October 14, 2020

ပေါင်းသတ်ဆေးသုံးစွဲလျှင် သတိရှိစေချင်

ထွေးယဉ် (စိုက်ပျိုးရေး)

        သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းမြက်များကြောင့် သီးနှံအထွက်နှုန်း ကျဆင်းစေပါသည်။ ပေါင်းပင်များတွင် မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းဟူ၍ သုံးမျိုးရှိလေသည်။ ပေါင်းပင်များသည် သီးနှံများ၏ရေ၊ အလင်းရောင်နှင့် အာဟာရကို ယှဉ်ပြိုင်ရယူစားသုံးကြလေသည်။ ဤသုံးမျိုးကို ယှဉ်ပြိုင်ရယူရာတွင် အပင်ပေါက်ပြီး စောစောပိုင်းကာလများတွင် သီးနှံပင်ရော၊ ပေါင်းပင်လေးများပါ ငယ်ရွယ်သေးသဖြင့် ယှဉ်ပြိုင်မှုမှာ မသိသာလှပေ ။ သို့ရာတွင် အပင်ကြီးလာသည်နှင့်အမျှ ယှဉ်ပြိုင်မှုမှာ ကြီးမားလာပြီး ၎င်းယှဉ်ပြိုင်မှုသည် သီးနှံပင်နှင့် ပေါင်းပင်များ ကြီးထွားမှုညီမျှသွားသည်အထိ ဆက်လက်ဖြစ်ပေါ်ပါသည်။ ဤကဲ့သို့ ညီမျှသွားသည့် အချိန်လောက်တွင် အပင်နှစ်မျိုးလုံး ထိခိုက်ပြီးဖြစ်ပါသည်။ ဤကာလလွန်မှ ပေါင်းလိုက်ရခြင်းသည် ရသင့်ရထိုက်သည့် သီးနှံအထွက်ကို မရတော့ပေ ။ ထိုသို့စတင်ယှဉ်သည့်ကာလမှ ညီမျှချိန်အထိကို အရေးကြီးသည့်ယှဉ်ပြိုင်မှုကာလဟုခေါ်ပြီး ပေါင်းကင်းစင်စွာထားရမည့် ကာလဖြစ်သည်။ ပေါင်းနှင့် သီးနှံယှဉ်ပြိုင်မှု အရေးကြီးဆုံးကာလမှာ သီးနှံပင်သက်တမ်း၏ ရှေ့ပိုင်း ၃၀ ရာခိုင်နှုန်း (သို့မဟုတ်) သုံးပုံ တစ်ပုံပင်ဖြစ်၍ ထိုကာလသည် ပေါင်းကင်းစင်အောင်နှိမ်နင်းရန် အလိုအပ်ဆုံး ဖြစ်ပါသည်။ မြေပဲပင်၏ ပေါင်းကင်းစင်ရမည့်ကာလသည် ၄၂ ရက်သားထိ ဖြစ်သည်။

        ပေါင်းကြောင့် သီးနှံပင်များ၏ အထွက်နှုန်းဆုံးရှုံးနိုင်မှု အခြေအနေအားဖြင့် ဥပမာ-မြေပဲသီးနှံတွင် ပေါင်းမရှင်းလင်းသောဧရိယာ တစ်ဟက်တာလျှင် သုည ဒသမ ၂၃ တန် (၂၁ တင်း)၊ တစ်ဧက ရှစ်တင်း၊ ကိုးတင်းသာထွက်ရှိပြီး ပေါင်းရှင်းပါက တစ်ဟက်တာလျှင် ၁၁၃ တင်း၊ တစ်ဧက ၄၆ တင်းထိ ထွက်ရှိပါသည်။ ထို့ကြောင့် ပေါင်းမြက်များကို မဖြစ်မနေရှင်းလင်းရပေမည်။ စပါးခင်းတွင်မူ ပေါင်းမြက်မရှင်း တိုက်ရိုက်အစေ့ချ၊ စိုက်ခင်းတွင် ပေါင်းမြက်မရှင်းမှုကြောင့် မရိတ်သိမ်းရဘဲ တံစဉ်လွတ်သည်အထိ ဖြစ်ဖူးသည်ကို တွေ့ကြုံဖူးပါသည်။ တောင်သူများသည်လည်း ပေါင်းကြောင့် အထွက်နှုန်းဆုံးရှုံးမှုကိုသိပြီးဖြစ်သည်။ ပေါင်းပင်ကို မဖြစ်မနေ နှိမ်နင်းရမည်ကို သိရှိပြီးဖြစ်သည်။ သို့ပါသော်လည်း ယခုအချိန်အခါတွင် ကျေးလက်နေ အလုပ်သမားများသည် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မှု၊ မြို့ကြီးပြကြီးသို့ သွားရောက်ကာ စီးပွားရှာမှုတို့ကြောင့်တောင်သူလယ်သမားများအနေဖြင့် လုပ်သားရှားပါးမှု ပြဿနာ၊ လုပ်အားခဈေးနှုန်း ပြဿနာများကို ကြီးမားစွာ ရင်ဆိုင်နေကြရပေသည်။ သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပါးစေရန်အတွက်လည်းကောင်း၊ လူ့လုပ်အား အချိန်မီမရရှိသဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေးအသုံးပြုလာကြပြီဖြစ်သည်။ သို့ပါသော်လည်း တောင်သူများအနေဖြင့် ပေါင်းသတ်ဆေးအကြောင်းကို ဂဃနဏ သိသူနည်းပါးပါသည်။ နှစ်စဉ် ပေါင်းသတ်ဆေးအသုံးပြုမှုကြောင့် ယခင်နှစ်မြေပဲတွင် အသုံးပြုခဲ့သော ပေါင်းသတ်ဆေး (ဥပမာ- အီမာဇီသာပြာ)ကြောင့် နောက်သီးနှံ နှမ်းတွင် ပျက်ဆီးဆုံးရှုံးမှု (အပင်မပေါက်မှု၊ ပေါက်သော်လည်း အပင်မသန်မှုကို ကြုံတွေ့ရပြီး တောင်သူများ ထိခိုက်နစ်နာမှုများ တွေ့ရှိရပါသည်။ ထိုသို့ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ပေါင်းသတ်ဆေးအကြောင်းကို သိရှိစေရန် ရေးသားလိုက်ပါသည်။

ဓာတ်ပုံ - vix.com

        ပေါင်းသတ်ဆေးတွင် မြက်ကိုနိုင်သောပေါင်းသတ်ဆေး၊ မြက်မုန်ညင်းကိုနိုင်သော ပေါင်းသတ်ဆေး၊ ရွက်ပြန့်ပေါင်းကိုနိုင်သော ပေါင်းသတ်ဆေးဟူ၍ ရှိပါသည်။ မိမိယာခင်း၊ လယ်ခင်းထဲတွင် ပေါက်တတ်သောပေါင်းပင်ကိုမူတည်၍ ပေါင်းသတ်ဆေးရွေးချယ် အသုံးပြုတတ်ရန် လိုအပ်ပေသည်။

        ပေါင်းသတ်ဆေးတွင် အပင်မစိုက်ပျိုးမီဖျန်းသော ပေါင်းသတ်ဆေး၊ အပင်စိုက်ပြီးဖျန်းသော ပေါင်းသတ်ဆေး၊ အပင်ပေါက်ပြီးမှဖျန်းသော ပေါင်းသတ်ဆေး ဟူ၍ရှိသည်။ ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေးနှင့် ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေးရှိသည်။ ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေးသည် ပေါင်းသာမက သီးနှံပင်ပါ သေစေနိုင်သည်။ (ဥပမာ-ပါရာကွပ်၊ ကလိုင်ဖိုဆိတ်)၊ ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေးသည် ပေါင်းသာသေစေ၍ သီးနှံကိုမသေစေပါ။ (ဥပမာ- တူးမိုးဒီ၊ သူတာကလော)။ 

        တချို့တောင်သူများသည် နောက်သီးနှံမြေပဲတွင် ပေါင်းသတ်ဆေး အီမာဇီသာပြာကို စိုက်ချိန် (သြဂုတ်-စက်တင်ဘာတွင်) အသုံးပြုခဲ့ပြီး မိုးဦးကျ မေ၊ ဇွန်တွင် နှမ်းစိုက်ပါက မြေပဲသီးနှံတွင် အသုံးပြုခဲ့သော အစွမ်းရှိပစ္စည်း အီမာဇီသာပြာ၏ ဓာတ်ကြွင်းကျန်ခဲ့မှုကြောင့် နောက်သီးနှံနှမ်းတွင် အပင်ဖြစ်ထွန်းမှုညံ့ဖျင်းခြင်း၊ အပင်မပေါက်ခြင်းများ၊ ကြုံတွေ့ရသော သာဓကများစွာရှိခဲ့ပါသည်။ ၎င်းပေါင်းသတ်ဆေး၏ စောင့်ဆိုင်းရမည့်ကာလကို မစောင့်နိုင်ဘဲ စိုက်ပျိုးခဲ့ကြသောကြောင့်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ပေါင်းသတ်ဆေးကို လိုအပ်မှသာ မဖြစ်မနေ သုံးစွဲကြစေလိုပါသည်။

        ပေါင်းသတ်ဆေးပက်ဖျန်းရာတွင်လည်း စနစ်တကျရှိရန် အထူးလိုအပ်လှပေသည်။ နှုန်းထားမှန်ကန်ရန်နှင့် ပက်ဖျန်းချိန် မှန်ကန်ရန် အထူးလိုအပ်လှပေသည်။ ပေါင်းသတ်ဆေးမဖျန်းမီ ရေသီးသန့်ဖြင့် ဆေးဖျန်းပုံးအတွင်းထည့်၍ သီးသန့်ပက်ဖျန်းသင့်သည်။ ဆေးဖျန်းပုံးတစ်ပုံးလျှင် ပက်ဖျန်းနိုင်သော ဧရိယာကိုတွက်ချက်၍ တဧကလျှင်ပက်ဖျန်းရမည့် ဆေးဖျန်းပုံးအရေအတွက်ကိုသိရှိ၍ တစ်ပုံးတွင်ထည့်ရမည့် ပေါင်းသတ်ဆေးနှုန်းထားကို သိရှိပေမည်။ ပက်ဖျန်းရာတွင်လည်း နှံ့နှံ့စပ်စပ် မြေပြင်ညီညာပြန့်ပြူးမှသာ ပို၍ ထိထိရောက်ရောက်ရှိနိုင်သည်။

ပေါင်းသတ်ဆေးသုံးစွဲရာတွင် သတိပြုရမည့် အချက်များ

        ၁။    ပေါင်းသတ်ဆေး ရွေးချယ်မှုမှန်ရမည်။ စိုက်ပျိုးသောသီးနှံနှင့် ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ကိုက်ညီသောဆေးဖြစ်ရမည်။

        ၂။    သင့်တော်သော ဆေးနှုန်းထားဖြစ်ရမည်။ (ဆေးဘူး၊ ပုလင်းတွင် ပါရှိသောအညွှန်းစာအတိုင်း)

        ၃။    သီးနှံသက်တမ်းနှင့် ပေါင်းပင်အရွယ်အစားကိုလိုက်၍ ပက်ဖျန်းချိန် မှန်ရမည်။

        ၄။    ပတ်ဝန်းကျင်အခြေအနေ မှန်ရမည်။ လေဆန်၍ မဖျန်းရ။ လေတိုက်သောနေ့၊ မိုးရွာသောနေ့ မဖျန်းရ။

        ၅။    မြေမျက်နှာပြ င် ညီညာ၍ ရေသွင်းရေထုတ် မှန်ရမည်။

        ၆။    ဆေးဖျန်းရာတွင် အသုံးပြုရမည့်ရေသည် ကြည်လင်နေရမည်။

        ၇။    ဆေးအမျိုးအစားကိုလိုက်၍ ဆေးဖျန်းပြီး ၃ နာရီ မှ ၆ နာရီအတွင်း မိုးလွတ်ရမည်။ (ဥပမာ-ဂလိုက်ဖိုဆိတ်)

        ၈။    သင့်တော်သောဆေးဖျန်းခေါင်းကို သုံးပါ။ ပင်လုံးပြန့်နှင့် မြေဖျန်းပေါင်းသတ်ဆေးအတွက် ယပ်တောင်ပုံးနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို သုံးနိုင်သည်။

        ၉။    ဆေးအုပ်စုမတူသောဆေးကို ပြောင်းလဲသုံးစွဲပါ။

        ၁၀။    ဆေးဖျန်းပုံးသီးသန့်ထားရန်နှင့် မဖျန်းမီနှင့် ဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးကို သေချာစွာ ဆေးကြောပြီးမှ သုံးပါ။

        ၁၁။    မြေပေါ်ဖျန်းပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီးအကွာအဝေး တစ်ပေခြား၍ ဖျန်းပြီး အရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျားအကွာအဝေး တစ်ပေခြား၍ ဖျန်းရမည်။

        ပေါင်းသတ်ဆေးကို စနစ်တကျ နည်းစနစ်မှန်ကန်စွာ အသုံးပြုခြ င်းဖြင့် ပေါင်းသတ်ဆေးကြောင့် ထိခိုက်မှုမရှိစေရေး ရည်ရွယ်၍ ရေးသားအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂)

No comments:

Popular Posts