October 13, 2020

ခေတ်၏ပုံရိပ်ကို ဖော်ကျူးနိုင်သည့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပြီ

လင်းညို

        မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်၊ ရာပြည့်အခမ်းအနားအတွက် အစီအစဉ်တွေ၊ ကြိုတင်ပြင်ဆင်မှုသတင်းတွေ ကြားရတော့ အတွေးတချို့ လှုပ်နိုးလာခဲ့သည်။ ရုပ်ရှင်ချစ်သူတစ်ဦး အနေဖြင့် အစဉ်တစိုက် အားပေးခဲ့ရသော ဒီအနုပညာရပ်ဝန်းဟာ ရာစုနှစ်တစ်စုကိုတောင် ဖြတ်သန်းလာခဲ့ပြီပဲဟူသော အတွေးဖြစ်ပေါ်လာသည်။ ယခုအခါမှာ ရုပ်ရှင်ဇာတ်လမ်း၊ ဗီဒီယိုဇာတ်လမ်းများကို အဆင့်မြင့်ရုံများ၊ စီဒီ၊ ဒီဗီဒီစက်များ၊ ဆော့ဝဲချန်နယ်များ စသည်တို့တွင် လွယ်လင့်တကူ ကြည့်ရှုနိုင်ကြပြီဖြစ်သည်။

        ရှေးကဖြတ်သန်းခဲ့ရသော ဆယ်စုနှစ်ကာလအပိုင်းအခြားများကို ပြန်တွေးကြည့်လျှင် ရုပ်ရှင်တစ်ခါကြည့်ရဖို့ မလွယ်ကူကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် ရုပ်ရှင်ပြပွဲများ ပြုလုပ်လျှင် ပွဲလမ်းသဘင်ကဲ့သို့ပင် အထူးတလည် စည်ကားခဲ့ကြောင်း ကြုံတွေ့ခဲ့ရသည်။ မှတ်မိပါသေးသည်။ စာရေးသူတို့ ငယ်စဉ်က ရုပ်ရှင်တစ်ခါကြည့်ရဖို့ လွတ်လပ်ရေးနေ့ကို စောင့်မျှော်ခဲ့ကြရသည်။ 

        လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရွာထိပ်က ကွင်းကျယ်ကြီးတွင် ပိတ်ကားရုပ်ရှင် ပြသလေ့ရှိသည်။ ဇာတ်သဘင်ပွဲများ ကျင်းပသလို လေးဘက်လေးတန်ရုံကာပြီး တစ်ဘက်မှာ ပိတ်ကားထောင်၊ တစ်ဘက်ကနေ ဆလိုက်မီးထိုး၍ ပြခြင်းဖြစ်သည်။ ယခုခေတ် ပရိုဂျက်တာများ အသုံးပြုသလိုပင်ဖြစ်သည်။

        ယခုအခါ ရာစုတစ်ခုကို ဖြတ်သန်းလာခဲ့သော မြန်မာ့ရုပ်ရှင်ကို စာရေးသူတို့ငယ်စဉ်က တစ်စိတ်တစ်ပိုင်းကြုံတွေ့ရသလို ရှေးဆယ်စုနှစ်တွေမှာ ဘယ်လို ဖြတ်သန်းစတင်ခဲ့ရကြောင်း စိတ်ဝငေတစားရှိမိပြန်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင်စတင်သည့်နှစ်ကို အတိအကျ မသိရသော်လည်း အယ်ဒီဆင်ဘိုင်စကုတ်ရုံတွင် ၁၉၁၀ ပြည့်နှစ်၌ စတင်ပြသခဲ့ကြောင်း ဒဂုန်ဦးဘတင်၏ “ကျွန်ုပ်နှင့် ရုပ်ရှင်လောက”စာအုပ်တွင် တွေ့ရှိရပါသည်။ သို့သော် ထိုအချိန်ထိ မြန်မာနိုင်ငံတွင် ရုပ်ရှင်ကင်မရာများ မရှိသေးသလို၊ မရိုက်ကူးနိုင်သေးကြောင်းလည်း ဆိုထားပါသည်။ ထို့ကြောင့် ရုပ်ရှင်ပြစက်များက မြန်မာနိုင်ငံသို့ ကနဦးဝင်ရောက်ခဲ့ကြောင်း လေ့လာရပါသည်။ ၁၉၁၄ ခုနှစ်နှင့် ၁၉၁၆ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ ရုပ်ရှင်ကင်မရာများ ရောက်ရှိနေပြီဖြစ်သော်လည်း ရိုက်ကူးနိုင်ဖို့ အဆင်မပြေ ၊ အခက်အခဲများစွာ ရှိနေဆဲပင်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် နှစ်လယ်တွင် လန်ဒန်အတ် ဦးအုန်းမောင်က ဝိုင်အမ်ဘီအေ အသင်းခေါင်းဆောင် ဦးထွန်းရှိန်၏ ဈာပနအခမ်းအနားကို ရုပ်ရှင်ဖြင့် မှတ်တမ်းဝင်ရိုက်ကူးနိုင်ခဲ့သည်။ ထို့နောက် မြန်မာ့ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းအနေဖြင့် ဆရာကြီးပီမိုးနင်း၏ “မေတ္တာနှင့်သူရာ”ဇာတ်လမ်းကို မင်းသား ကိုညီပု၊ မင်းသမီး မရီရီတို့နှင့် ရိုက်ကူးခဲ့ကြကြောင်း သိရပါသည်။ ၁၉၂၀ ပြည့် နှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွိုင်ရယ်စီနီမာ ရုပ်ရှင်ရုံတွင် စတင်ပြသခဲ့ရာ အောင်မြင် မှုများ ရရှိခဲ့ကြပါသည်။

        ထို့နောက်တွင် ကျေးတောသူမနု၊ သစ္စာနှင့် မေတ္တာ၊ စိန်နှင့် တေး၊ အသွင်မတူ အိမ်သူမဖြစ် ဇာတ်ကားများဖြင့် မြန်မာ့ရုပ်ရှင်လောက အောင်မြင်ဖြစ်ထွန်းလာပြီး နယူးဘားမား၊ အေဝမ်း၊ ဗန္ဓုလ စသည့် ရုပ်ရှင်ကုမ္ပဏီများ အသီးသီး ပေါ်ပေါက်လာခဲ့ကြသည်။ ထိုသို့ အပြိုင်ကုမ္ပဏီများ ပေါ်ပေါက်ခဲ့ရာမှ သူ့ထက်ငါ ကောင်းမွန်သော ရိုက်ကူးရေးစက်များ၊ ထုတ်လုပ်ရေးစက်များဖြင့် မြန်မာ့ရုပ်ရှင်သည် တဖြည်းဖြည်း အဆင့်မြင့်လာခဲ့ရသည်။ ယခုခေတ် တရုတ်ကားတွင် လေပေါ်ပျံဝဲပုံ၊ ပေ ၃၀၊ ၄၀ အမြင့်ခုန်ပုံများကို မြန်မာ့ရုပ်ရှင် ငွေရတုခေတ်ကပင် ရိုက်ကူးခဲ့ကြသည်။ မြန်မာ့ရုပ်ရှင်လောကကို စတင်ဖန်တီးနိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်မှာ လေးစားအားကျဖွယ်ချည်းသာ ဖြစ်ခဲ့ကြသည်။ သင်တန်းများ၊ ကျောင်းများဖြင့် လက်ဦးဆရာဟူ၍ မရှိခဲ့ကြဘဲ ဆက်စပ်ဖန်တီးပြီး လုပ်ငန်းအတွေ့အကြုံကသာ ဆရာလိုဖြစ်ခဲ့၍ တစ်ခုအပေါ်တစ်ခု အသိအမြင်တိုးကာ စွမ်းဆောင်ခဲ့ကြရခြင်းဖြစ်သည်။

        ရုပ်မြင်သံကြားဟူသော အသုံးအနှုန်းကြောင့် ယခုခေတ်တွင် အထွေအထူး ပြောစရာမရှိသော်လည်း ရှေး ယခင် ရုပ်ရှင်ခေတ်တွင် ရုပ်မြင်သံကြားမှာ ကွဲပြားခဲ့ကြလိမ့်မည်ဟု တွေးမိပါသည်။ ယခုခေတ်ရုပ်ရှင်များတွင် ရုပ်နှင့် အသံမှာ တွဲလျက်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်းမှသာ အသံထွက်ဇာတ်ကားများ ဖြစ်ပေါ် ရေးကို ပြုလုပ်လာနိုင်ခဲ့ကြသည်။ အသံထွက်ရုပ်ရှင်ကားများ တိုးတက်လာပုံကို မြန်မာ့ရုပ်ရှင် စိန်ရတုအထိမ်းအမှတ် ဆရာကြီးဦးစိုးဝင်းထွန်း၏ စာတမ်းတွင် လေ့လာခဲ့ရသည်။ အသံထွက်ရန်အတွက် အသံလှိုင်း(Signal)အရ ဖလင်အသံသွင်း စက်မှတစ်ဆင့် အသံမီးလုံးသို့ ရောက်ရှိပြီး လင်းလိုက် မှိန်လိုက် အလင်းရောင် ရိုက်ခတ်မှုကြောင့် အသံလှိုင်းအရိပ်များ ဖလင်ပေါ်တွင် တင်စေပြီး ဖလင်ကို ဆေးစိမ်၍ အသံပုံရိပ်ကို ရရှိကြောင်း သိရှိရသည်။ ထို့ကြောင့်လည်း ယခုအခါတွင် ရုပ်မြင်သံကြားဟူသော စကားသည် အထူးတလည် ပြောစရာမဟုတ်သကဲ့သို့ပင် ဖြစ်လေသည်။ အသံထွက်ရုပ်ရှင်ဇာတ်ကားများဟု လေ့လာရတော့ ယခင်ခေတ်ကဇာတ်ကားများ မည်ကဲ့သို့ ရှိမည်နည်းဟုလည်း သိခွင့်မြင်ခွင့် ရချင်မိသည်။

ဓာတ်ပုံ - moigovnews.blogspot.com

        ထိုသို့သော ပုဂ္ဂိုလ်များ၏ ကြိုးပမ်းမှုကြောင့်လည်း ဇာတ်ဝင်တေးကဏ္ဍမှာ အရေးပါလာခဲ့သည်။ ရုပ်နှင့် အသံတို့ကို ပေါင်းစပ်မှသာ ရုပ်ရှင်၏ သရုပ်သည် ပိုမိုပေါ်လွင်ခဲ့ရသည်။ စာရေးသူတို့ မမီနိုင်ခဲ့ကြသော ၁၉၃၇ ခုနှစ်ကတည်းက ဇာတ်ဝင်တေးတစ်ပုဒ်မှာ “တစ်လိမ် နှစ်လိမ် ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်” ဟူသော တေးကို ယနေ့ခေတ်လူငယ်၊ လူကြီးအားလုံး သိရှိနေကြဆဲ ဖြစ်သည်။ ထိုကဲ့သို့ပင် ကျော်ကြားခဲ့သော ဇာတ်ဝင်တေးဖြစ်သော ဂုဏ်မြင့်သူ၊ မာနရှင်၊ ငါသာစော်ဘွားဖြစ်ချင်တယ်စသည့် တေးများမှာ အသံထွက်ရုပ်ရှင်ဇာတ်ကားများ၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ အဆိုတော် ဒေါ်တင်တင်မြ သီဆိုခဲ့သော “တစ်ကျော့နှစ်ကျော့တေးကိုသီ” ဇာတ်ဝင်တေးမှာ ကြောက်ခမန်းလိလိ အောင်မြင်နေဆဲဖြစ်သည်။

        တစ်ခေတ်မှ တစ်ခေတ် ပြောင်းလဲလာသော ရုပ်ရှင်လောက၏ တိုးတက်မှုများကို မြင်ရသော်လည်း အဖြူအမည်း ခေတ်သည် အဖြူအမည်းခေတ်အရသာ၊ ဆေးရောင်စုံခေတ်သည် ဆေးရောင်စုံအရသာ နှစ်ခြိုက်စရာကောင်းကြသည်ချည်းဖြစ်သည်။ ရုပ်ရှင်သည် စာပေကိုအခြေခံသော အနုပညာဖြစ်သည့်အလျောက် စာပေကဲ့သို့ပင် ဂုဏ်သတ္တိ တူညီလေသည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လူမှုဝန်းကျင်၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီး၏ အဆင့်အတန်းကို ထင်ဟပ်ပုံဖော်စမြဲပင် ဖြစ်သည်။ ဇာတိသွေး၊ ဇာတိမာန်၏ လှုံ့ဆော်ရာ အကောင်းဆုံးရပ်ဝန်းဖြစ်ခဲ့သည်။ ခေတ်၏ သရုပ်ကို ဖော်ပြရာ၌ အထိ ရောက်ဆုံးမှာ ရုပ်ရှင်ဇာတ်ကားများပင် ဖြစ်သည်။ စာရေးဆရာကြီးမောင်ထင်၏ “ငဘ”ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးရာမှ ကိုလိုနီခေတ်၏ မြန်မာ့လူနေမှု၊ စီးပွားရေး စသည်များ၏ သရုပ်သကန်ကို ပေါ်လွင်အောင် ဖော်ညွှန်းနိုင်ခဲ့သည်။ အလားတူပင် ၁၉၅၀ ပြည့်နှစ်အလွန်များတွင် မြန်မာပြည်သို့ တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်၍ မြန်မာ့တပ်မတော်မှ အောင်ပွဲဆင်ခဲ့ပုံ ဖြစ်ရပ်မှန်ဇာတ်လမ်းများမှာ ထင်ရှားခဲ့ကြကြောင်း သိရပါသည်။ နောက်ပိုင်းခေတ်တွင် “သူ့ကျွန်မခံပြီ” ရုပ်ရှင်ဇာတ်ကားမှာ အထူးထင်ရှားသော ဇာတိမာန် ရုပ်ရှင်ဇာတ်လမ်းဖြစ်ခဲ့သည်။ ထိုသို့ပင် ဇာတိမာန်၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စသည့် မြန်မာတို့၏ ခေတ်အဆက်ဆက် ပုံရိပ်များကို ဖော်ဆောင်ခဲ့သော ရုပ်ရှင်များမှာ များပြားစွာ ရှိခဲ့ပါသည်။

        မြန်မာတို့သည် ယဉ်ကျေးမှုအခြေခံအုတ်မြစ်ခိုင်ခံ့ခဲ့သော နိုင်ငံဖြစ်သည့်အလျောက် စာပေပညာ၊ သုခုမပညာ၊ ရုပ်ရှင်ဂီတစသည်များနှင့် သမိုင်းမှတ်တမ်းလည်း အဘက်ဘက်မှ တင်ခဲ့ကြသည်။ ခေတ်၏ ပုံရိပ်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ လူနေမှုအဆင့်အတန်းစသည်များကို ပုံဖော်ခဲ့ကြသည်။ ကာကွယ်ထိန်းသိမ်းခဲ့ကြသည်။ မီးမောင်းထိုးပြခဲ့ကြသည်။ လူတို့၏ သည်းခြေအကြိုက်မှာ ရုပ်ရှင်ဖြစ်ခဲ့သလို ထိုကဲ့သို့ ထိန်းသိမ်း လမ်းပြမှုများအတွက် အထိရောက်နိုင်ဆုံးမှာလည်း ရုပ်ရှင်ဖြစ်ခဲ့သည်။ သမိုင်းဦးမှတ်တမ်းများအရ အီဂျစ်ပြည် သဲကန္တာရများတွင် ရွက်ဖျင်တဲများဖြင့်နေစဉ် ရွက်ဖျင်တဲအပေါက်မှ နေရောင်ထိုးမှုကြောင့် အပ်ပေါက်ကင်မရာ (Pin Hole Camera)များမှ စတင်တီထွင်ခဲ့ကြသော ရုပ်ရှင်အနုပညာသည် ယနေ့ခေတ်တွင် ကြီးမား ကျယ်ပြန့်သော ပညာတစ်ရပ်အဖြစ် တည်ရှိနေပေသည်။ ၁၉၂၀ ပြည့်နှစ်တွင် စတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ယခုအခါတွင် ရာစုနှစ်တစ်ခု တိုင်ခဲ့ပေပြီ။

        ၁၉၂၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ငွေရတုခေတ်၊ ၁၉၄၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရွှေရတုခေတ်၊ ၁၉၇၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ စိန်ရတုခေတ်၊ ၂၀၂၀ ပြည့်နှစ်တွင် ရာပြည့်အထိ ရတုခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော မြန်မာ့ရုပ်ရှင်သည် နောင်ရတုခေ တ်၊ ရာစုနှစ်များတိုင် တည်တံ့အောင်မြင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း လေ့လာမှတ်သားရသမျှများကို တင်ပြလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၈)

No comments:

Popular Posts