အောင်ဆန်း(စိုက်ပျိုးရေး)
ဒီနှစ် မိုးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဦးဆောင်ကူညီပံ့ပိုးမှုနဲ့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တစ်နိုင်ငံလုံး ဝေးလံဒေ သများပါမကျန် စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ပွားများ ရေးကို တရှိန်ထိုး တက်တက်ကြွကြွ ဆောင်ရွက်နေကြတာ အားရစရာပါပဲ။ ဒီလို တစ်ရှိန်ထိုးဆောင်ရွက်နေ ကြတဲ့နေရာမှာ သတိပြုရမယ့် အချက်ကလေးများကို သတိပြုလိုက်နာကြဖို့ ဆွေးနွေးပေးချင်ပါတယ်။ ဒါမှသာ မည်ကာမတ္တ မျိုးကောင်းမျိုးသန့်မဟုတ်ဘဲ အရည်အချင်းပြည့် အထမြောက်တဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - Soe Moe Aung |
စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့များကို အဆင့်လေးဆင့် ခွဲခြားထားပါတယ်။ (၁) မိဘမျိုးစေ့၊ (၂) ဆင့်ပွားမျိုးစေ့၊ (၃) မျိုးသန့်မျိုးပွားစေ့၊ (၄) စီးပွားဖြစ်မျိုးသန့်မျိုးစေ့တို့ ဖြစ်ပါတယ်။ မိဘမျိုးစေ့ဟာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက တာဝန်ခံထုတ်လုပ်ပါတယ်။ မိဘမျိုးစေ့ဟာ မျိုးသန့်စင်မှု ၉၉ ရာခိုင်နှုန်း၊ အပင်ပေါက် ၉၀ ရာခိုင်နှုန်း၊ အစိုဓာတ် ၁၃ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်မှာ ဆန်နီစေ့ပါဝင်မှု သုည ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်မှာ ပေါင်းစေ့ပါဝင်မှု ၃ ရာခိုင်နှုန်း စတဲ့ အရည်အချင်းလက္ခဏာတွေနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။ ဆင့်ပွား မျိုးစေ့ဟာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရဲ့ နယ်ခြံတွေမှာ တာဝန်ယူ ပွားများပေးတာဖြစ်ပါတယ်။
ဆင့်ပွားမျိုးစေ့မှာ မျိုးသန့်စင်မှု ၉၈ ရာခိုင်နှုန်း၊ အပင်ပေါက် ၉၀ ရာခိုင်နှုန်း၊ အစိုဓာတ်ပါဝင်မှု ၁၃ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်မှာ ဆန်နီပါဝင်မှု ၁ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်မှာ ပေါင်းစေ့ပါဝင်မှု ၅ ရာခိုင်နှုန်းစတဲ့ အရည်အချင်းလက္ခဏာတွေ နဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။
မျိုးသန့်မျိုးပွားမျိုးစေ့ဟာ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးသန့်ပွားများခြံများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ အကျိုးဆောင်တောင်သူလယ်သမားကြီးများ၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်သော လယ်သမားကြီးများ မျိုးသန့်စံပြရွာများထံတွင်ပွားများထုတ်လုပ်ပါတယ်။ မျိုးသန့်မျိုးပွားမျိုးစေ့ဟာ မျိုးသန့်စင်မှု ၉၈ ရာခိုင်နှုန်း၊ အပင်ပေါက် ၈၅ ရာခိုင်နှုန်း၊ အစိုဓာတ်ပါဝင်မှု ၁၃ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်တွင် ဆန်နီစေ့ပါဝင်မှု ၃ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်တွင် ပေါင်းမြက်စေ့ပါဝင်မှု ၁၀ ရာခိုင်နှုန်း စတဲ့ အရည်အချင်းလက္ခဏာတွေနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။
စီးပွားဖြစ်မျိုးသန့်မျိုးစေ့ဟာ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးသန့်မျိုးပွားခြံများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ အကျိုးဆောင်တောင်သူလယ်သမားကြီးများ၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်သော တောင်သူလယ်သမားကြီးများ၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရန် စိတ်ပါဝင်စားပြီး တက်ကြွသော တောင်သူလယ်သမားကြီးများ မျိုးသန့်စံပြရွာများထံမှ ထပ်ဆင့်ပွားများထုတ်လုပ်ပါတယ်။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ဟာ မျိုးသန့်စင်မှု ၉၇ ရာခိုင်နှုန်း၊ အပင်ပေါက် ၈၀ ရာခိုင်နှုန်း၊ အစိုဓာတ်ပါဝင်မှု ၁၃ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်တွင် ဆန်နီစေ့ပါဝင်မှု ၅ ရာခိုင်နှုန်း၊ အစေ့ ၅၀၀ ဂရမ်တွင် ပေါင်းမြက်စေ့ပါဝင်မှု ၁၀ ရာခိုင်နှုန်း စတဲ့ အရည်အချင်းလက္ခဏာတွေ နဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။
ယခုနယ်များတွင် CERP အစီအစဉ်အရ စပါးမျိုးကောင်းထုတ်လုပ်ကြတဲ့အဆင့်မှာ မျိုးသန့်မျိုးပွားမျိုးစေ့အဆင့်ကို စိုက်ပျိုး၍ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းနဲ့ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို စိုက်ပျိုး၍ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ဒုတိယနှစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းများ ဖြစ်ပါတယ်။ ဤသို့ ထုတ်လုပ်ကြရာတွင် အထက်ပါ မျိုးသန့်မျိုးစေ့အဆင့်လိုက် သတ်မှတ်ထားသော အရည်အချင်းများ အပြည့်အဝရရှိအောင်သတိပြုထုတ်လုပ်ကြရမှာ ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ဖြစ်လာမည်ဟု မစဉ်းစားသင့်ပါ။ သတ်မှတ်ထားသော မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ စည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်မှသာ ဒေါင်ဒေါင်မြည် မျိုးကောင်းမျိုးသန့်မျိုးစေ့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
နည်းပညာနဲ့ စည်းကမ်းများမှာ စိုက်ပျိုးရာတွင် အပင်ပြုစုစောင့်ရှောက်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း လွယ်ကူစေရန် သက်လျင်မျိုး ၁၂၀ ရက်၊ ပင်ကြားတန်းကြား အကွာအဝေး ၉ လက်မ x ၄ လက်မ၊ သက်လတ်မျိုး ၁၂၀ ရက်မှ ၁၅၀ ရက်၊ ပင်ကြားတန်းကြားအကွာအဝေး ၈ လက်မ x ၄ လက်မ၊ သက်ကြီးမျိုး ၁၅၀ ရက်အထက်၊ ပင်ကြားတန်းကြားအကွာအဝေး ၁၀ လက်မ x ၆ လက်မ အကွာအဝေးထား စိုက်ပျိုးရမည်ဖြစ်ပါတယ်။ စိုက်ပျိုးရာတွင် အတန်းစိုက်ပျိုးရမည်ဖြစ်ပြီး ခြောက်တန်းတစ်တန်းလှပ် သို့မဟုတ် ကိုးတန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးရမှာ ဖြစ်ပါတယ်။
စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းကို ကွင်းဆင်း၍ အမြဲမပြတ် စစ်ဆေးရမှာဖြစ်ပါတယ်။ ကွင်းဆင်းစစ်ဆေးရာတွင် စပါးမျိုးကွဲပင်များ၊ ပိုးမွှားရောဂါကျရောက်မှုအခြေအနေ၊ အခြားသီးနှံပင်များ၊ မျိုးသန့်စင်မှုကို အနှောင့်အယှက်ပေးမည့် အပင်များ၊ ပေါင်းမြက်အပင်များ ရှိ၊ မရှိ ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ဤသို့ စစ်ဆေးရာတွင် အပင်ပွားစုံချိန်တွင် သုံးကြိမ် (ပွားစ၊ ပွားလယ်၊ ပွားစုံ)၊ ပန်းပွင့်ချိန်တွင် သုံးကြိမ် (အနှံထွက်စ၊ ပွင့်စ၊ ပွင့်စုံ)၊ ရင့်မှည့်ချိန်တွင် နှစ်ကြိမ် (နှံစုံ၊ ရင့်မှည့်) စစ်ဆေးရမှာ ဖြစ်ပါတယ်။
ဤသို့ စစ်ဆေးရာတွင် မျိုးကွဲအပင်ပါဝင်မှု ရှိ၊ မရှိနှင့် မျိုးကွဲနုတ်ပယ်ခြင်းကို အထူးအလေးအနက်ထားရမှာ ဖြ စ်ပါတယ်။ မျိုးကွဲနုတ်ပယ်ခြင်းဟာ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ ဗီဇသန့်စင်မှုရဲ့ “အသက်”ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်ဆိုသည်မှာ ဖုန်၊ ခဲ၊ သလဲ၊ အမှိုက်၊ ပေါင်းစေ့၊ အဖျင်းအမှော်ကင်းစင်ခြင်းဟာ မျိုးကောင်းဖြစ်ပါတယ်။ မျိုးကွဲနဲ့ ဆန်နီကင်းစင်ခြင်းဟာ မျိုးသန့်(ဗီဇသန့်) ဖြစ်ပါတယ်။ ဒါကြောင့် မျိုးကွဲနဲ့ ဆန်နီပါဝင်မှုဟာ မျိုးသန့်အဆင့်ကို စိုးမိုးနေတာ ဖြစ်ပါတယ်။
စပါးမျိုးကွဲကို ဘယ်လိုသိနိုင်မလဲ။ နည်းပညာအတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ စိုက်ခင်းထဲမှာ မျက်မြင်ခွဲခြားတာ ဖြစ်ပါတယ်။ ပင်ပွားစုံချိန်မှာ စပါးမျိုးကွဲကို ခွဲခြားလေ့လာရန်အချက်တွေကတော့ မိမိစိုက်ပျိုးထုတ်လုပ်သောမျိုး၏ လက္ခဏာများနှင့်ယှဉ်၍ အပင်အနိမ့်အမြင့် မညီညာခြင်း၊ ပင်ပွားအောက်ခြေမှ ထွက်ရှိပုံအနေအထား (ပင်စည်ထောင်နေ၊ ပြန့်ကားနေ)၊ အရွက်မျက်နှာပြင်အမွှေး ပါ/မပါ (ထူ/ပါး/ကြမ်း/ချော)၊ အရွက်၏ အရှည်၊ အကျယ် (ဗျက်)၊ အရောင်၊ ပင်စည်နဲ့ အရွက်ကြားထောင်မတ်ပုံ အနေအထား (ထောင်၊ ဘေးကား၊ ယိုင်) စတဲ့ လက္ခဏာတို့ကိုကြည့်၍ မျိုးကွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
စပါးပန်းပွင့်ချိန် မျိုးကွဲပင်ကို ခွဲခြားရန် လေ့လာရမယ့်အချက်တွေကတော့ မိမိတို့ စိုက်ပျိုးထုတ်လုပ်သော မျိုး၏ လက္ခဏာများနှင့်ယှဉ်၍ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် အပင်အနိမ့်အမြင့် မညီညာခြင်း၊ ပန်းပွင့်ချိန်အလွန်စောခြင်း၊ ပန်းပွင့်ချိန် အလွန်နောက်ကျခြင်း၊ အလံရွက်တည်နေပုံ(ထောင်မတ်၊ အောက်ငိုက်၊ ယိုင်)၊ အလံရွက်ဟာ စပါးနှံထက် မြင့်နေခြင်း၊ နိမ့်နေခြင်း၊ အရွက်လက္ခဏာများကို လေ့လာရာတွင် အလံရွက်အောက်ကပ်လျက်အရွက်ကို လေ့လာပါ။ ရွက်ခြားမျက်နှာပြင် အမွှေးပါ၊ မပါ (ထူ၊ ပါး၊ ကြမ်း၊ ချော)၊ ပင်စည်နဲ့ အရွက်ကြား ထောင်မတ်နေပုံ (ထောင်မတ်၊ ဘေးကား၊ ယိုင်)၊ အနှံအရွယ်အစား (နှံစရှည်၊ တို)၊ အနှံဂုတ် လွတ်၊ မလွတ် (လုံး၀လွတ်၊ တစ်ဝက်တစ်ပျက်လွတ်)၊ အနှံပုံသဏ္ဌာန် (နှစ်ဘက်အချိုးညီ၊ တစ်ဘက်တည်းရှိ)၊ အနှံစက်များတည်နေပုံ (ထောင်၊ စိုက်)၊ စပါးစေ့ အစိတ်အကြဲ (ကြဲ၊ စိပ်) စတဲ့လက္ခဏာများကိုကြည့်၍ မျိုးကွဲအဖြစ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
စပါးရင့်မှည့်ချိန်တွင် မျိုးကွဲပင်ခွဲခြားရန် လေ့လာရမည့်အချက်များမှာ မိမိစိုက်ပျိုးထုတ်လုပ်သော စပါးမျိုး၏ လက္ခဏာများနှင့် ယှဉ်၍ စပါးရင့်မှည့်မှု လျော့နည်းနေခြင်း၊ နောက်ကျလွန်းခြင်း၊ အနှံအတိုအရှည် သိသိသာသာ ကွဲပြားနေခြင်း၊ စပါးစေ့အရွယ်အစား အမျိုးအစားမတူညီခြင်း(ပု၊ ရှည်၊ သွယ်၊ လုံး)၊ စပါးခွံအရောင် မတူညီခြင်း (ရွှေရောင်၊ ကောက်ရိုးရောင်၊ နီညိုစင်း၊ နီညိုကွက်၊ အနက်)၊ စပါးခွံပေါ်တွင် အမွှေး ပါ၊ မပါ၊ စပါးစေ့တွင် အမြီး ပါ၊ မပါ (ရွှေဝါ၊ ကောက်ရိုး၊ အညို၊ ခရမ်း၊ အနက်) စတဲ့လက္ခဏာများကို ကြည့်၍ မျိုးကွဲအဖြစ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
မျိုးကောင်းမျိုးသန့် စပါးစိုက်ခင်းကို အမြဲကွင်းဆင်းလေ့လာ၍ ပင်ပွားစုံချိန်တွင် မျိုးကွဲပင်တွေ့ပါက အမြ စ်ပါအောင် ဆွဲနုတ်ပစ်ရမှာ ဖြစ်ပါတယ်။ ပန်းပွင့်ချိန်နဲ့ ရင့်မှန်ချိန်တွင် မျိုးကွဲတွေ့ရှိပါက မျိုးကွဲအနှံအား တံစဉ်နှင့် ရိတ်ဖြတ်၍ ဝေးရာသို့ သယ်ယူဖျက်ဆီးပစ်ရန် ဖြစ်ပါတယ်။ ပန်းပွင့်ချိန်နဲ့ ရင့်မှည့်ချိန်များဟာ မျိုးကွဲအပင် ခွဲခြားသိမြင်ရန် အလွယ်ကူဆုံးအချိန်ဖြစ်၍ ၎င်းအချိန်တွင် စပါးမျိုးကွဲနုတ်ပယ်ခြင်းကို မဖြစ်မနေ အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါတယ်။
ယခုလက်ရှိ မြေပြင်လက်တွေ ့အခြေအနေနှင့် စပါးမျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ စည်းကမ်းသတ်မှတ်ချက်များကို ထင်ဟပ်ဆန်းစစ်ကြည့်ရန် လိုအပ်ပါတယ်။ စိုက်ပျိုးချိန်စော၍ စိုက်ပျိုးခဲ့ရသော စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့ စိုက်ခင်းများမှာ အချို့ မှိုကပ်ချိန်၊ အချို့ပင်ပွားစုံချိန်၊ အချို့ပင်ပွားအလယ်ချိန်၊ အချို့ပင်ပွားစအချိန်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ နည်းပညာအရ ပင်ပွားချိန်တွင် သုံးကြိမ်ကွင်းဆင်း၍ မျိုးကွဲနုတ်ပယ်ခြင်း သုံးကြိမ်ပြုလုပ်ရမည်ဟု ဆိုထားပါတယ်။ ဤလုပ်ငန်းစဉ်ကို မည်မျှဆောင်ရွက်ပြီးကြပြလဲ၊ “မျိုးကွဲနုတ်ပယ်ခြင်း” သည် အပြောလွယ်၍ အလုပ်ခက်သော လုပ်ငန်းစဉ်၊ ကုန်ကျစရိတ်များသော လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လုပ်ဖြစ်ရန်လည်း လက်နှေးကြသော လုပ်ငန်းဖြစ်တာ တွေ့ရပါတယ်။ မျိုးကွဲနုတ်ပယ်ရန် ပျက်ကွက်လျှင်လည်း ဒေါင်ဒေါင်မြည် မျိုးကောင်းမျိုးသန့်မျိုးစေ့ မည်သို့မျှ မရရှိနိုင်ပါ။
မျိုးကွဲနုတ်ပယ်ရန် စိုက်ခင်းထဲတွင် စပါးပင်မြင်လိုက်တာနဲ့ မျက်စိအာရုံ အသိစိတ်ဖြင့်ပင် “ဒါမျိုးကွဲစပါးပင်ပဲ” ဆိုတာ ခွဲခြားနိုင်တဲ့ ကျွမ်းကျင်ပညာရှင်၊ လယ်ယာလုပ်သား လိုအပ်ပါတယ်။ ဒီလို ကျွမ်းကျင်ပညာရှင်၊ လယ်ယာလုပ်သားရရှိဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်ခြံကြီးမှာပင် ငါးနှစ်ငါးမိုး စာတွေ့ ကွင်းလက်တွေ့ သင်ကြားပြီးမှသာ ရရှိနိုင်ပါတယ်။ ယခု နိုင်ငံအနှံ့တွင် မျိုးကောင်းမျိုသန့်ထုတ် လုပ်ကြသော နေရာများ၌ ယခုနှစ်ချင်းပင် စပါးမျိုးကွဲခွဲခြားသိနိုင်တဲ့ ကျွမ်းကျင်ပညာရှင်၊ လယ်ယာလုပ်သား မည်သို့များ ရကြသနည်း၊ မည်သို့ မျိုးကွဲပင်ခွဲခြားနုတ်ပယ်နေကြပါသနည်း။ စဉ်းစားစရာပင်။
မျိုးစေ့ထုတ်စပါးခင်းဟာ အတန်းကလေးကလည်း ဖြောင့်တန်းနေ၊ ပင်ပွားကလေးကလည်း ကောင်းနေ၊ စပါးပင်ကလေးများကလည်း စိမ်းစိုလန်းဆန်း ကြီးထွားနေ၊ လယ်ကန်သင်းပေါ်မှာ ခါးထောက်ရပ်ကြည့်ပြီး ကောင်းလိုက်တဲ့ ငါ့စပါးခင်းလေးဆိုပြီး ပီတိဖြစ်နေရုံဖြင့် သူ့အလိုလို မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြစ်လာမည်မဟုတ်သည်ကို အထူးသတိပြုကြစေချင်ပါကြောင်း မေတ္တာဖြင့် နှိုးဆော်လိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၉)
No comments:
Post a Comment