October 3, 2020

မြေပဲအထွက်နှုန်းကောင်းအောင် ဘယ်လိုမြေဩဇာကျွေးရမလဲ

မောင်ငြိမ်းအောင် (တန့်ဆည်)

        မြေပဲကို အထွက်တိုးအောင် ဆောင်ရွက်မယ်ဆိုရင်တော့ မြေပဲပင်ရဲ့သဘာ၀ကို ဦးစွာ နားလည်ဖို့လိုမှာဖြ စ်ပါတယ်။ မြေပဲပင်ဟာ အပင်အပေါ်ပိုင်းမှာ အပွင့်ပွင့်ပြီး အဆိုပါပွင့်တံများ သန္ဓေအောင်ပါတယ်။ အဲဒီသန္ဓေအောင်တဲ့ ပွင့်တံများဟာ မြေဆီလွှာထယ်ရေးအတွင်း ထိုးဝင်သွားပါတယ်။ ဒါကို စွယ်ထိုးတယ်လို့ ခေါ်ကြပါတယ်။ ဒီစွယ်ရဲ့ ထိပ်ဖျားမှာ မြေပဲတောင့်ဥပြီး သီးတာဖြစ်ပါတယ်။ မြေပဲပင်အမြစ်က မြေပဲတောင့်ဥတာမဟုတ်ပါ။ မြေပဲအမြစ်သည် မြေပဲအစေ့ အညှောင့်ပေါက်ရာမှ တိုက်ရိုက်ထွက်ပါတယ်။ မြေပဲစွယ်ဟာ မြေပဲကိုင်းအဆစ်များက ထွက်တာဖြစ်ပါတယ်။ မြေပဲပင်တစ်လသားအရွယ်ရောက်ရင် မြေပဲမြစ်များ၊ မြေဆီလွှာအတွင်း ဖွာ၍ ထွက်ပြီး အောက်အနက်သို့လည်း ထိုးဆင်းသွားပါတယ်။ မြေပဲအမြစ်များ ကြီးထွားဖွံ့ဖြိုးမှုဟာ မြေပဲတောင့်များများဖြစ်ပေါ်မှုအတွက် တိုက်ရိုက်အကျိုးပြုပါတယ်။ မြေဩဇာ၊ အစိုဓာတ် လုံလောက်မှုနဲ့ထယ်ရေးကောင်းဖို့ အဓိကပါပဲ။

ဓာတ်ပုံ - groung.com

        မြေပဲပင် ၃၀ ရက်သားခန့်မှ ပန်းပွင့် ထောင်နဲ့ချီ ပွင့်တယ်။ ပန်းပွင့်အားလုံးရဲ့  ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသာ စွယ်ဖြစ်နိုင်ပါတယ်။ ဖြစ်လာတဲ့စွယ်များအနက် ၇ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းဟာ မြေပဲတောင့် ဖြစ်လာနိုင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ မြေပဲတောင့်များရဲ့ ၆၆ ရာခိုင်နှုန်းသာ အောင်တောင့်ဖြစ်လာနိုင်တဲ့အတွက် မြေပဲအထွက်တိုးစေရန် ဓာတ်မြေဩဇာကျွေးခြင်းဟာ အဓိကသော့ချက်ဖြစ်နေပါတယ်။

        တစ်ဧကမြေပဲတင်းရာကျော်ထွက်စေရန်အတွက် တစ်ဧက နွားချေးလှည်း ၁၀ စီးခန့် မြေပြုပြင်ချိန်တွင်ထည့်ခဲ့ရန် သတိပြုပါ။ တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၈၄ ပေါင်၊ ပိုတက်မြေဩဇာ ၂၈ ပေါင်၊ ဂျစ်ပဆန် ကျောက်မှုန့်မြေဩဇာ ၂၀၀ ပေါင်မှ ၂၅၀ ပေါင် ကျွေးရန် လိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လချေးကျောက်မှုန့်၊ မြေဩဇာတစ်ဧက တစ်နှစ် ၅၀၈ ပေါင်နှုန်း သုံးနှစ်ဆက်ထည့်ပေးခြင်းဟာ အပင်ပေါက်နှုန်းကောင်းပြီး အထွက်လည်း ပိုတယ်လို့ ဆိုပါတယ်။

        အာဖရိကနိုင်ငံများတွင် နိုက်ထရိုဂျင်ကို သီးသန့်အသုံးပြုခြင်းထက် နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်အချိုး ၅:၂၀:၁၅ ရှိ ကွန်ပေါင်းမြေဩဇာတစ်အိတ်သုံးခြင်းက ပို၍အထွက်ကောင်းတယ်လို့ ဆိုပါတယ်။ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့ပါက အပင်ကြီးထွားမှုတန့်နေပြီး ပင်စည်တွင် အနီရောင်သန်းနေပါတယ်။ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့ပါက မြေပဲမြစ်တွင် ဂိုလ်ဇိုဘီယမ်များဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ မြေပဲမြစ်က ဖော့စ်ဖိတ်ဓာတ် စုပ်ယူနိုင်မှုစွမ်းအားမှာ အစိုဓာတ်ပေါ်တွင် တည်မီနေတဲ့အတွက် အစိုဓာတ်မဖြစ်ဖို့ သတိပြုရမှာဖြစ်ပါတယ်။ ဖော့စပရပ်ဓာတ်များက အရွက်များ အစိမ်းရောင်ဖြစ်ပေါ်မှုအတွက် အထူးလိုအပ်ပါတယ်။

        ပိုတက်စီယမ်ဓာတ်အား အပင်တွင်း အစာအာဟာရများ ရွေ့လျားမှုကို အထောက်အကူပြုပါတယ်။ မြေပဲတောင့် ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အကျိုးပြုပါတယ်။ မြေပဲပင်သည် ပထမ အပင်ကြီးထွားချိန်မှာစုပ်ယူမှု များပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ ထိထိမိမိ ကျွေးသင့်ပါတယ်။ ပိုတက်စီယမ်ဓာတ်သည် မဂ္ဂနီစီယမ်၊ ကယ်လ်ဆီယမ်၊ နိုက်ထရိုဂျင်ဓာတ်များ အပင်က စုပ်ယူနိုင်မှုစွမ်းအားပေါ်တွင် တိုက်ရိုက်အကျိုးပြုပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ မြေပဲတောင့်များဖြစ်ပေါ်မှုကို ဖြစ်စေပါတယ်။ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ဟာ မြေပဲ တောင့်အရွယ်အစား၊ မြေပဲဆန်အရွယ်အစား၊ ကြီးထွားမှုကို အကျိုးပြုပါတယ်။ ဒါ့ကြောင့် ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လဆီယမ်ဓာတ်တို့ကို အချိုးညီညီ ထည့်ပေးသင့်ပါတယ်။ မြေပဲထယ်ရေးပြင်ချိန်မှာ တစ်ကြိမ်၊စိုက်ပြီး အပင်တန်းကြားတွင် စွယ်မချမီ တစ်ကြိမ်ကျွေးသင့်ပါတယ်။ အမြစ်ခြေရောက်အောင်ထည့်ပေးရန် သတိပြုပါ။ မြေပဲပန်းမပွင့်မီအချိန်တွင် ယူရီးယားနဲ့ရောပြီး တစ်ဧက ဂါလန်  ၂၀ နှုန်း ဖျန်းပေးပါက အောင်တောင့်များလာမှာ ဖြစ်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၄)

No comments:

Popular Posts