September 21, 2020

ပိုမိုကောင်းမွန်သော နွားမျိုးများရရှိစေရန် မျိုးမြှင့်ရေးနည်းလမ်းများ

ဒေါက်တာမြင့်အေး

        မေထုန်မဲ့သားစပ်လုပ်ငန်းအတွက် မျိုးရည်/သုက်ရည်ထုတ်ယူရန် မျိုးကောင်းမျိုးသန့်ရောဂါကင်းစင်သော နွားသိုးများကို ရွေးချယ်၍ မွေးမြူရပါသည်။ မျိုးနွားသိုးများကို သတ်မှတ်နွားခြံ၊ သတ်မှတ်အစာရေစာ၊ ကာကွယ်ဆေးများ သတ်မှတ်ချက်အတိုင်း ပြုစုမွေးမြူရပါသည်။ မျိုးနွားသိုးမှ မျိုးရည်ကို ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်သာထုတ်ယူရပါသည်။ ထို့ထက်အကြိမ်ရေများထုတ်ယူပါက အရည်အသွေးမပြည့်မီသော မျိုးရည်၊ ထို့ထက် အကြိမ်လျော့နည်းပါက အိုဟောင်းရင့်လွန်သော မျိုးရည်များ ဖြစ်ပါမည်။ ထိုမျိုးရည်ဖြင့် သားစပ်ပါက သားအောင်နှုန်း နည်းတတ်ပါသည်။

        ဒေသအသီးသီးရှိ နွားအလှပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မျိုးကောင်းမျိုးသန့်နွားသိုးများ၏ မျိုးရည်ကို ဝယ်ယူပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မျိုးမြှင့်တင်ရေးမေထုန်မဲ့သားစပ်ဌာန ရန်ကုန်တိုင်းဒေသကြီးတွင် မျိုးချောင်းထုတ်ခြင်းများ ဆောင်ရွက်နေပါသည်။ ဤဌာနမှ ထုတ်လုပ်သောမျိုးချောင်းများကို ပြည်တွင်းတွင် အဓိကဖြန့်ဖြူးပေးနေကြပါသည်။ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းသော ၁ဝဝ ရာခိုင်နှုန်း နို့စားနွား၊ အသားစားနွား မျိုးရည်ချောင်းများလည်း ဖြန့်ဖြူးပေးနေပါသည်။

        မျိုးကောင်းမျိုးသန့်ဖြစ်သော နွားပြာစိမ်း၊ နွားရွှေနီ၊ နွားစာဥ စသည့် ဒေသနွားမျိုးများသည် ခိုင်းစေရန် အလွန်ကောင်းမွန်သဖြင့် သင်းကွပ်၍ ခိုင်းစေကြပါသည်။ ထို့ကြောင့် အထက်ပါ မျိုးကောင်းမျိုးသန့် နွားသိုးများသည် သဘာဝအတိုင်း မိတ်လိုက်ခြင်း မပြုနိုင်တော့ပါ။ မျိုးမသန့်မျိုးညံ့နွားသိုးများကို သဘာဝအတိုင်းလွှတ်ကျောင်းထားသဖြင့် ၄င်းမျိုးညံ့နွားသိုးများသာ မိတ်လိုက်သားပေါက်ခွင့်ရနေပါသည်။ မျိုးညံ့နွားသိုးများကို သင်းကွပ်ထားသင့်ပါသည်။ နွားမျိုးများညံ့လာရခြင်းကို ကာကွယ်ရန်လိုအပ်ပါသည်။

ဓာတ်ပုံ - burmes.dvb.no

        ဒေသခံမျိုးကောင်းမျိုးသန့်နွားသိုးများကို စနစ်တကျမွေးမြူပြီး သဘာဝအတိုင်း ထိန်းချုပ်သားစပ်ပေးခြင်း နည်းပါးနေပါသည်။ ကျေးရွာတစ်ရွာလျှင် နွားသိုးမွေးမြူ သားစပ်ခြင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးပင် မရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။

        မျိုးကောင်းမျိုးသန့်နွားသိုးများ မွေးမြူသားစပ်မှုအားနည်းခြင်း၊ မျိုးညံ့နွားသိုးများ သင်းမကွပ်ဘဲ လွှတ်ကျောင်းထားခြင်းတို့ကြောင့် ဒေသနွားမျိုးများ တစ်နေ့ထက်တစ်နေ့ မျိုးညံ့လာပြီ ဖြစ်ပါသည်။ ကိုယ်လုံးကိုယ်ထည်သေးလာခြင်း၊ နို့ထွက်နှုန်းကျဆင်းလာခြင်း၊ ရောဂါရာသီဥတုဒဏ် မခံနိုင်ခြင်း၊ မူမမှန်သောအမူအကျင့်များပေါ်လာခြင်း၊ပုံစံမမှန်မွေးဖွားလာခြင်း၊ တုတ်ဆွဲရောဂါပါလာခြင်း၊ သခင်၏အမိန့်ကို နားမလည်ခြင်း၊ အမိန့်မနာခံခြင်းစသော အချက်များသည် မျိုးညံ့လာသော လက္ခဏာများဖြစ်ပါသည်။

        ဤချို့ယွင်းချက်များ ကင်းစင်ပြီး ကျန်းမာသန်စွမ်းသော မျိုးကောင်းမျိုးသန့်နွားမျိုးများ ရရှိလာစေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မေထုန်မဲ့သားစပ်ခြင်းပင်ဖြစ်သည်။

        သဘာဝအရ သာမန်အားဖြင့် နွားသိုးတစ်ကောင်ကို (ငါးနှစ်ခန့်) သားစပ်ရာတွင် အသုံးပြုပြီး သက်တမ်းအတွင်း နွားမကောင်ရေအများဆုံး ၂ဝဝ ခန့်သာ သားစပ်ပေးနိုင်ပါသည်။ မေထုန်မဲ့သားစပ်လုပ်ငန်း မျိုးရည်ထုတ်လုပ်ရာတွင် အသုံးပြုသော မျိုးနွားသည် သက်တမ်းငါးနှစ်ခန့်အတွင်း မျိုးချောင်း (တစ်သိန်း) ခန့် ထုတ်လုပ်နိုင်ပါသည်။ အထက်ပါနွားသိုးသက်တမ်း ကုန်ဆုံးသွားသော်လည်း ၄င်းမှ ထုတ်လုပ် သိမ်းဆည်းသိုလှောင်ထားသော မျိုးရည်ချောင်းများဖြင့် နှစ်ပေါင်းများစွာ မျိုးပွားနိုင်ပါသည်။

        ထို့ကြောင့် မျိုးနွားသိုးများအဖြစ် ရွေးချယ်ခံရသော မျိုးနွားသိုး၏တန်ဖိုးသည် များစွာမြင့်မားသည်။ မေထုန်မဲ့သားစပ်ရန်အတွက် သင့်တော်သော ဒေသနွားမျိုး၊ နိုင်ငံခြားနွားမျိုးမိခင်များ လိုအပ်ပါသည်။ မိမိတို့လိုအပ်သော နွားမျိုးသည် ခိုင်းနွား၊ နို့စားနွားနှင့် အသားစားနွားဟူ၍ ခွဲခြားပေးရပါသည်။ ခိုင်းနွားမျိုးကောင်းမျိုးသန့်လိုချင်ပါကဒေသခံ နွားမမိခင်သည် ခိုင်းနွားမျိုးဖြစ်ရပါသည်။

        နို့စားနွားမျိုး လိုချင်ပါက ဒေသခံနွားမသည် ခန္ဓာကိုယ်အရွယ်ကြီးခြင်း၊ နို့ထွက်နှုန်းသင့်တင့်ခြင်း ရှိရပါမည်။ မိခင်နွားမခန္ဓာကိုယ်သေးပါက အလွန်ကြီးထွားသော အသားစားနွားမျိုးသန္ဓေသားကို မွေးဖွားရခက်နိုေပါသည်။ မိခင်နွားမနို့ထွက်နှုန်းနည်းလာပါကလည်း နို့စို့အလွန်သန်သော အသားစားနွားမျိုးငယ်ကို လုံလောက်သော နို့တိုက်နိုင်ရန် ခက်ပါမည်။ ထို့ကြောင့် မိမိလိုချင်သော နွားမျိုးကိုလိုက်၍ ဒေသခံနွားမကို ရွေးချယ်ပါကပိုမိုကောင်းမွန်ပါမည်။

မြိုင်ပေါ်ခြင်း

        နွားမများကို သားစပ်ပေးရန် မြိုင်ပေါ်ချိန်ကို စောင့်ရသည်။ မြိုင်ပေါ်ခြင်းသည် သားတောင်းခြင်းဖြစ်သည်။ မြိုင်ကာလအတွင်းတွင် သားစပ်ရသည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီး ဇီးမရှိသေးသော နွားမများသည် ၂၁ ရက်တစ်ကြိမ် မြိုင်ပေါ်တတ်သည်။ မြိုင်ကာလသည် နွားမျိုးလိုက်၍ နာရီ ၂၄ နာရီမှ ၄၈ နာရီကြာတတ်သည်။ လွှတ်ကျောင်းထားသော နွားမများ မြိုင်ပေါ်သည်နှင့် ဘေးကနွားထီးများ အမူအရာကြောင့် ချက်ချင်းသိနိုင်သော်လည်း အိမ်တွင် ကြိုးချည်မွေးထားသော နွားမများ မြိုင်ပေါ်လျှင် ချက်ချင်းမသိနိုင်ပါ။

        ထို့ကြောင့် နွားမျိုးအလိုက် ထိန်းကျောင်းမှုအလိုက် မြိုင်ကာလအတွင်း မျိုးဥကြွေချိန်ကို တွက်ချက်ရသည်။ မျိုးဥကြွေချိန်နှင့် သားစပ်ချိန် အချိန်ကိုက်မှသာ မျိုးအောင်နိုင်ပါသည်။ မျိုးဥကြွေပြီး ၁၂ နာရီကျော်လွန်ပါက မျိုးမအောင်ပါ။ မျိုးဥကြွေချိန်ထက် ၁၂ နာရီစော၍ သားစပ်မိပါကလည်း မျိုးမအောင်နိုင်ပါ။ နွားမ၏မျိုးဥသည် တစ်ကြိမ်မြိုင်ပေါ်လျှင် တစ်ခုသာကြွေကျလာ၍ နွားငယ်တစ်ကောင်သာ မျိုးအောင်ပါသည်။ အဖိုမျိုးစေ့ သန်းချီ၍ ထည့်ထားသော်လည်း ကျန်းမာသန်စွမ်းပြီး ကံကောင်းသော အဖိုမျိုးစေ့ (သုက်ကောင်) တစ်ခုသာ မျိုးအောင်ပေါင်းစပ်ခွင့်ရပါသည်။ ကျန်အဖိုမျိုးစေ့အားလုံး ပျက်စီးသွားပါသည်။ အမမျိုးစေ့နှင့် အဖိုမျိုးစေ့ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသော သန္ဓေသားလောင်းကို အခြားအဖိုမျိုးစေ့တို့ ထပ်မံပေါင်းခြင်း မပြုနိုင်တော့ပါ။ သန္ဓေသားလောင်းက ဓာတ်တစ်မျိုးထုတ်၍ ကာကွယ်ပြီးဖြစ်ပါသည်။

        လက်တွေ့ မေထုန်မဲ့သားစပ်ခြင်း ဆောင်ရွက်ရာတွင် နွားမမြိုင်ပေါ်သည်ကို နံနက်သိလျှင် ညနေပိုင်းတွင် သားစပ်ပြီး ညနေပိုင်းမြိုင်ပေါ်သည်ကို တွေ့ရလျှင် နံနက်စောစောတွင် သားစပ်ပေးကြသည်။ ထို့ကြောင့် နွားမပိုင်ရှင်သည် မိမိ၏ နွားမမြိုင်ပေါ်သည်ကိုတွေ့လျှင် မေထုန်မဲ့သားစပ်ကျွမ်းကျင်သူထံ ဖုန်းဆက်သတင်းပို့ပါက ကြိုတင်ပြင်ဆင်ချိန်ရပြီး လာရောက်သားစပ်သည့်အခါ အဆင်ပြေပါမည်။

        မေထုန်မဲ့နည်းဖြင့် သားစပ်ရာတွင် အရေးကြီးဆုံးမှာ နွားမမြိုင်ပေါ်သည်ကို သိရန်လိုပါသည်။ ဤအချက်သည် နွားမကိုထိန်းသိမ်းစောင့်ရှောက်သော နွားမပိုင်ရှင်၏ တာဝန်ဖြစ်ပါသည်။

        ဒုတိယအရေးအကြီးဆုံးအချက်မှာ မေထုန်မဲ့သားစပ်ကျွမ်းကျင်သူတာဝန်ဖြစ်သော အချိန်ကိုက် သားစပ်ပေးခြင်းဖြစ်သည်။ အချိန်ကိုက်သားစပ်ပေးနိုင်ရန် ရန်ကုန်မြို့နှင့် အလွန်ဝေးကွာသောဒေသများတွင် မျိုးချောင်းများ မပျက်မစီးစေဘဲ အဆင်သင့်ရှိနေအောင် မှာယူထိန်းသိမ်းထားရသော အလုပ်မှာ အလွန်ငွေကုန်ကြေးကျများပြီး တာဝန်ကြီးသော အလုပ်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော နွားမျိုးများဖြစ်လာစေရန် ဆောင်ရွက်သောလုပ်ငန်းဖြစ်ပြီး နွားမျိုးများထက် အသားထွက်နှုန်း၊ နို့ထွက်နှုန်း ပိုမိုကောင်းမွန်သော နွားမျိုးများဖန်တီးယူခြင်း ဖြစ်ပေသည်။ နွားမျိုးများအား မျိုးမြှင့်ရန်အတွက် မေထုန်မဲ့နည်းဖြင့် သားစပ်ပေးခြင်းသည် အလွယ်ကူအရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါသည်။

        မျိုးရိုးဗီဇမြှင့်တင်ရန် မေထုန်မဲ့သားစပ်ခြင်းဆိုသည်မှာ နွားသိုးထီးနှင့် နွားမတိုက်ရိုက်ထိတွေ့ခြင်းမပြုဘဲ လူက ကြားဝင်ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး နွားသိုးထီးထံမှ သုက်ရည်ကို ထုတ်ယူ၍ နွားမသားအိမ်တွင်းသို့ တိုက်ရိုက်ထည့်သွင်း၍ ကိုယ်ဝန်ဆောင်ရရှိစေခြင်းဖြစ်ပါသည်။

        ထို့ကြောင့် မေထုန်မဲ့သားစပ်ခြင်းဆိုသည်မှာ နွားသိုးနှင့် နွားမတို့သဘာဝအတိုင်း မိတ်လိုက်ခြင်း Natural Mating မပြုစေဘဲ နွားသိုးထံမှ သုက်ရည်ကို ထုတ်ယူပေးပြီး နွားမသားအိမ်အတွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်သည်။

ဓာတ်ပုံ - greenwaymyanmar

AI ကောင်းကျိုးများ

        နွားသိုးများများမွေးရန်၊ ကျွေးရန်၊ ထိန်းရန်မလိုခြင်း၊ အချိန်တိုအတွင်း နွားမများစွာသားစပ်ပေးနိုင်ခြင်း၊ ဖခင်/မိခင်မျိုးရိုးပုံတူရနိုင်ခြင်း၊ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ သားမအောင်မှုနည်းပါးခြင်း၊ အထီး/အမများ၏ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိပြီး ရှောင်လွှဲနိုင်ခြင်း၊ လိုအပ်သောအချိန် သားစပ်နိုင်ခြင်း၊ မြိုင်ပေါ်ချိန် ညှိပေးနိုင်ခြင်းတို့ ဖြစ်ပါသည်။

AI အားနည်းချက်များ

        ကျွမ်းကျင်သူလိုအပ်ခြင်း၊ နွားသိုးကောင်းများလိုအပ်ခြင်း၊ နွားသိုးများရောဂါကင်းရန် လိုအပ်ခြင်း၊ သားစပ်ချိန် တိကျစွာ တွက်ချက်နိုင်ရန် လိုအပ်ခြင်း၊ သားစပ်ကိရိယာကိုင်တွယ်ဆောင်ရွက်မှု ကျွမ်းကျင်ရန် လိုအပ်ခြင်းတို့ကြောင့် အခက်အခဲများစွာ ရှိနိုင်ပါသည်။

        ၄င်းအပြင် Spermatozoa (ခေါ်) အဖိုသုက်ကောင်သည် သတ်မှတ်အရေအတွက်၊ သုက်ကောင်ပုံစံအရွယ်အစား၊ ကျန်းမာသန်စွမ်းသော သုက်ကောင်များရှိသော နွားသိုးဖြစ်ရပါမည်။ ထို့အတူ Vineries Disease (ကာလသားရောဂါ)၊ Breucella abortus (သားလျှောရောဂါ) ကင်းစင်သော နွားသိုးများဖြစ်ရန် လိုအပ်ပါသည်။

မြိုင်ညှိခြင်း

        နွားသိုးများ၏ သုက်ရည်ကို အချိန်မရွေး ထုတ်ယူရရှိနိုင်ပါသော်လည်း သတ်မှတ်အချိန်အတိုင်းသာ ထုတ်ယူသင့်ပါသည်။ နွားမများ၏ မျိုးဥကြွေကျခြင်းသည် မြိုင်ကာလအတွင်းမှာသာ ဖြစ်ပေါ်တတ်ပြီး နွားမများ မြိုင်ပေါ်မှ သားစပ်၍ရပါသည်။

        မြိုင်ပေါ်ချိန်ညှိထားခြင်းဖြင့် ဝေးကွာသောအရပ်ရှိ နွားမများကို တစ်ရက်တည်းတွင် သားစပ်ပေးနိုင်ပါသည်။ နွားနို့ထွက်နှုန်း နည်းခြင်း၊ များခြင်းမရှိစေဘဲ ပုံမှန်ထွက်နေရန် ချိန်ကိုက်နိုင်ပါသည်။ မြိုင်ညှိဆေးဖြစ်သည့် Progestogen နှင့် Oestradiol တို့အနက် Progestogen ဆေးထိုးပေးပါက ၁ဝ ရက်မှ ၁၄ ရက်တွင် မြိုင်ပေါ်ပါသည်။ Oestradiol ဆေးထိုးထားပါက လေးရက်မှ ငါးရက်အတွင်း မြိုင်ပေါ်ပါသည်။ ဤဆေးနှစ်မျိုးစလုံးသည် ရှိပြီးကိုယ်ဝန်ကို ပျက်ကျစေနိုင်သည့်အတွက် ကိုယ်ဝန်မရှိကြောင်းသေချာမှ ထိုးသင့်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)

No comments:

Popular Posts