ဒေါက်တာနိုက်တင်ဂေးလ်
အခုတလော စာရေးသူဆီ ကိုယ်တိုင်အရောက်လာလို့ဖြစ်စေ၊ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့ဖြစ်စေ ဆေးကုသမှုနဲ့ အကြံဉာဏ်ခံယူကြတဲ့လူနာများမှာ ခါးအထက်ပိုင်းဘယ်ဖက် ဒါမှမဟုတ် ညာဖက်ခြမ်းမှာ ပူစပ်ပူလောင် နာကျင်ကိုက်ခဲပြီး တဖြည်းဖြည်း မီးလောင်ဖုလို နီရဲရဲအရည်ကြည်ဖုတွေ အစုလိုက်တွေ ထွက်လာလို့ ကြောက်ရွံ့ထိတ်လန့်ကြတာကြောင့် အားကိုးတကြီး ဆက်သွယ်အကူအညီတောင်းသူတွေ မနည်းလှပါဘူး။ အဲဒီအရည်ကြည်ဖုများဟာ စတုရန်းကွက်ပုံသဏ္ဌာန်အပြွတ်လိုက်ရှိပြီး အဲဒီအကွက်ဟာ ခန္ဓာကိုယ်နောက်ပိုင်း၊ ခါးအထက်ကျောရိုးကနေ ရင်ဘတ်အထိ ရောက်လာပါတယ်။ အရပ်ထဲမှာ အဲဒါကို ရေယုန်ခါးပတ် ပတ်တယ်လို့ ခေါ်ပြီး အဲဒီအပတ် ခန္ဓာကိုယ်မှာ ပြည့်သွားရင် အသက်သေဆုံးစေတယ်လို့ ယုံကြည်နေကြပါတယ်။ အဲဒီအရည်ကြည်ဖုများ ပေါက်လာခြင်းနဲ့အတူ နောက်ဆက်တွဲအဖြစ် အပြင်းအထန်ဖျားနာခြင်း၊ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း စတဲ့ ဝေဒနာများကိုပါ ခံစားလာရပါတယ်။
အမှန်စင်စစ် ရေယုန်ဟာ သာမန်အားဖြင့် ခါးပတ်ပတ်ခြင်း၊ မပတ်ခြင်း၊ အသက်အရွယ်ကြီးခြင်း၊ မကြီးခြင်းနဲ့မဆိုင်ဘဲ ရောဂါကူးစက်ခံရမှုအခြေအနေ၊ ရောဂါကုသမှုအခြေအနေ၊ အနာကို သန့်ရှင်းစွာရှိစေမှု မရှိမှုတို့အပေါ်မှာ မူတည်ပါတယ်။ အသက်သေဆုံးသည်အထိဖြစ်ရတဲ့ အခြေအနေကတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ခုခံအားစနစ် အလွန်လျော့နည်းနေခြင်းနဲ့ အဓိကသက်ဆိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်ပေမယ့် လိုအပ်တဲ့အာဟာရတွေ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် မှီဝဲရင် ဘယ်လိုရေယုန်လက္ခဏာဖြစ်စေ အသက်မသေနိုင်ပါဘူး။ ဒါပေမဲ့ အာဟာရနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုစနစ် လျော့နည်းရင်ဖြစ်စေ၊ HIV/AIDS ရောဂါပိုး ကူးစက်ခံထားရသူ ဖြစ်နေရင်ဖြစ်စေ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကင်ဆာသမားများမှာလည်း ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဓာတုဆေးသွင်းကုထုံး ကုသခံထားရသူများမှာ ဖြစ်ပွားရင်အသက်သေဆုံးစေတတ်ပါတယ်။
ရေယုန်နဲ့ ဆိုးရွားတဲ့အဆင့်ရောဂါလက္ခဏာတွေမှာ ခုနကပြောခဲ့တဲ့ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းတို့အပြင် အကြားအာရုံချို့ယွင်းသွားခြင်း၊ ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်တော့ခြင်းများ ဖြစ်လာပါတယ်။ နောက်တစ်မျိုးကတော့ အရည်ကြည်ဖုတွေဟာ ခန္ဓာကိုယ်အပြင်ဘက် အရေပြားမှာသာမကဘဲ ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါများမှာပါ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ အဲဒီလို အဆိုးဆုံးအဆင့်မှာဆိုရင်တော့ လူနာကို အိမ်မှာပဲ ကုသမနေဘဲ ဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးဌာနများသို့ ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ အဆိုးဆုံးအဆင့်မှာ လူနာဟာ အစာနဲ့ရေတို့ကို မျိုမရ၊ သောက်မရတာတွေလည်း ဖြစ်လာတတ်ပါတယ်။
တကယ်တော့ ကလေးဘဝအရွယ်ကဖြစ်ခဲ့ဖူးတဲ့ ရေကျောက်ဟာ Varicella Zoster လို့ခေါ်တဲ့ အလွန်ပြင်းထန်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတဲ့ရောဂါဖြစ်ပြီး လျင်မြန်စွာလည်း ကူးစက်တတ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရေကျောက်ရောဂါကိုဖြစ်စေပြီး ဒီထက်ပိုမိုဆိုးဝါးတာကတော့ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ ရေယုန်ပေါက်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးငယ်များရေကျောက်ပေါက်ခြင်းဟာ သာမန်အားဖြင့်အသက်သေဆုံးစေလောက်အောင် မဟုတ်ပေမယ့် ပေါ့ဆလို့တော့မရပါဘူး။ လူကြီးများ (အထူးသဖြင့် အသက် ၇ဝ အထက်) ကို အသက်သေဆုံးသည်အထိဖြစ်စေတဲ့ Shingles လို့ခေါ်တဲ့ နာ့ဗ်ကြောစွန်း ရေယုန်ရောဂါ ဖြစ်လာစေတတ်လို့ပါပဲ။ တချို့က ဆင်ရေယုန်လို့လည်း ခေါ်ပါတယ်။
![]() |
ဓာတ်ပုံ - mydoctor |
ကလေးဘဝမှာ ရေကျောက်ဖြစ်ပေါ်စေတဲ့ဗိုင်းရပ်စ်များဟာ ကလေးဘဝမှာ ကုသလို့ပျောက်ကင်းသွားပေမယ့် ထူးထူးဆန်းဆန်းကိုပဲ အနာသာပျောက်ပြီး ဗိုင်းရပ်စ်ပိုးအချို့ဟာ ကျောရိုးတစ်လျှောက်က နာ့ဗ်ကြောလမ်းကြောင်းတွေမှာ ဝင်ရောက်ခိုအောင်းနေပါတယ်။ အဲဒီဗိုင်းရပ်စ်များဟာ ဆယ်စုနှစ်ပေါင်းများစွာ ဘာဒုက္ခမှမပေးပါဘူး။ ဒါပေမဲ့ အလစ်ချောင်းနေခြင်းသာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာချိန် ဒါမှမဟုတ် ခန္ဓာကိုယ်ခုခံအားစနစ်က အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းသွားချိန်မှာ အဲဒီဗိုင်းရပ်စ်တွေဟာ ပြင်းထန်တဲ့ရေယုန်ရောဂါအဖြစ် ထကြွလာပါတော့တယ်။ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ ခွဲစိတ်ကုသမှုပြုလုပ်ထားလို့ ခုခံအားစနစ်ကျဆင်းနေချိန်မှာလည်း ရေယုန်များ ဖြစ်ပေါ်လာပါတယ်။
ရေယုန်နဲ့ပတ်သက်တဲ့ သဘာဝကုထုံးများဟာ ရေယုန်အဆိုးရွားဆုံးအဆင့်မရောက်မီမှာ အလွန်ထိရောက်တတ်ပြီး အဆိုးရွားဆုံးအဆင့်မှာလည်း ခေတ်ပေါ်ဆေးသိပ္ပံကုထုံးတွေနဲ့ တွဲဖက်ကုသနိုင်တယ်လို့ ဆန်ဒီယေဂိုမှ သဘာဝကုထုံးပညာရှင် Mank Stengler က ထောက်ခံထားပါတယ်။ ရေယုန်ကို ခေတ်ပေါ်ဆေးသိပ္ပံကုထုံးတွေနဲ့ ကုသရာမှာလည်း သဘာဝပစ္စည်းတွေ ပါဝင်ပါတယ်။ ဥပမာ- ခန္ဓာကိုယ် ခုခံအားကျဆင်းနေသူများ၊ အာဟာရချို့တဲ့နေသူများကို ဗီတာမင် B12 လိုမျိုး အာဟာရဆေးဝါးများ တိုက်ရိုက်ထိုးနှံကုသပေးပြီး ဗိုင်းရပ်စ်သတ်ဆေးများကိုလည်း သဘာဝပရဆေးပင်များမှ အသွင်ပြောင်းထားတဲ့ Diluted mixture Vaccine များ ထိုးနှံလို့ ဗိုင်းရပ်စ်များကို တိုက်ရိုက်နှိမ်နင်းပေးပါတယ်။ အခုလက်ရှိ ကုသပေးနေတဲ့ ခေတ်သိပ္ပံဆေးကုထုံးအနေနဲ့ အများစုပေးဖြစ်နေတဲ့ ဆေးကတော့ အဲဒီဗိုင်းရပ်စ်ပိုးတွေကိုတော့ Acyclovir ကို 400 mg အား တစ်နေ့လျှင် သုံးကြိမ်မှ ငါးကြိမ်အထိ သောက်နိုင်ပြီး နာကျင်ကိုက်ခဲမှုများ သက်သာစေဖို့အတွက် Neurega 75 mg အားကို နာကျင်ကိုက်ခဲမှုအလျောက် လိုအပ်သလို သောက်သုံးနိုင်ပါတယ်။ ရေယုန်အဖုအနာများအတွက် လိမ်းဆေးအနေနဲ့ကတော့ Zoral ဒါမှမဟုတ် Vivir ကို တစ်နေ့ငါးကြိမ်နဲ့ လိုအပ်သလို လိမ်းပေးနိုင်ပါတယ်။ ဆက်လက်ပြီး စာဖတ်သူများအတွက် ရေယုန် သဘာဝကုထုံးစစ်စစ်တွေကို မျှဝေပေးလိုပါတယ်။
ရေယုန်အတွက် သဘာဝပတ်ဝန်းကျင်ကုထုံးများမှာ ထင်ရှားလှတဲ့ ပြင်သစ်ရွှံ့စေးဟာ အရည်ကြည်ဖုတွေရဲ့ အစိုဓာတ်ကိုစုပ်ယူပြီး ခြောက်သွေ့ပြားချပ်စေပါတယ်။ ပြင်သစ်ရွှံ့စေးကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအစာနဲ့ သဘာဝပစ္စည်းများ သီးသန့်ရောင်းတဲ့စင်တာများကနေ ဝယ်ယူရရှိနိုင်ပါတယ်။ တကယ်လို့ စာရေးသူတို့နိုင်ငံမှာ ဝယ်ယူလို့မရရင် စင်ကာပူမှ မှာယူနိုင်တယ်လို့ သိရပါတယ်။ လက်ဖက်ဆီဟာ ရေယုန်ဗိုင်းရပ်စ်ကို တိုက်ရိုက်သတ်ပစ်နိုင်ပါတယ်။ ပြင်သစ်ရွှံ့စေးနဲ့ လက်ဖက်ဆီကို ပေါင်းစပ်ပြီး အနာလိမ်းဆေးအဖြစ် အသုံးပြုမယ်ဆိုရင် အလွန်အစွမ်းထက်တဲ့ ရေယုန်ဆေးကောင်းတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ ပြင်သစ်ရွှံ့စေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေပမာဏဆတူရောပြီး မပျစ်မကျဲ အုံဆေးအနေအထားရောက်အောင် စပ်ပေးရပါမယ်။ ပြီးတော့ လက်ဖက်ဆီနှစ်စက်လောက်ကိုထည့်ပြီး သမအောင်မွှေစပ်ရပါတယ်။ အဲဒီအုံဆေးကို ပလတ်စတစ် ဒါမှမဟုတ် ရာဘာလက်အိတ်စွပ်ပြီး အရည်ကြည်ဖုများပေါ်မှာ မထူမပါးလေး အုံပေးရမှာပါ။ အဲဒီအုံထားတဲ့ဆေးအပေါ် ပိတ်စိမ်းပါးကို နှစ်ထပ်ထပ်ပြီး အုပ်ထားရပါမယ်။ အချိန် နှစ်နာရီမှ သုံးနာရီအထိထားပြီး ဆေးများဖယ်ရှားပြီးတော့ ရေနွေးစိမ်ထားတဲ့ အဝတ်သန့်သန့်နဲ့ အနာကို သန့်စင်ပေးစေချင်ပါတယ်။ ဒီလိုမျိုး တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။ သတိထားရမှာက ဆေးကို လက်ဗလာနဲ့ မသုတ်လိမ်းမိစေဖို့နဲ့ တစ်ခါသုံးပြီးတဲ့ ပိတ်စိမ်းပါးစတဲ့ ကိရိယာများကို နောက်တစ်ခါထပ်မသုံးဖို့ဖြစ်ပါတယ်။
နောက်တစ်မျိုးမှာ ဂျယ်လ်အသွင်ထုတ်လုပ်ထားတဲ့ ဟိုက်ဒရိုဂျင်ပါရော့စ်ဆိုဒ်မှာတော့ အောက်ဆီဂျင်ပမာဏမြင့်မားစွာ ပါဝင်ပြီး ဗိုင်းရပ်စ်ပိုးများကိုသေစေပါတယ်။ အဲဒီဂျယ်လ်ကို အရည်ဖုများခြောက်သွေ့ပြီးအနာကျက်သွားတဲ့အထိ နှစ်နာရီခြား၊ သုံးနာရီခြား တစ်ခါသုတ် လိမ်းပေးရမှာဖြစ်ပါတယ်။ အဲဒါကိုတော့ တစ်နေ့တာအတွက် အကြိမ်အရေအတွက် မသတ်မှတ်ထားပါဘူး။
Capsaicin ဆိုတာကတော့ ငရုတ်သီးနဲ့ ငရုတ်ကောင်းသီးတို့မှာပါဝင်တဲ့ ပူစပ်တဲ့ဂုဏ်သတ္တိရှိတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။ သူ့အစွမ်းသတ္တိဟာ အရေပြားပေါ်က ဗိုင်းရပ်စ်သာမကဘဲ နာ့ဗ်ကြောများနဲ့ ဦးနှောက်အတွင်းရှိ ဗိုင်းရပ်စ်များကိုလည်း သေဆုံးစေပါတယ်။ အထူးသဖြင့် အသက် ၇ဝ နဲ့အထက် သက်ကြီးရွယ်အိုရေယုန်ဝေဒနာရှင်များ ပြင်းထန်တဲ့အဆင့်များမှာ အသုံးပြုသင့်ပါတယ်။ Capsaicin ကို ခရင်မ်အနေနဲ့ ထုတ်လုပ်ထားပြီး ဆေးဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ရေယုန်အနာပေါ်မှာ တိုက်ရိုက်သုတ်လိမ်းရမှာဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာအောင် တစ်နေ့တစ်ကြိမ်စီ သုတ်လိမ်းသွားရမှာဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ အစွမ်းထက်တဲ့ သဘာဝဆေးဝါးများကို အသုံးပြုနေတာနဲ့တစ်ပြိုင်နက် ဗီတာမင်စီကိုလည်း အနာကျက်စေတဲ့ ခုခံအားစနစ် တိုးမြှင့်ဖို့အတွက် မှီဝဲရမှာဖြစ်ပါတယ်။ တစ်နေ့တာအတွက် ရေယုန်ဝေဒနာရှင်များလိုအပ်တဲ့ ဗီတာမင်စီပမာဏကတော့ ၂ဝဝဝ မီလီဂရမ် ဖြစ်ပါတယ်။ ဆေးဝါးအသွင် ထုတ်လုပ်ထားတဲ့ ဗီတာမင်စီအပြင် ဗီတာမင်စီပါဝင်တဲ့ သဘာဝအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကိုဖြစ်စေ စားသုံးသင့်ပါတယ်။
ချစ်တဲ့ပရိသတ်ကြီးအနေနဲ့ သိထားသင့်တဲ့အကြောင်းအချက်တစ်ခုကို ဆက်လက်မှတ်သား ပေးစေလိုပါတယ်။ အဲဒါကတော့ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ လိုင်စင်းဟာ ကလေးငယ်များကို အစာစားလိုစိတ်ဖြစ်ပေါ်စေတဲ့ ဓာတ်ပစ္စည်းအဖြစ် လူသိများကြတယ်မဟုတ်လား။ ဒါ့ပြင် လိုင်စင်းဟာ ရေယုန်ဗိုင်းရပ်စ်များကို အသက်ဆက်ပေးနေတဲ့ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ Anginine ကို ခန္ဓာကိုယ်က စုပ်ယူမှုကိုလည်း လျှော့ချပေးတဲ့အတွက် ဗိုင်းရပ်စ်ပိုးများကို အားပြတ်သေဆုံးစေပါတယ်။ တစ်နေ့ကို လိုင်စင်း ၅ဝ ဂရမ် မှီဝဲရမှာဖြစ်ပါတယ်။ လိုင်စင်းကြွယ်ဝစွာပါဝင်တဲ့ သဘာဝအစားအစာများကတော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲနီလေး၊ ပဲနံ့သာ၊ အသားအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းများနဲ့ သစ်သီးမှည့်စတာတွေ ဖြစ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၈)
No comments:
Post a Comment