အောင်ဆန်း (စိုက်ပျိုးရေး)
မြန်မာနိုင်ငံမှာ ကုလားပဲကို ဧရိယာဟက်တာ ၆ ဒသမ ၅ သိန်း၊ ဟက်တာ စိုက်ပျိုးပြီး တစ်ဟက်တာ ၁ ဒသမ ၃ တန် ထွက်ရှိနေပါတယ်။ အထွက်စုစုပေါင်းက မက်ထရစ်တန် ရှစ်သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့အနက်မှ ပြည်တွင်းလည်း စားသုံးပြီး ပြည်ပသို့လည်း တင်ပို့နေရတဲ့ သီးနှံဖြစ်ပါတယ်။ ကုလားပဲဟာ တစ်သက်တာ အထွက်စွမ်းရည်ပြည့်ဝအောင် မထွက်သေးတဲ့အတွက် အထွက်တိုးအောင် ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။
ကုလားပဲသီးနှံဟာ အအေးဓာတ် ကြိုက်တဲ့သီးနှံဖြစ်ပါတယ်။ ဒါ့ကြောင့် ဧရာဝတီတိုင်းအထက်ပိုင်း ဟင်္သာတခရိုင်နဲ့ အထက်ပိုင်းဒေသများ၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နဲ့ အထက်ပိုင်း၊ အညာဒေသ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းအနောက်မြောက်ခြမ်းဒေသတွေမှာ ကုလားပဲကို အများအပြား စိုက်ပျိုးထားတာ တွေ့ရပါတယ်။ ကုလားပဲပွင့်သီးချိန်မှာ အပူချိန် ၁၈ ဒီဂရီမှ ၂၀ ဒီဂရီစင်တီဂရိတ်ရှိမှသာ အပွင့်ကောင်းစွာပွင့်၊ သန္ဓေအောင်ပြီး အောင်စေ့ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ စိုက်ပျိုးရန် အပင်သာဖြစ်ထွန်းမယ်။ ပန်းပွင့်လာရင်လည်း သန္ဓေမအောင်တဲ့အတွက် စိုက်ပျိုးဖြစ်ထွန်းမှု မရရှိနိုင်ပါ။
ကုလားပဲဟာ မြေနီသဲဝန်း၊ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေတွေကို နှစ်ခြိုက်ပါတယ်။ ကောင်းစွာဖြစ်ထွန်းအောင်မြင်တာ တွေ့ရပါတယ်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၇ အထိ ကြိုက်နှစ်သက်တယ်။ ကုလားပဲသီးနှံကို ဆောင်းရာသီမှသာ အစိုက်များပါတယ်။ ကုလားပဲသီးနှံကို သီးသန့်စိုက်ခင်း၊ ပဲစင်းငုံ၊ နေကြာနဲ့ သီးညှပ်စိုက်ခင်းအနေနဲ့ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ စိုက်ပျိုးတဲ့စနစ်ကတော့ ထွန်ပဲနဲ့ စပါးမရိတ်သိမ်းမီရေလိုက်ကြဲစနစ်များနဲ့ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ ကုလားပဲကို ဆောင်းရာသီမှာ စပါးအပြီး သီးထပ်အဖြစ်နဲ့ ယာသီးနှံသီးသန့်စိုက်ခင်းအဖြစ် စိုက်ပျိုးကြတာ တွေ့ရပါတယ်။
စိုက်ပျိုးသင့်တဲ့ မျိုးတွေကတော့ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားတဲ့ အသက်ရက် ၈၀ မှ ၈၅ ရက်ရှိပြီး တစ်ဧကအထွက်နှုန်း ၁၆ တင်း ထွက်နိုင်တဲ့ ရေဆင်း-၄ (အညိုမျိုး)၊ အသက်ရက် ၈၅ ရက်မှ ရက် ၉၀ ရှိပြီး တစ်ဧကအထွက်နှုန်း ၁၅ တင်းထွက်နိုင်တဲ့ ရေဆင်း-၅ (အဖြူမျိုး)၊ အသက်ရက် ၈၅ ရက်မှ ရက် ၉၀ ရှိပြီး တစ်ဧကအထွက်နှုန်း ၁၈ တင်းထွက်နိုင်တဲ့ ရေဆင်း−၆ (အဝါမျိုး)၊ အသက်ရက် ၈၅ ရက်မှ ရက် ၉၀ ရှိပြီး တစ်ဧက အထွက်နှုန်း ၁၈ တင်းထွက်နိုင်တဲ့ ရေဆင်း-၈ (အဖြူမျိုး)၊ အသက်ရက် ၈၅ ရက်မှ ရက် ၉၀ ရှိပြီး တစ်ဧက အထွက်နှုန်း ၁၆ တင်းထွက်နိုင်တဲ့ ရေဆင်း-၁၁ (အဖြူမျိုး) တို့ကို လက်မလွတ်တမ်း ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။
ရေဆင်း-၈ (အဖြူမျိုး)နဲ့ ရေဆင်း- ၁၁ (အဖြူမျိုးများ) ဟာ အထွက်ကောင်းပြီး အလုံးလှတဲ့အတွက် စျေးကွက်မှာ မျက်နှာပန်းလှပါတယ်။ အထူးသဖြင့် အညာဒေသမှာ ယာမြေတွေမှာ စိုက်ပျိုးလေ့ရှိပါတယ်။ ကုလားပဲအဖြူမျိုးများဟာ စိုက်ပျိုးချိန်စောမှသာ အထွက်ကောင်းတဲ့အတွက် ယာမြေမှာ အောက်တိုဘာလအပြီး စိုက်ပျိုးနိုင်ဖို့ စီမံသင့်ပါတယ်။ ဆောင်းရာသီစပါးအပြီး သီးထပ်စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ပျိုးချိန်စောနိုင်အောင် (အောက်တိုဘာလ စိုက်ပျိုးနိုင်အောင်) ပထမမိုးစပါးကို အောက်တိုဘာလဆန်းရိတ်သိမ်းနိုင်မယ့် သက်တမ်းတိုစပါးကို စိုက်ပျိုးနိုင်အောင် စီမံခဲ့ဖို့ သတိပြုရမှာ ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - magwe.com |
ကုလားပဲသီးနှံကို ပုံမှန်အားဖြင့် တစ်ဧကမျိုးနှုန်း တစ်တင်းသာ အသုံးပြုကြရမှာ ဖြစ်ပါတယ်။ အကယ်၍ ယာမြေမှာလည်းကောင်း၊ လယ်မြေသီးထပ်မှာလည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အောက်တိုဘာလမီအောင် မစိုက်ပျိုးနိုင်ဘူးဆိုရင် သတ်မှတ်အပင်အရေအတွက် ကာမိအောင် မျိုးစေ့နှုန်းကို တစ်ဧကတစ်တင်းခွဲ အသုံးပြုစိုက်ပျိုးသင့်ပါတယ်။ ယာမြေမှာ ထွန်ကုလားပဲကို ထယ်ရေးညက်အောင် ပြုပြင်ပြီး စိုက်ထွန်ကြောင်းဆွဲ စိုက်ပျိုးကြပါတယ်။ တန်းကြားထွန်ကြောင်း နှစ်ပေထားပြီး ထွန်ကြောင်းအတွင်းမှာ တစ်ကျင်းနဲ့တစ်ကျင်း ကိုးလက်မမှ ၁၀ လက်မ၊ ပဲစေ့နှစ်စေ့မှ သုံးစေ့ချ စိုက်ပျိုးပါတယ်။ ပြီးရင်ကြမ်းတုံးနဲ့ အစိုဓာတ်မီအောင် နှစ်ပြန်အုပ်ပေးပါတယ်။
လယ်စပါးရိတ်ပြီး ဆောင်းသီးနှံသီးထပ်အဖြစ် စိုက်ပျိုးတဲ့ကုလားပဲကတော့ အစိုဓာတ်မီအောင် စိုက်ပျိုးချိန်ကို နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးသင့်ပါတယ်။ ရိတ်ထားတဲ့ စပါးရိုးပြတ်ကို မီးရှို့ပြီး မြေအစိုဓာတ်အနေတော်ချိန် (ခြေနင်းခံချိန်)မှာ ယခင်တုန်းကတော့ နွားထယ်၊ နွားထွန်နဲ့ ထယ်ရေးပြင်ပြီး စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာ စက်မှုခေတ်ဆန်လာပြီဆိုတော့ ၁၆ သွား ထွန်စက်ကြီးနဲ့နှစ်စဉ်မောင်းပြီး ပဲကို ကြဲကြ ပါတယ်။ ပြီးရင် ၁၆ သွား ထွန်စက်ကြီးနဲ့ တစ်စပ်ပြန်ဖုံးပြီး ကြမ်းတုံးမရိုက်ကြတော့ပါဘူး။ ရှေးယခင်က "ခဲကြီးမှ ပဲသီးမယ်"ဆိုတဲ့ ကျေးလက်အယူအဆ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၆ သွား ထွန်စက်ကြီးနဲ့ ထယ်ရေးပြင်ပြီးထယ်ခဲကြီးထဲမှာပဲ ကုလားပဲကိုကြဲကြတော့ အစိုဓာတ်မလုံတာရယ်၊ ပဲစေ့ကို ခဲပိပြီး အပင်ပေါက်မစုံတာရယ်ကြောင့်၊ အပင်ပေါက် ခပ်ကျဲကျဲနဲ့ ကြုံကြရပါတယ်။ အထွက်လည်း ကျဆင်းတဲ့ပြဿနာ ကြုံကြရပါတယ်။ လယ်သမားများကတော့ဒီပြဿနာကို ကာမိအောင် မျိုးစေ့နှုန်းကို တစ်ဧက နှစ်တင်းနှုန်း ပိုသုံးလာကြတာတွေ့ရပါတယ်။ မျိုးစေ့တစ်တင်း ကျပ် ၃ဝဝဝဝ ကျော်ရှိတဲ့အတွက် အပိုကုန်ကျနေတာ ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ထယ်ရေးညက်အောင် ပြုပြင်ပြီး ကြမ်းတုံးကို မဖြစ်မနေအုပ်၊ မျိုးစေ့နှုန်းကို ပုံမှန်သုံးပဲဖြစ်သင့်ပါတယ်။ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်လေ လယ်သမားကြီးများအတွက် အကျိုးအမြတ် ပိုရရှိလေဆိုတာကို သတိပြုသင့်ပါတယ်။
ကုလားပဲပွင့်ဖူးစဝင်ချိန်မှာ အအေးဓာတ်ရှိပြီး ညအချိန်နှင့်လိုက်ဖို့ စိုက်ချိန်ကို သတိပြုသင့်ပါတယ်။ "နှင်းလိုက်၊ ပဲကြိုက်" "နှင်းမလိုက်၊ ပဲငိုက်" လို့ တောင်သူလယ်သမားကြီးများက ကုလားပဲမှာ နှင်းရဲ့ အရေးပါမှုကို ဖော်ကြူးထားကြတာ ဖြစ်ပါတယ်။ ကုလားပဲစိုက်ပျိုးရင် အပင်ပေါက်သေချာဖို့ မစိုက်ပျိုးမီ ရှစ်နာရီခန့် ရေစိမ်၊ ပြန်ဆယ်ယူပြီး အရိပ်ထဲမှာ ဖြန့်ခင်းပြီး ခြောက်အောင်လှန်းသင့်ပါတယ်။ အခြောက်လှန်းပြီးသွားရင် ညနေ ပိုင်းနေအေးချိန်မှာသာ စိုက်ပျိုးသင့်ပါတယ်။ ပြီးရင် အစိုဓာတ်လုံအောင် ကြမ်းတုံးနှစ်ပြန်အုပ်ပေးဖို့ လိုပါတယ်။ "လယ်မှာ သမန်း"၊ "ယာမှာ ကြမ်း"လို့တောင် လယ်သမားကြီးများက ကြမ်းတုံးရဲ့ အရေးပါမှုကို သတိမူကြဖို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ကြမ်းအုပ်မသေချာရင်တော့ ပဲအထွက်ကျဖို့ အသေအချာပါပဲ။
ကုလားပဲစိုက်ပျိုးရာမှာ အဓိကဒုက္ခပေးတာကတော့ မှိုကြောင့်ဖြစ်တဲ့ ညှိုးသေရောဂါပဲဖြစ်ပါတယ်။ မကွေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ကုလားပဲစိုက်ပျိုးခဲ့တဲ့နှစ် ၁၀ နှစ်ကျော် ကြာလာခဲ့တဲ့ မြေတွေမှာ မြေဆောင်ရောဂါ၊ မျိုးစေ့ဆောင်ရောဂါအနေနဲ့ အဖြစ်များတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ဘုတလင် မုံရွာ၊ ချောင်းဦးဒေသတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူဒေသတွေမှာတော့ ဒီရောဂါ ဖြစ်ပွားမှုနည်းသေးတာ တွေ့ရပါတယ်။ ဒီရောဂါကာကွယ်ဖို့အတွက် မစိုက်ပျိုးမီ ကုလားပဲစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ သတ်မှတ်နှုန်းထားအတိုင်း လူးနယ်စိုက်ပျိုး ကာကွယ်နိုင်ပါတယ်။ ယခုအခါ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်ဝေထားတဲ့ တစ်ရိုင်ကိုဒါးမားမှို (မှိုသတ်ဆေးမှို)ကို တစ်ဧက လေးထုပ်မှ ငါးထုပ်နဲ့ မျိုးစေ့လူးနယ်စိုက်ပျိုးရင် ကုလားပဲညှိုးသေရောဂါဖြစ်စေတဲ့ မှိုကို သေစေနိုင်တာ တွေ့ရပါတယ်။ ဓာတုဓာတ်ကြွင်းပြဿနာလည်း ကင်းရှင်းသွားမှာ ဖြစ်ပါတယ်။
ကုလားပဲရေလိုက်ကြဲတဲ့စနစ်ကတော့ စပါးမရိတ်သိမ်းမီ၊ အောင်ရေလွှတ်ပြီးခါစအချိန်မှာ စပါးခင်းထဲကို တီစူပါမြေသြဇာအိတ်ဝက် ကြိုတင်ကြဲရပါတယ်။ ပြီးရင် တစ်ဧက မျိုးစေ့တစ်တင်းခွဲနှုန်းနဲ့ စပါးခင်းထဲမှာ ရေ စိမ်ခြောက်ခံပြီးတဲ့ ပဲစေ့ကို ပေါက်ကြဲကြဲရမှာဖြစ်ပါတယ်။ စပါးရိတ်ချိန်တန်ရင် စပါးကို ရိုးပြတ်ရှည်ရှည်ထားပြီး ရိတ်ရပါတယ်။ ရိုးပြတ်ကို တစ်ဖက်သတ်ကြမ်းတုံးနဲ့ လှဲပေးရင်လည်း လှဲပေး၊ ဒါမှမဟုတ် စပါးဓာတ်သွားခုတ်ပြီး ဖုံးရင်လည်း ဖုံးပေးရင် အစိုဓာတ်အလိုလိုထိန်းပေးသလို ဖြစ်သွားပါတယ်။ ကုလားပဲပင်လေးများဟာ ရိုးပြတ်ကြားကနေ လူးလွန့်ပြီး အပေါ်ကို တက်၍ ရှင်သန်ကြီးထွားကြတာဖြစ်ပါတယ။ ထူးခြားတဲ့ တွေ့ရှိချက်ကတော့ စပါးမရိတ်သိမ်းမီ ကုလားပဲအတွက် တီစူပါအိတ်ဝက် ကြိုတင်ကြဲပေးတာဟာ စပါးရင့်မှည့်ချိန်တစ်ပတ်စောပြီး မှည့်မှုညီညာတာ တွေ့ရပါတယ်။
ကုလားပဲသီးနှံ အထွက်တိုးရေးအတွက် အစိုဓာတ်မီရန် စိုက်ပျိုးချိန် အရေးပါသလို အထွက်တိုးစေရန် အထောက်အကူပြုမယ့် အထွက်မိတ်ဖက်အချက်များကိုလည်း စွမ်းရည်ပြည့်ဝအောင် ဆောင်ရွက်ပေးရမယ့် အချက်များဟာလည်း အဓိကသော့ချက်ဖြစ်နေပါတယ်။ ကုလားပဲသီးနှံ အထွက်တိုးရေးအတွက် အထောက်အကူပြုပေးမယ့် အထွက်မိတ်ဖက်အချက်တွေကတော့ (၁) တစ်ဧကရှိရမယ့် ရိတ်သိမ်းပင်အရေ အတွက်၊ (၂) တစ်ပင်မှာရှိရမယ့် သီးကိုင်းအရေအတွက်၊ (၃) တစ်ကိုင်းမှာရှိရမယ့် အောင်စေ့အရေအတွက်၊ (၄) အစေ့ ၁၀၀ ဂရမ် အလေးချိန်တို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ တစ်ဧကရှိရမယ့် ရိတ်သိမ်းပင်အရေအတွက် အပြည့်အဝရရှိအောင် ဆောင်ရွက်ရေးဟာ စိုက်ပျိုးတဲ့ အချိန်တိုတိုကလေးအတွင်းမှာပဲ စီမံလို့ရတဲ့ အချက်ဖြစ်နေခြင်းပါပဲ၊ နောက်မှလိုက်၍ ပြုပြင်လို့ မရနိုင်တဲ့အချက် ဖြစ်ပါတယ်။ တစ်ဧကသတ်မှတ် ရိတ်သိမ်းပင် ၁၃၀၀၀၀ ပြည့်ပြည့်ဝဝရရှိအောင် စိုက်ပျိုးချိန်မှန်ရမယ်။ အပင်ပေါက် ၉၀ ရာခိုင်နှုန်းအထက် ရှိတဲ့မျိုးကို သုံးရမယ်။ ထယ်ရေးညက်အောင်၊ နက်အောင် ပြုပြင်ရမယ်။ ပဲမျိုးစေ့ကို ရေစိမ်အခြောက်လှန်းပြီးမှ စိုက်ရမယ်။ မြေအောင်းပိုး၊ ပင်ညှိုးရောဂါဆေးများကို မျိုးစေ့နဲ့ လူးနယ်စိုက်ပျိုးရမယ်။ ပြီးရင် ကြမ်းတုံးသေချာအောင် နှစ်ပြန်အုပ်ပေးဖို့ လိုပါတယ်။ တစ်ဧကမှာ အပင် ၅၀၀၀ လျော့သွားရင် ကုလားပဲတစ်တင်းလျော့သွားနိုင်ပါတယ်။
ကုလားပဲတစ်ပင်မှာ သီးကိုင်းသုံးလေးကိုင်းထွက်ရှိရမှာ ဖြစ်ပါတယ်။ တစ်ကိုင်းမှာ ငါးစေ့မှ ခြောက်စေ့ အောင်စေ့သီးအောင် ပြုစုထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ သီးကိုင်းအရေအတွက်လျော့တာနဲ့ အောင်စေ့အရေအတွက်လျော့တာနဲ့ အထွက်က ကျသွားပါတယ်။ ကုလားပဲပင်သက် ၂၀ ရက်သားမှ ၂၅ ရက်သားဆိုရင် ကိုင်းဖူးကလေးများ နိုးကြားလာတဲ့အချိန်မှာ ကိုင်းဖူးထွက်အားကောင်းအောင် နိုက်ထရိုဂျင်ဓာတ် များများပါတဲ့ ရွက်ဖျန်းမြေဩဇာကို နှစ်ကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ တစ်ကိုင်းမှာ အောင်စေ့ ငါးစေ့မှ ခြောက်စေ့သီးနိုင်အောင် ပန်းပွင့်သန္ဓေအောင်ပြီးရင် နိုက်ထရိုဂျင်ဓာတ်နည်းနည်း၊ ဖော့စဖရပ်နဲ့ ပိုတက်စီယမ်များများပါတဲ့ ရွက်ဖျန်းမြေသြဇာ သုံးကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ ပန်းမြိုင်မြိုင်ပွင့်ချိန်မှာ ပန်းပွင့်အားကောင်းအောင်၊ သန္ဓေအောင်နှုန်းကောင်းအောင်၊ အောင်စေ့များအောင် ယူရီးယားမြေသြဇာလေးဇွန်း၊ လဲချားမှုန့် တစ်ဇွန်း၊ ရေလေးဂါလန်နဲ့ ဖျော်ပြီး တစ်ဧက ရေဂါလန် ၂၀ နဲ့ နှစ်ကြိမ်ဖျန်းပေးရင် ပိုပြီးအထွက်တိုးတာ တွေ့ရပါတယ်။ ဒီလိုဖျန်းပေးရင် ကုလားပဲအစေ့ ၁၀၀၊ အလေးချိန် ၂၅ ဂရမ်မှ ၃၅ ဂရမ်လည်း အလိုလိုရရှိလာမှာ ဖြစ်ပါတယ်။ အညာဒေသ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ အချို့နေရာတွေမှာ မြေချဉ်ငန်ကိန်းမြင့်နေရင် သွပ်ဓာတ်ချို့တဲ့တတ်သဖြင့် တစ်ဧက ဇင့်ဆာလ်ဖိတ် ၅ ပေါင်နှုန်းထည့်ပေးပါက ပဲထွက် ၅၂ ရာခိုင်နှုန်း (၂ ဒသမ ၅ တင်း) ပိုထွက်နိုင်ပါတယ်။
ကုလားပဲတစ်တင်းမှာ ကုလားပဲစေ့ ၁၀၅၀၀၀ စေ့ခန့်ပျမ်းမျှ ဝင်ဆန့်ပါတယ်။ ကုလားပဲစေ့ တစ်ဧက အပင် ၁၃၀၀၀၀၊ တစ်ပင်မှာ အောင်စေ့ ၁၅ စေ့မှ ၁၈ စေ့ရရှိရန် တစ်ဧက ကုလားပဲစေ့ ၁၈ သိန်းစေ့မှ သိန်း ၂၀ စေ့ရရှိမှာ ဖြစ်ပါတယ်။ တစ်ဧက ၁၈ တင်း မှ တင်း ၂၀ ခန့် ထွက်ရှိမှာ ဖြစ်ပါတယ်။ သို့ပါ၍ ကုလားပဲတစ်ဧက အထွက်နှုန်းတိုးရေးအတွက် အထွက်နှုန်းတိုးရေး မိတ်ဘက်အချက်များကိုလည်း ဂရုတစိုက် ပြုစုထိန်းသိမ်းစီမံဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂)
No comments:
Post a Comment