September 20, 2020

ဒုတိယအရွယ် (၂၄)

လယ်တွင်းသားစောချစ်

        ကျောက်မီးကျောင်းသို့ ကျွန်တော် စရောက်စဉ်က မြေဖြူခဲတစ်ချောင်းပင်မရှိ။ အဖျက် (Duster)မရှိ။ ဆရာထိုင်ရန် ကုလားထိုင်တစ်လုံးမရှိ။ ကလေးများ ထိုင်ခုံမရှိ။ ဖွဲပြာထဲမှာ ထိုင်ရသည်။ အခု အတော်ပြည့်စုံနေပြီ။ အုတ်ခင်းပြီးပြီ။ ထိုင်ခုံစာရေးခုံအစုံရှိပြီ။ ကျောင်းဆောင်အသစ်လည်း တိုးဆောက်ခဲ့ပြီ။

        သို့သော် မပြည့်စုံသေးသည်တို့လည်း များလှစွာ၏။ ကျွန်တော်တို့ကျောင်းမှာ လက်နှိပ်စက် မရှိပါ။ စာကူးစက်လည်း မရှိပါ။ စာရေးဝန်ထမ်းလည်း မရှိပါ။

        ယခင်စာမေးပွဲများတွင် သင်ပုန်းကြီးပေါ်မှာ မေးခွန်းရေးပေးရသည်။ ယခု အတန်းတင်စာမေးပွဲကြီးမှာတော့ ကျွန်တော့်တပည့်လေးများကို အဆင့်ရှိရှိ မေးခွန်းစာရွက်နှင့် ဖြေစေချင်သည်။

        ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း မေးခွန်းများကို ဆရာဦးလှမင်း၊ ကိုလူအေးတို့နှင့် ညှိနှိုင်းပြီး ထုတ်ကြသည်။ ကျွန်တော် လက်နှိပ်စက်ရိုက်တတ်သည်။ စာကူးစက်လည်း လှည့်တတ်သည်။

        ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော စဉ့်ကိုင်မြို့ ကျောင်းအုပ်ကြီးကို အကူအညီတောင်းသည်။ ကျောင်းအုပ်ဆရာကြီးက ကူညီပါသည်။ မေးခွန်းများကို လက်နှိပ်စက်ရိုက်သည်။ စာကူးစက်လှည့်သည်။ စာရေးလေးက ကူညီပါသည်။ နှစ်ရက်နှင့်ပြီးပါသည်။ သုံးရက်မြောက်မနက်တွင် ကျန်သည်လေးများကို အပြီးသတ်ပြီး အမြန်ဆုံး ပြန်လာခဲ့သည်။ ကျွန်တော့်ကျောင်းလေးကို သတိရသည်။ ကျွန်တော့်ကလေးများကို လွမ်းသည်။ နေ့ခင်းတစ်နာရီကျော်ခန့်မှာ ရောက်သည်။

        မေးခွန်းထုပ်ကြီးကို ပခုံးမှာလွယ်ပြီး ကျောင်းရှေ့မှ ဘောလုံးကွင်းကို ဖြတ်လာနေစဉ် ကျောင်းထဲမှ ဆူညံသော အသံများကြားရပြီး အငယ်တန်းလေးများမှအစ ကျောင်းရှေ့ဘောလုံးကွင်းဆီသို့ ပြေးထွက်လာကြသည်။



        ‘‘သူတို့ဘာတွေအော်လာကြတာလဲ’’

        ကျွန်တော် အာရုံစိုက်နားထောင်ကြည့်သည်။

        ‘‘ဆရာကြီး....ဆရာကြီး’’

        အော်ခေါ်ပြီး ပြေးလာကြခြင်းဖြစ်သည်။

        ‘‘ကျောင်းတက်ချိန်မို့လားကွ..နေပူကြီးထဲ ဘာလို့ပြေးထွက်လာကြတာလဲ’’

        ‘‘လွမ်းလို့ပါ ဆရာကြီး’’

        ကျွန်တော့်ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရသည်။

        ‘‘သူတို့လွမ်းနေကြလို့... ငါ့ လွမ်းတာလား’’

        မေတ္တာ၏ ဆက်နွယ်တုန့်ပြန်မှုကို သဘောကျမိသည်။

        နောက်မှာ ကိုလူအေးနှင့် ဆရာ၊ ဆရာမများအားလုံး လိုက်လာနေကြပြီ။

        ‘‘ဆရာလည်း လွမ်းလို့ အမြန်ပြန်လာတာပဲကွ။ နေပူလိုက်တာ... ကဲ... ကဲ ဝင်ကြ... ကိုယ့်အတန်းကို ပြန်ဝင်ကြ’’

        ကလေးများအားလုံး ကျွန်တော်နှင့်အတူ ကျောင်းထဲ ပြန်ဝင်လာကြသည်။

        ‘‘ဘယ်သူမှ တားလို့မရပါဘူးကွာ။ သူငယ်ချင်း ဘောလုံးကွင်းထဲမှာလာနေတာ မြင်တာနဲ့ အကုန်ပြေးကြတော့တာပဲ’’

        ကိုလူအေးပြောပြသည်။ သဘောကျသောပုံ။

        ကလေးများကို ကျွန်တော် ကျေးဇူးတင်မိသည်။

        သူတို့ကို ချစ်ရသည်နှင့် ကျွန်တော့်ချစ်သူကို လွမ်းသည့်စိတ်မှ သက်သာရာရပါသည်။

လွမ်းဘွယ့်နွေဦး

        ကျောက်မီးကျောင်းသို့ ရောက်သည်မှာ ဘာမျှမကြာသေးဟုထင်ရသော်လည်း ကလေးများကိုအတန်းတင်စာမေးပွဲကြီး စစ်ဆေးနေရပြီ။ ကလေးများ စာမေးပွဲဖြေဆိုနေကြပြီ။ စာမေးပွဲစောင့်ရင်း ကျောင်းထဲမှ လှမ်းကြည့်လျှင် ရှေ့ဘက်မှ မြောင်းဘောင်တစ်လျှောက်မှ လက်ပံပင်ကြီးများ ရဲရဲနီနီပွင့်နေကြသည်ကိုမြင်နေရပါသည်။

        တက္ကသိုလ်ကျောင်းသားဘဝက မို့မို့နှင့်အတူ ရွှေကြက်ယက်ဘုရားသွားရင်း မြေမထိသောလက်ပံပွင့် လေထဲမှာ ရအောင်ဖမ်းပြီး ပေးခဲ့သည်။ ပန်၍မရသော်လည်း မို့မို့က အမြတ်တနိုးလက်ခံယူ၏။

        စိတ်ထဲမှာ လွမ်းလွမ်းဆွေးဆွေးခံစားရသည်။

        ကျွန်တော် မို့မို့ထံသို့ စာအမြဲရေးပါသည်။ ကျွန်တော်ဂရိတ်ဖိုးမထွက်၊ တက္ကသိုလ်မှာ ဆရာပြန်မဖြစ်သည်ကို မို့မို့သိပါသည်။ သူ ကျွန်တော့်ဆီ စာပြန်ရေးပါသည်။ အားပျက်အားလျော့ခြင်းကို သူ့စာလေးမှာ မြင်နေရသည်။ ဟုတ်ပါသည်။ သူ့အတွက် ပြောရခက်တော့မည်။ သို့သော် စာရေးတိုင်း မို့မို့စာပြန်ရှာပါ၏။

        ကျွန်တော်ကျောက်မီးရွာရောက်ပြီးနောက် မို့မို့လည်း သူ့ကို မွေးစားသော အဘွားနှင့်အတူ သရက်မှာ ရောက်နေသော သူနာပြုဆရာမကြီးအဒေါ်ထံ လိုက်သွားကြသည်။ မွေးစားအဘွား ကျန်းမာရေးမကောင်း၍ ဖြစ်သည်။ ပို၍ဝေးသောနေရာသို့ ပြောင်းရွှေ့သွားရခြင် းဖြစ်သည်။

        ကျွန်တော်ကျောက်မီးရွာရောက်၍ နှစ်လခန့်ကြာသောအခါ သူ့အဒေါ်သည် သရက်မြို့မှ ရန်ကုန်အမျိုးသမီးဆေးရုံကြီးသို့ ပြောင်းရသည်။ သူတို့မြေးအဘွားလည်း ရန်ကုန်လိုက်သွားရသည်။ ပို၍ ဝေးသောနေရာမှထို့ထက်ဝေးသော နေရာသို့ရောက်သွားခြင်းဖြစ်သည်။

        အပြောင်းအရွှေ့ ကာလမို့ ထင်ပါ၏။ မို့မို့ထံမှ လာသောစာလေးများ ကျဲသွားသည်။

        စိတ်အားပျက်ရာမှ စိတ်ထားပါပျက်သွားမှာ စိုးမိသည်။ သူ၏ များလှစွာသော အုပ်ထိန်းသူတို့ သဘောတူသူတို့ကလည်း များလှစွာ၏။ တစ်ခါတစ်ခါလာသော မို့မို့ထံမှ စာလေးများမှာ တစ်စွန်းတစ်စပါလာတတ်သည်။ရင်မောစရာ။ သူနည်းအမျိုးမျိုးနှင့် အရှောင်အတိမ်းလုပ်နေရသလော။

        ကျွန်တော့်ဘက်ကတော့ အခိုင်အမာ ဆုံးဖြတ်ထားလိုက်သည်။ ကျွန်တော်က သစ္စာရှိမည်။ နောက်ဆုံးအချိန်အထိသစ္စာမပျက်။

        သူ့ဘက်မှာ မလွန်ဆန်သာ၍သော်လည်းကောင်း၊ သူကိုယ်တိုင် စိတ်ထားပြောင်း၍သော်လည်းကောင်း၊ အကျဉ်းအကျပ်များကြားမှာ အားမတန်မာန်လျှော့၍သော်လည်းကောင်း ပြောင်းသွားလျှင် ကျွန်တော်ခွင့်လွှတ်နားလည်ပေးပါမည်။ သို့သော် မဖြစ်စေချင်ပါ။ အလွန်ကြေကွဲစွာ ခံစားရမှာ သေချာပါသည်။

        ကျွန်တော့်ချစ်သူကို သိပ်ချစ်ပါသည်။ ဘာကြောင့်မျှ မခွဲချင်ပါ။ သို့သော် ဖြစ်နိုင်သမျှကို ကြိုတင်စဉ်းစား၍ ပြင်ဆင်ထားရခြင်း ဖြစ်ပါသည်။ သူ့ဘက်ကလည်း မပျက်ပါစေနှင့်။ သစ္စာရှိပါစေဟု ဆန္ဒကြီးစွာဆုတောင်းနေရပါသည်။

        ကျောင်းသားများမှာ ငြိမ်သက်စွာနှင့် ကြိုးကြိုးစားစား ဖြေနေကြဆဲဖြစ်သည်။ စာရေးခုံနှင့် ထိုင်ခုံတွဲလျက်ရှိနေသော တပည့်လေးများကို ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်နေမိပါသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၉)

No comments:

Popular Posts