လယ်တွင်းသားစောချစ်
ဝါဆိုပန်းကပ်ပွဲ
ကျောင်းပြန်ဖွင့်နေပြီဖြစ်သော်လည်း ကျောင်းအုပ်ဆရာကြီး ရောက်မလာသေး။ ဆရာအသစ်လည်း တစ်ယောက်မျှမတိုးသေး။ အလယ်တန်းကျောင်းသားအသစ်များစွာ တိုးလာသည်။ သို့သော် မနှစ်ကအတိုင်းပင် ကိုလူအေးနှင့် ကိုလှမင်းတို့ အကူအညီနှင့် အဆင်ပြေပါသည်။ မူလတန်းမှာလည်း လုပ်အားပေးဆရာ၊ ဆရာမလေးမျာ၏ အကူအညီနှင့် နိုင်နိုင်နင်းနင်းရှိပါသည်။
ဆရာ၊ ဆရာမများ နားနေခန်းတွင် နေ့ခင်းထမင်းလက်ဆုံစား ကော်ဖီသောက်ရသည်မှာလည်း ပျော်စရာကောင်းလှသည်။
‘‘ဆရာ...ဝါဆိုလပြည့်နေ့မှာ ဝါဆိုပန်းကပ်ရင် မကောင်းဘူးလား’’
ပုံမှန်အားဖြင့် စကားအနည်းဆုံးဖြစ်သော ဆရာမဒေါ်ခင်စန်းပေးသော အကြံပြုချက်ကို ဆရာ၊ ဆရာမများ သဘောကျထောက်ခံကြသည်။
‘‘ကောင်းတယ် သူငယ်ချင်း... လုပ်ကွာ ပျော်စရာကြီး’’
‘‘သဘောတူတယ် ဆရာ။ ထောက်ခံတယ်’’
ဒေါ်ခင်ဌေးက လက်ညှိုးပါ ထောင်လိုက်သေးသည်။
‘‘ကိုလှမင်း’’
ကျွန်တော်က ဆန္ဒတောင်းခြင်းဖြစ်သည်။
‘‘ညကတည်းက လာအိပ်မယ်’’အားလုံးရယ်ကြသည်။
‘‘ကောင်းတယ်..ကိုယ်ပါ လာအိပ်မယ်’’
ကိုလူအေးစကားကြောင့် ထပ်ရယ်ကြသည်။
‘‘ကျန်တဲ့ ဆရာလေး...ဆရာမလေးတွေ’’
လုပ်အားပေးဆရာ၊ ဆရာမလေးများ၏ ဆန္ဒကို ယူလိုက်သည်။
‘‘သဘောတူပါတယ်။ ကောင်းပါတယ်’’
ဝမ်းသာအားရပြောကြ၍ ရယ်သံများ ထွက်လာကြပြန်သည်။
‘‘နှစ်ရက်လိုပါသေးတယ်။ မနက်ဖြန်မနက် အလံတော်အလေးပြုရင် ကလေးတွေရဲ့ ဆန္ဒ မေးကြည့်မယ်။ ရုံးပိတ်ရက် ဖြစ်နေလို့’’
‘‘ပျော်တောင်နေဦးမယ်’’
ကိုလူအေးက အခိုင်အမာ သေချာနေသည်။
နောက်တစ်နေ့တွင် အလံတော်အလေးပြု၊ အဓိဌာန်(၄)ချက် သီချင်းဆိုပြီးသောအခါ ကျွန်တော်က -
‘‘မနက်ဖြန် ဝါဆိုလပြည့်နေ့ ကျောင်းပိတ်တယ်’’ ဟု ကြေညာလိုက်ပါသည်။
‘‘ကျောင်းမပိတ်ချင်ပါဘူး’’
ကျောင်းသားများထံမှ ထွက်လာသော အသံဖြစ်သည်။
ကျွန်တော့်ရင်ထဲမှာ ကြည်နူးမိသည်။ ကျွန်တော့်တပည့်လေးများ ကျောင်းတက်ရသည်ကိုပျော်နေကြပြီ။
‘‘မပိတ်ချင်လို့ မရဘူးကွ။ မနက်ဖြန်ခါ ရုံးပိတ်ရက် စနေနေ့လည်း ဖြစ်တယ်။ မင်းတို့ ဆရာ၊ ဆရာမတွေကလည်း ဝါဆိုပန်းကပ်ပွဲ လုပ်ချင်နေကြတယ်။ မနက်ပိုင်းမှာ ရွာဦးကျောင်းသွားပြီး ဝါဆိုပန်းကပ်ကြမလား’’
‘‘ကပ်ပါမယ်..ကောင်းပါတယ်’’
ဖြေသံများ ထွက်နေသည်။
‘‘အဲဒီတော့ ကျောင်းသူတွေက အိမ်မှာပွင့်တဲ့ ပန်းလေးတွေရှိရင် ခူးခဲ့ကြပါ။ မရှိရင်လည်း ရတယ်။ ကျောင်းကို လာခဲ့။ တစ်ယောက်ကို ပန်းတစ်စည်းရမယ်။ ဆရာတို့က ကျောင်းသားတွေနဲ့ မနက်စောစော မြောင်းပေါင်ထွက်ပြီး သပြေပန်းချိုးမယ်။ ဆရာနှစ်ယောက်က မန္တလေးကပန်းတွေ ဝယ်ခဲ့ကြမယ်။ သပြေပန်းနဲ့ ရောပြီးစည်းမယ်။ အားလုံး ကိုးနာရီအရောက် ကျောင်းလာရမယ်နော်။ လာမှာလား’’
‘‘လာပါ့မယ်’’
ဖြေသံက အကျယ်ကြီး။
‘‘မနက်ဖြန် ကျောင်းဝတ်စုံဝတ်စရာ မလိုဘူး။ ငါ့တပည့်တွေ လှလှပပ ဝတ်စားပြင်ဆင်လို့ရတယ်’’
‘‘ဟေး...’’
မိန်းကလေးများ အသံဖြစ်သည်။ ထိုနေ့ညက ကိုလူအေးနှင့် ကိုလှမင်းတို့ မန္တလေးမပြန်ကြပါ။ ကျောက်မီးမှာ ညအိပ်ကြသည်။ ထမင်းကျွေးသူ၊ လက်ဖက်ရည်ခေါ်တိုက်သူတို့ များလှသည်။ မြို့ပိုင်ကြီးနှင့် ကျွန်တော်ပါ အိမ်လည်လိုက်ပြီး စားနေကြသည်။
နောက်တစ်နေ့မနက်တွင် ဒေါ်ဒေါ်မြိုင်ကျွေးသော ထမင်းကြော်နှင့် အကြော်စားနေစဉ် တပည့်များ ရောက်လာကြ၍ ကိုလူအေး၊ ကိုလှမင်းတို့နှင့်အတူ မြောင်းပေါင်တစ်လျှောက် ဝါဆိုပန်းခူးထွက်ကြသည်။ တစ်သက်နှင့်တစ်ကိုယ် ပထမအကြိမ် ဝါဆိုပန်းခူး ထွက်ဖူးခြင်းဖြစ်သည်။
ကိုလှမင်းနှင့်ကလေးအချို့က သပြေပင်ပေါ်တက်ပြီး သပြေပန်းများ ခူးချပေးကြသည်။ အချို့က မြောင်းထဲကျ၍ မြောင်းရေချိုးရင်း သပြေပန်းကောက်ရသည်မှာ ပျော်စရာ။ တပည့်တချို့က လယ်ဘေးတောတန်းမှာ ပန်းချိုးသွားကြသည်။ အပွင့်က ဖြူဖွေးလှပ၍ ရနံ့မွှေးသည်။ ပန်းအများကြီး ရလာသောအခါ ကျောင်းသို့ပို့ပြီး ကျွန်တော်တို့အားလုံး အိမ်ပြန်အဝတ်စားလဲကြသည်။
ကျောင်းရောက်သောအခါ ဆရာမများ ရောက်လာကြ၍ ပန်းများဝယ်လာကြသည်။ ကျောင်းသူလေးများကလည်း အိမ်မှာပွင့်သောပန်းများ ခူးလာကြသည်။ စားပွဲပေါ်မှာ ပန်းအပုံကြီးဖြစ်နေသည်။
ဒေါ်ခင်စန်း၊ ဒေါ်ခင်ဌေး၊ လုပ်အားပေး ဆရာမလေးများနှင့် ကျောင်းသူကြီးကြီးလေးများက ပန်းများကို စည်းကြသည်။ ဝတ်ကောင်းစားလှဝတ်လာကြသော တပည့်လေးများအားလုံး မြူးကြွပျော်ရွှင်နေကြသည်မှာ ကြည့်၍ ကောင်းလှသည်။
ကျောင်းသားကျောင်းသူတစ်ယောက် ပန်းတစ်စည်းရအောင် ပန်းစည်းများစွာ စည်းနေကြစဉ် ကိုလှမင်းနှင့် ကျောင်းသားများ ရွာထဲသွားပြီး အိုးစည်၊ လင်းကွင်း၊ ပုလွေ၊ ဝါးလက်ခုပ် ငှားလာကြသည်။ အိုးစည်က ကြိုးလျော့နေ၍ ဘုံသံမထွက်။ တဘတ်ဘတ်ဖြစ်နေသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၄)
No comments:
Post a Comment