ဒေါက်တာလွင်သန့်
လူ့နှလုံးဟာ ရင်ညွန့်ရိုးအောက်ပိုင်းမှာတည်ရှိပြီး လူရဲ့လက်သီးဆုတ်သဏ္ဌာန်ရှိကာ သူနဲ့ အနီးဆုံးက အဆုတ်ဖြစ်တယ်။ ဘယ်ဘက်မှာရှိတယ်။ နှလုံးကနေ သွေးအဓိကပို့လွှတ်တဲ့ အင်္ဂါတွေက အဆုတ်နဲ့ ဦးနှောက်တို့ပဲဖြစ်တယ်။ နှလုံးရုတ်တရက် ထိခိုက်ရခြင်း၊ ဦးနှောက်ရုတ်တရက် အတိုက်ခိုက်ခံခြင်းတွေမှာ သေဆုံးတတ်တယ်။
နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောတွေကို သွေးစီးဆင်းစေဖို့အတွက် အလုပ်လုပ်ရတယ်။ အလေးချိန် ၁ဝ အောင်စရှိပြီး အခန်း လေးခန်းနဲ့ ဖွဲ့စည်းထားတဲ့ နှလုံးကြွက်သားဟာ အမျှင်တစ်သျှူးတွေနဲ့ ပေါင်းစည်းထားပြီး အပေါ်ယံမှာ သွေးလွှတ်ကြောငယ်ရှိတယ်။ ဆံချည်မျှင်သွေးကြောတွေ ပတ်ရံထားကာ တစ်ကိုယ်လုံး သွေးပို့တဲ့ပမာဏ လူတစ်ယောက် တစ်သက်တာအတွက် တန်ချိန် ၃ဝဝ မျှ ပမာဏရှိတယ်။ သွေးနဲ့အသက်ရှင်နေတဲ့လူသားတွေအတွက် သွေးပို့လွှတ်တဲ့ အလုပ်လုပ်နေတဲ့ နှလုံးကို ဘယ်လောက်ဂရုစိုက်ရတယ်ဆိုတာ ထင်ရှားတယ်။
နှလုံးသွေးလွှတ်ပုံက နှစ်မျိုးရှိတယ်။ နှလုံးကြွက်သားများ ကျုံ့ညှစ်ပြီး သွေးလွှတ်ခြင်းနဲ့ နှလုံးနားနေချိန်၊ သွေးလွှတ်ခြင်းတို့ ဖြစ်တယ်။ နှလုံးသွေးပို့လွှတ်မှုကို နှောင့်ယှက်တဲ့အခြေအနေတွေ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ဆို့ခြင်း၊ ကျယ်ခြင်း၊ နှလုံးကြွက်သားအားနည်းခြင်း၊ ပျက်စီးခြင်း၊ နှလုံးအဆို့ရှင်တို့ရဲ့ အားနည်းခြင်း၊ ပျက်စီးခြင်းတို့ကြောင့်ဖြစ်တယ်။
နှလုံးသွေးကြောကျဉ်းတာနဲ့ ဆန့်ကျင်ဘက်က နှလုံးသွေးကြောကျယ်ခြင်း၊ Coronary Dilatation ဟာ နှလုံးသွေးပြောင်းပြန်စီးစေခြင်းဖြစ်ကာ အသက်သေဆုံးစေနိုင်တယ်။
နှလုံးသွေးပို့လွှတ်မှု နှစ်ခုထဲက နှလုံးကြွက်သားကျုံ့ညှစ်ပြီး သွေးလွှတ်မှုဟာ လူတစ်ဦးအတွက် တစ်နေ့တာ နေထိုင်လုပ်ကိုင် လှုပ်ရှားသွားလာရာမှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်ပြီး နှလုံးကျုံ့ညှစ်မှုမရှိတဲ့ သွေးလွှတ်မှု (Diastolic Pressure) က ညဘက်အိပ်စက်အနားယူချိန်မှာ အလုပ်လုပ်ပါတယ်။ ဒါကြောင့် နှလုံးသွေးပို့လွှတ်မှုဟာ လူတစ်ဦးအတွက် စိတ်မအား၊ လူမအားအချိန်တွေမှာ အများဆုံး အလုပ်လုပ်တယ်။
![]() |
ဓာတ်ပုံ - amazonaws.com |
လူတစ်ဦးမှာ နှလုံးနဲ့ပတ်သက်ပြီး ရောဂါတစ်မျိုးမျိုးဖြစ်လာပြီဆိုရင် ထင်ရှားစွာပြတဲ့လက္ခဏာတွေက ရင်ညွန့်စူးအောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အနည်းငယ် လှုပ်ရှားလုပ်ကိုင်ရုံနဲ့ မောပန်းခြင်း၊ ချွေးစေးထွက်ခြင်း၊ ခြေဖျားလက်ဖျား ထုံကျင်ခြင်းတွေဟာ ထင်ရှားတဲ့လက္ခဏာဖြစ်တယ်။
လူတွေအပြောများတဲ့ နှလုံးအတိုက်ခံရမှုက ရုတ်တရက်နှစ်လုံးရပ်သွားတာဖြစ်တယ်။ ငါးမိနစ်အတွင်း အရေးပေါ်နည်းနဲ့ နှလုံးပြန်မနှိုးရင် အသက်သေဆုံးနိုင်တယ်။ သွေးကြောထဲ ကိုလက်စထရောစုပုံနေပြီး အခြေအနေတစ်ခုခုကြောင့် အဆီပြုတ်ကျကာ သွေးသွားလာမှု ပိတ်ဆို့သွားရင် မေ့သွားမယ်။
နှလုံးရောဂါဖြစ်ပြီဆိုရင် အခြားအသည်း၊ အဆုတ်၊ ကျောက်ကပ် စတဲ့အင်္ဂါတွေရဲ့ ရောဂါလက္ခဏာတွေ ချက်ချင်းမပြဘဲ ပုန်းလျှိုး၊ ကွယ်လျှိုးရှိနေတတ်ပါတယ်။ နှလုံးရောဂါသည် သဘာဝကုထုံးတွေကို အားကိုးရမယ့် ရောဂါမဟုတ်ဘူး။ ခေတ်မီစက်ကိရိယာ အီးစီဂျီ၊ အက်ကိုးကားဒီးရပ်စကင်တို့ရဲ့အထောက်အကူ အများကြီး လိုအပ်ပါတယ်။ သဘာဝကုထုံးတွေက အခြေအနေမဆိုးခင် ကြိုတင်ကာကွယ်တဲ့နေရာမှာ ထိရောက်ပြီးခွဲစိတ်ကုသမှု မခံယူနိုင်တဲ့ ကလေး၊ လူကြီးတွေအတွက် အကျိုးရှိလှပါတယ်။
နှလုံးကုသတဲ့ ခေတ်မီဆေးဝါးတွေက အက်စပရင် (Aspirin)၊ ဘီတာကလော့ကာ (B-Blocker)၊ ဆီးဆေး (Diuretics)၊ ဒိုင်ဂေါ့ဇင် (Digoxin)တို့နဲ့ သက်ဆိုင်ရာ အဆို့ရှင်၊ ကြွက်သား၊ သွေးကြောတို့ကို ခွဲစိတ်ကုသခြင်းတို့ဖြစ်တယ်။
နှလုံးဟာ လူသားတို့ ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအင်္ဂါတစ်ခုလည်းဖြစ်နေတဲ့အတွက် ဘယ်ကုထုံးကို အသုံးပြုတာဖြစ်စေ ကျွမ်းကျင်နားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ပြုလုပ်သင့်တယ်။ မိသားစုအားလုံး တိုင်ပင်သင့်တယ်။ လူတို့ရဲ့ နေထိုင်မှုစနစ် ပြောင်းလဲလာတာနဲ့အမျှ လေ့ကျင့်ခန်းလုပ်ဆောင်မှုလျော့နည်းကာ အညောင်းထိုင်၊ အညောင်းမိစေတယ်။ နေ့စဉ် နာရီဝက်မှ တစ်နာရီ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးသင့်တယ်။ နေ့စဉ် လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကျစေခြင်း၊ သွေးတိုးကျစေခြင်း သွေးအတွင်းသကြားဓာတ်၊ အဆီကျစေခြင်း၊ စိတ်ဖိစီးမှုကျစေခြင်း ရလဒ်တွေရရှိနိုင်စေပြီး ယင်းရလဒ် တွေက နှလုံးကျန်းမာသန်စွမ်းရေးအတွက် အထောက်အကူပြုပါတယ်။
ကယ်လိုရီ၊ အဆီနဲ့ အသားဓာတ်တွေအတွက် အသားစားပေးသင့်တယ်။ အသားတွေမှာပါတဲ့ အဆီဓာတ်က နှလုံးသွေးကြောပိတ်စေတဲ့အတွက် နှလုံးရောဂါသမားတွေက နေ့စဉ် အသားလေးအောင်စ စားသင့်တယ်။
ဖြည့်စွက်စာမှာ နှလုံးသွေးအားကောင်းစေတဲ့၊ နှလုံးကြွက်သားမျှင်တွေ အားကောင်းစေတဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံ၊ အစေ့အဆန်နဲ့၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးရမှာ ဖြစ်တယ်။ ယင်းမှရတဲ့ အဆီဓာတ် နှစ်မျိုးက နှလုံးသွေးလွှတ်ကြောကို ခဲစေ၊ ပိတ်ဆို့စေတဲ့ သွေးဥမွှားတွေ လျှော့ချပေးတယ်။ အိုမီဂါ (၃)၊ အိုမီဂါ(၆) တို့ကို တူနာ၊ ဆာဒင်း၊ ငါးသလောက်၊ ဗာဒံစေ့၊ နေကြာစေ့၊ ငါးကြီးဆီတို့ကနေ ရရှိပါတယ်။
![]() |
ဓာတ်ပုံ - rawito.co.uk |
ပန်းသီး၊ ဗင်နီဂါ၊ ပန်းသီးဖျော်ရည်တို့က သွေးလွှတ်ကြောမျက်နှာပြင်တွေရဲ့ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး သွေးလွှတ်ကြောမျက်နှာပြင်မှာနေတဲ့ ကိုလက်စထရောကို လျှော့ချပေးပြီး ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေတယ်။ ပန်းသီး၊ ဗင်နီဂါ အလွယ်တကူ ဝယ်မရရင် ပန်းသီးဖျော်ရည်ထဲ ရိုးရိုးဗင်နီဂါ(အပျော့) တစ်ဇွန်းရောကာ တစ်နေ့ သုံးကြိမ် သောက်သုံးရမယ်။
ဟိုမိုဆိုက်စတိန်းဟာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး အသားထဲမှာပါဝင်တယ်။ ယင်းဓာတ်များပြားရင် နှလုံးသွေးကြောရောဂါ ဖြစ်ပွားစေတယ်။ သွေးကြောအဆိပ်သင့်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပွားစေတယ်။ နှလုံးရောဂါအားလုံးရဲ့ ၃ဝ ရာခိုင်နှုန်းက ဟိုမိုဆိုက်စတိန်းများခြင်းကြောင့် ဖြစ်တယ်။ ဗီတာမင် (B6/B12) တို့က ဟိုမိုစစ်စတင်း၊ မီသိုင်းအိုနင်းနဲ့ စစ်စတင်အဖြစ် ပြောင်းလဲပေးပါတယ်။
ဗီတာမင် B6 အတွက် ဂျုံကြမ်း၊ သစ်ကြားသီး၊ ငှက်ပျောသီး၊ ထောပတ်သီးတစ်မျိုးမျိုးကို နေ့စဉ် ၁ဝဝ မီလီဂရမ်နဲ့အထက် စားသုံးပေးရမယ်။ ဗီတာမင် B12 အတွက် သိုးအသည်း၊ ဆိတ်အသည်း၊ ပုစွန်၊ ကြက်ဥ၊ ဆိတ်သားတို့မှရမယ်။ ဗီတာမင် E ကြွယ်ဝတဲ့ အစာတွေက ဂျုံစေ့၊ နေကြာစေ့၊ ကြက်ဥ၊ ထောပတ်၊ ပဲပင်ပေါက်နဲ့ အရွက်စိမ်း အများအပြားပါဝင်တယ်။ မဂ္ဂနီယမ်သတ္တုဓာတ်ကို မုန်လာ၊ ဒန့်သလွန်၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ အာလူး၊ သရက်သီး၊ သြဇာသီး၊ ငှက်ပျောသီး၊ ဆီးသီးတို့မှ ရရှိတယ် နှလုံသွေးကြောကျယ်စေနိုင်တယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၄)
No comments:
Post a Comment