ဇော်မျိုးနိုင်(ပြန်/ဆက်)
မြိတ်ဟုဆိုလျှင် သူ့ကို အတူတွဲလျက် အမှတ်ရစေလောက်အောင်ပင် မြိတ်ငါးပိက စွမ်းသည်။ မြိတ်မြို့နေသူတိုင်းအတွက် ငါးပိသည် နေ့စဉ်ထမင်းဝိုင်း၏ မပါမဖြစ် ဇာတ်ဆောင်ဖြစ်သည်။ အလှူပွဲများ၏ ထမင်းဝိုင်းတွင် ပွဲလာဧည့်သည်တိုင်းအတွက် ခံတွင်းတွေ့စေရေး ငါးပိသုပ်နှင့် တို့စရာလေးက ဖော်ဆောင်ပေးသည်။ အနံ့သင်းသင်းဖြင့် အရသာတစ်မူထူးသော မြိတ်ငါးပိနှင့်အတူ မြိတ်ကလာသော ငံပြာရည်ကား ရှေးကတည်းက ယနေ့ထိတိုင် ကျော်ကြားခဲ့သည်။
ငါးပိဘယ်ကစသလဲ
ငါးပိအစ ဂွေးကဖြစ်၏။ ဂွေးဟူသည် ဒေသအခေါ်အဝေါ်ဖြစ်ပြီး အမှန်စင်စစ်တွင် ရေငန်ပုစွန်အသေးများဖြစ်၏။ ၄င်းဂွေးခေါ် ရေငန်ပုစွန်အသေးလေးများမှ အစပျိုးကာ ငါးပိကောင်းဖြစ်လာစေရန်အတွက် အရင်းအနှီးသည်လည်း နည်းလှသည်တော့ မဟုတ်ပေ။
ငါးပိအတွက် ဂွေးများကို မြစ်ကျဉ်းများတစ်လျှောက်တွင် ဖောင်ချဖမ်းယူနိုင်ပြီး မြစ်ကျယ်များတွင်မူ သင်္ဘောများ၊ စက်လှေများ သွားလာမှုလမ်းကြောင်းအနေအထားအရ ဖမ်းယူခြင်းမရှိပေ။ တစ်နှစ်ပတ်လုံး ဖမ်းယူလုပ်ကိုင်နိုင်သော်လည်း မိုးများသောလများ၊ အထူးသဖြင့် မိုးရာသီများတွင် နေအပူပေးရန် အခက်အခဲရှိသဖြင့် လုပ်ငန်းရပ်နားကြသည်။
ဂွေးကောင်များကို ငါးပိပြုလုပ်ရန်အတွက် ပထမအဆင့် အမှိုက်သရိုက်များ ဖယ်ရှားခြင်း၊ ငါးအကောင်သေးများ ရောပါနေမှုကို ဖယ်ရှား၍ သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ရသည်။ ဂွေးကောင်ပိသာ ၁ဝဝ လျှင် အိုင်အိုဒင်းဆား (၅ဝ ကီလိုဂရမ်) တစ်အိတ်ကို ရောစပ်ရပြီး ဂွေးနှင့် ဆား မျှအောင်နယ်ပေးရသည်။ ဆားမမျှပါက ပုပ်သွားတတ်၏။ ထိုဆားရောပြီး ဂွေးများကို သိပ်ထားကာ ငါးပိပြုလုပ်ရန်အတွက် နေပူလှန်းကြသည်။
![]() |
ဓာတ်ပုံ - wordpress |
ဂွေးကောင်နေလှန်းငါးပိထောင်း
ဆားရောနေလှန်းထားပြီး ခြောက်စပြုနေသည့် ဂွေးကောင်များကို ငါးပိဖြစ်စေရေး ထောင်းဆုံထဲထည့်ကာ ထောင်းကြရသည်။ ထိုအခါ ငါးပိအဖြစ် ပထမအဆင့်ကို စတင်ရောက်ရှိလာပြီး နောက်တစ်ကြိမ်ထောင်းပြီး ငါးပိကို နေပူထဲပြန်လှန်းအခြောက်ခံရသည်။ နောက်တစ်ကြိမ် ထောင်းဆုံဖြင့် ပြန်ထောင်းရသည်။ ထိုနည်းအတိုင်း သုံးကြိမ်နေလှန်း သုံးကြိမ်ထောင်းပြီးသောအခါ မွှေးရနံ့သင်းသော ငါးပိကို ရရှိပြီဖြစ်သည်။ ငါးပိ ပိဿာ ၂ဝဝ ခန့်ရရှိရန် လူတစ်ယောက် နှစ်ရက်ခန့် အကြိမ်ကြိမ် ထောင်းဆုံဖြင့် ထောင်းကြရသည်။ ယခုအခါ
ငါးပိကြိတ်စက်များကို ဖန်တီး
တီထွင်လုပ်ကိုင်ရာတွင် ငါးပိပိဿာ ၂ဝဝ ခန့်ကို ကြိတ်ရန် အချိန်တစ်နာရီခွဲမျှသာ ကြာသည့်အတွက် အလုပ်တွင်လာခဲ့သည်။
ငါးပိအမျိုးမျိုး
မြိတ်ဒေသတွင် ငါးပိလုပ်ငန်းလုပ်ကိုင်သော ဒေသခံတို့သည် ဖမ်းဆီးရရှိသော ဂွေးကောင်များကို ငါးပိအဖြစ်ရောက်ရှိအောင် လက်ဖြင့် စတင်ပြုလုပ်ခဲ့ရပြီး နောက်ပိုင်းတွင် ခြေနင်းငါးပိဟူ၍ ပေါ်ပေါက်လာသည်။ ယခုအခါ ငါးပိလုပ်ကိုင်သူတို့၏ ကိုယ်ပိုင်တီထွင်စက်ဖြင့် ဖန်တီးကာ ငါးပိကို ထောင်းရန်မလိုဘဲ စက်ဖြင့်ကြိတ်၍ အဆင်ပြေချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ထို့ပြင် အသိပညာကြွယ်ဝလာမှုကလည်း စားသုံးသူတို့အတွက် စိတ်ချမ်းမြေ့ဖွယ်ပင်။ ငါးပိကို သန့်ရှင်းသပ်ရပ်စေရန် တီထွင်ကြံဆသည်ချည်းမဟုတ်ဘဲ စားသုံးသူဘေးဥပဒ်မဖြစ်စေရေးအတွက် အိုင်အိုဒင်းဆားဖြင့်သာ အသုံးပြုသည့်အပြင် ဆိုးဆေးလုံးဝမသုံးဘဲ နဂိုအတိုင်း ငါးပိ၏အရောင်အဆင်းနှင့် ရနံ့အရသာရရှိအောင် ထုတ်လုပ်ရောင်းချခြင်းကလည်း စားသုံးသူအတွက် စိတ်ကျေနပ်မှုရရှိစေကာ မြိတ်ငါးပိကိုစားသုံးခြင်းဖြင့် ကျန်းမာသောဘဝများ ပိုင်ဆိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၇)
No comments:
Post a Comment