံးလာကြသည်။ မလာသေးသူများကို မိဘဆွေမျိုးများ မျှော်ကြသည်။ နေများမကောင်းလို့လား စီးပွားရေးအဆင်မပြေလို့လား စိတ်ပူကြသည်။

        လာသူများ မျက်နှာပွင့်၍ မလာသူများ မျက်နှာငယ်ကြသည်။ ကျွန်တော်ကတော့ ယခုနှစ်မှာ ဘုရားပွဲမတိုင်မီ အရက် ၂ဝ ခန့် ကတည်းက ရောက်နေ၍ အမေကြီး၊ ဦးလေး၊ အမေနှင့် ညီအစ်ကိုမောင်နှမများ မမျှော်ကြရပါ။ ကျွန်တော်က ပြန်မလာသေးသော ရွာသူရွာသားများကို သူတို့ဆွေမျိုးများနှင့်ရောပြီး မျှော်ပေးရသေးသည်။ ပြန်လာကြသူများမှာ ရွာဓလေ့ စာရေးတံမဲအလှူအတွက် တန်ဖိုးရှိသောပစ္စည်းများ ပါလာကြသည်ကလည်း သာဓုခေါ်စရာ။

        ယခုတစ်ခေါက် ပြန်လာရသည်မှာ အကြာဆုံးနေရသည်။ဘုရားပွဲကို အားပါးတရ ဆင်နွှဲရသည်။ ပြန်ချင်စိတ်ပင် မရှိအောင်ဖြစ်ရသည်။

        သို့သော် မပြန်၍မဖြစ်ပါ။ ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်စရာ များစွာရှိသေးသည်။ ရွာလူကြီးများနှင့် ညှိနှိုင်းတိုင်ပင်ရမည်။ ကျောင်းမဖွင့်မီ ကြိုတင်ပြင်ဆင်ထားမှ ကျောင်းဖွင့်လျှင် အဆင်ပြေလိမ့်မည်။

        ဘုရားပွဲပြီးနောက် ငါးရက်ခန့်သာနေ၍ တာဝန်ရှိရာ ကျောက်မီးရွာသို့ ပြန်လာခဲ့ပါသည်။

ကျောင်းမဖွင့်ခင် ကြိုတင်ပြင်

        ကျွန်တော် ကျောက်မီးရွာပြန်ရောက်သောအခါ ပထမဆုံးပျော်နေကြသူများမှာ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်ဖြစ်သည်။ ကျွန်တော် ရွာပြန်သွားသည့် တစ်လခွဲကာလတွင် သုံးခါ စိတ်ကောက်ကြကြောင်း၊ တစ်ခါကောက်လျှင် ဆယ်ရက်ခန့်ကြာကြောင်း ပြောကြသည်။

        ‘‘ကျွန်တော်ပြန်ရောက်လာမှတော့ မကောက်ကြပါနဲ့ဗျာ။ ကျွန်တော်က ဘယ်လိုနေရမှန်း

မသိလို့ပါ’’

        တောင်းတောင်းပန်ပန် ပြောတော့ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်တို့ ပြန်ရယ်ကြသည်။

        ‘‘မကောက်ပါဘူး။ ကောက်ချင်ရင် ချက်ချင်းကောက်လို့ရသလို မကောက်ချင်ရင်လည်း နေလို့ရပါတယ်။ ခုဆရာပြန်လာတော့မှာပဲဆိုပြီး ပြန်ခေါ်ကြတာ သုံးရက်ရှိပြီ’’ဟု ဆိုပါသည်။

        အလွန်ကျေးဇူးတင်စရာကောင်းသော ကျေးဇူးရှင်များ ဖြစ်ပါသည်။

        နောက်ထပ်အပျော်ဆုံးလူမှာ လက်ထောက်မြို့ပိုင်ကြီး ဦးသိန်းထွန်းဖြစ်သည်။ ညနေ လမ်းလျှောက်ဖော်မရှိ။ ညပိုင်း စကားပြောဖော်မရှိကြောင်း ပြောပြသည်။

        ကျွန်တော် ကျောက်မီးရွာပြန်ရောက်ပြီး နောက်တစ်ညမှာပင် ရွာလူကြီး ဦးညိုတုတ်ကို ပြောပြပြီး ကျောင်းနှင့်သက်ဆိုင်သည့် လူကြီးများအစည်းအဝေး ခေါ်သည်။ ဦးစံလှိုင် လက်ဖက်ရည်ဆိုင်မှာပင် ထိုင်ကြသည်။


        အငယ်တန်းလေးများအတွက် တိုးချဲ့ဆောင် ဆောက်လုပ်သည်မှာ ပြီးနေပြီဖြစ်သည်။ သန့်ရှင်းရေးလုပ်ရန်သာ ကျန်တော့သည်။ တိုးလာမည့် ကျောင်းသားများအတွက် ထိုင်ခုံ၊ စာရေးခုံအသစ်များ ရိုက်ရမည်။ ရန်ပုံငွေက ရှိပြီးသားဖြစ်သည်။ လိုအပ်လျှင် လှူမည့်သူများလည်း ရှိပါသည်။ အဓိကအလှူရှင်များမှာ မဟာသဘောနှင့် ဦးသေးသာတို့ဖြစ်သည်။

        ဟောင်းနေပြီဖြစ်သော အိမ်သာလေးလုံး ပြုပြင်ရမည်ကို ညစ်ပတ်နေကြောင်း ပြော၍ ရွာလူကြီးဦးညိုတုတ်နှင့် ကျွန်တော်က သန့်စင်သည်အထိ ဆေးကြောပေးမည်ဖြစ်ကြောင်း ကတိပြုပါသည်။ နောက်ထပ်အိမ်သာလေးလုံးအသစ် ထပ်ဆောက်ရမည်။ ကုန်ကျစရိတ် တွက်ကြသောအခါ ဘဏ္ဍာရေးငွေနှင့် လုံလောက်ရုံမက ပိုတောင် ပိုပါသေးသည်။

        ကျွန်တော်ရောက်သည်ဟု ကြားသည်နှင့် မန္တလေးမှ ဆရာကိုလှမင်း ရောက်လာသည်။ မပြန်ဘဲ ညအိပ်နေ၍ မြို့ပိုင်ကြီးနှင့် သုံးယောက် လမ်းလျှောက်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ စကားပြောကြ၊ ပျော်စရာကောင်းပါသည်။

        ကျောင်းဖွင့်ခါနီး သုံးရက်အလိုမှာ ဆရာမလေးသုံးယောက် ရောက်လာကြသည်။ ကျောင်းဖွင့်အမီ ကြိုတင်ပြင်ဆင်စရာရှိက ပြင်ဆင်နိုင်ရန် ရောက်လာခြင်းဖြစ်သည်။ ကျောင်းအပေါ်  သံယောဇဉ်ထားသော ဆရာမလေးသုံးယောက်တို့၏ စိတ်ထားကို လေးစားမိပါသည်။

        မနက်ပိုင်းတွင် စာသင်ခန်းများ သန့်ရှင်းရေးလုပ်ပြီးသောအခါ ဆရာမလေးများကို တပည့်များက အိမ်လည်ခေါ်၍ ကျွေးမွေးကြသည်။

        ကျောင်းဝင်းထဲမှ အမှိုက်များကိုတော့ ကျောင်းစဖွင့်သည့်နေ့မှာ အမှိုက်ကောက်ပွဲလုပ်ရန် ချန်ထားလိုက်သည်။

        ကျောင်းမဖွင့်ခင် အိမ်သာများအားလုံး သစ်သစ်လွင်လွင် ပြင်ဆင်ပြီးဖြစ်သည်။ တကယ်တမ်းကျတော့ အိမ်သာသန့်ရှင်းရေးကို ရွာလူကြီး ဦးညိုတုတ်နှင့် ကျွန်တော် တစ်လုံးသာ လုပ်လိုက်ရပါသည်။ ရွာထဲမှ သန်းဦး၊ ဝင်းမြင့်ညီအစ်ကိုနှင့် ပရဟိတစိတ်ရှိသော လူငယ်များရောက်လာပြီး သန့်စင်အောင် ဆေးကြောပေးသွားကြသည်။

        ကျောင်းဖွင့်အမီ ခုံများလည်း အတော်ပြီးပါသည်။ ကျန်သည်များကို ကျောင်းဖွင့်ရက်မှာ တိုးလာသော အရေအတွက်အရ ဆက်ရိုက်သွားမည်ဖြစ်ပါသည်။

        ကျောင်းရှေ့အလံတိုင် ပတ်ချာလည်မှ ပန်းခြံလေးကိုတော့ နေ့စဉ် ရေလောင်းပေါင်းသင် လုပ်ထား၍ နီရဲသော ပြည်လုံးချမ်းသာပန်းများနှင့် အလှကြီး လှနေသည်။ သို့သော် အလံတိုင်ထိပ်မှာ ပြည်ထောင်စုအလံမရှိပါ။ အသင်းလေးသင်းအလံနှင့် တာဝန်ကျအလံလည်း မရှိပါ။ ကျောင်းပိတ်ရက်မှာ အလံများ အားလုံးဖြုတ်ပြီးသိမ်းထားပါသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၂)

No comments:

Popular Posts