September 20, 2020

ဓာတုဓာတ်ကြွင်းကင်းစေရာ သီးနှံမျိုးစေ့များ ဇီဝနည်းဖြင့် အသုံးပြုသိုလှောင်ပါ

မောင်ငြိမ်းအောင် (တန့်ဆည်)

        ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေးပေးချင်တဲ့ အချက်ကလေးကတော့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အစေ့ထုတ်ပြောင်း စတဲ့ သီးနှံမျိုးစေ့တွေကို ဓာတုဓာတ်ကြွင်းကင်းအောင် ဇီ၀နည်းနဲ့ သိုလှောင်နည်းကို ဆွေးနွေးပေးချင်ပါတယ်။

        အကြောင်းကတော့ ပဲမျိုးစုံဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဘိုကိတ်ပဲ၊ မြေထောက်ပဲ၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နှံစားဖြစ်တဲ့ စပါး၊ အစေ့ထုတ်ပြောင်းစေ့တွင် ပြည်ပတင်ပို့မှု အရှိန်ရလာတာနဲ့အမျှ ဓာတုဓာတ်ကြွင်းကင်းစင်မှုဟာ အတော်လေး စကားပြောလာတဲ့ကိစ္စ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သီးနှံမျိုးစေ့တွေ ပိုးမထိုးအောင် အက်တဲလစ်လို ဆေးခဲတွေ ထည့်ပြီး လှောင်ကြတယ်။ အခု အက်တဲလစ်ဆေးခဲဟာ ဓာတ်ပြယ်မှုကာလကြာတဲ့အခါကြတော့ ရောင်းတဲ့အခါမှာ ဒုက္ခပေးလာတာကို ကြုံနေကြရတယ်။

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထန်းတောဦးရွာက လယ်သမားကြီး ဦးကျော်စိုးက ဖုန်းဆက်တယ်။ သူရဲ့ လယ်ဟာ သီးနှံတွေလည်း စိုက်ပျိုးတယ်။ ပြီးတော့ အရောင်းအဝယ်လုပ်ဖို့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံတွေလည်း သိုလှောင်တဲ့အလုပ်လည်း တွဲလုပ်တယ်လို့ ဆိုပါတယ်။ မနှစ်က လှောင်ပဲတွေ အက်တဲလစ်ဆေးခဲပြဿနာကြောင့် သူတော်တော် အထိနာသွားတယ်လို့ ဆိုပါတယ်။ အဲဒါ ဒီနှစ် အက်တဲလစ်ဆေးခဲ မသုံးချင်ဘူးဆရာ၊ တခြား ဓာတုဓာတ်ကြွင်းကင်းစေမယ့် နည်းလမ်းရှိရင် ကူညီပါဦး ဆရာလို့ ဆိုလာပါတယ်။

        ကဲ-ဦးကျော်စိုး အောက်ပါနည်းလမ်းလေးတွေ ပေးလိုက်မယ်ဗျာ။ ယုံယုံကြည်ကြည် အသုံးပြုကြည့်ပေါ့ဗျာ။

ဓာတ်ပုံ - foodindustry

        ပိတ်ပါးစ သို့မဟုတ် စွပ်ကျယ်အင်္ကျီအဟောင်းစကို အလျားသုံလက်မ၊ အနံနှစ်လက်မအရွယ် တစ်ဖက်ပွင့်အိတ်ကလေးများချုပ်ပါ။ ပြီးရင် ဖော်ပြပါပစ္စည်းများကို အမှုန့်ပြုလုပ်ပါ။ ပဲတစ်အိတ်စာအတွက် ဆေးရွက်ကြီး ၁၅ ကျပ်သား၊ တမာရွက်ခြောက် ၁၅ ကျပ်သား၊ လက်ဖက်အစေ့ ၁၅ ကျပ်သား၊ စပါးလင်အရွက်ခြောက် ၁၅ ကျပ်သားစီ အမှုန့်ပြုလုပ်ပါ။

        ၄င်းပစ္စည်းအမှုန့်များကို ပိတ်ပါးစ (သို့) စွပ်ကျယ်အင်္ကျီအဟောင်းစ အိတ်ကလေးများထဲသို့ သင့်တော်ရုံထည့်ပါ။ ထည့်ပြီးရင် ဖွင့်ထားသော တစ်ဖက်ကို အပ်ချည်ချုပ်၍ ပြန်ပိတ်ပေးပါ။ သတိပြုရမှာက အထက်ပါပစ္စည်းလေးမျိုး အမှုန့်အားလုံးကို သီးနှံမျိုးစေ့တစ်အိတ်ထဲမှာ အကုန်သုံးစရာ မလိုပါ။ သီးနှံမျိုးစေ့တစ်အိတ်ကို အထက်ပါပစ္စည်းအမှုန့်ထဲမှ ကြိုက်ရာတစ်မျိုးသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

        သီးနှံမျိုးစေ့တစ်အိတ်ကို ဆေးပစ္စည်းတစ်မျိုး၏ အမှုန့်အိတ်ကလေးခြောက်အိတ်သာ အသုံးပြုရန် လိုအပ်ပါတယ်။ မျိုးစေ့အိတ်ထဲ ထည့်သွင်းအသုံးပြုပုံကတော့ ပထမအိတ်ထဲကို သီးနှံမျိုးစေ့ထည့်ပါ။ ၄င်းအပေါ်မှ သီးနှံမျိုးစေ့ သုံးပုံနှစ်ပုံ ရောက်တဲ့ထိ ထပ်ထည့်ပါ။ ၄င်းအပေါ်မှ ထပ်၍ သီးနှံမျိုးစေ့ကို အိတ်ပြည့်အောင်ထည့်ပြီး ဆေးပစ္စည်းအမှုန့်အိတ်ကလေး နှစ်အိတ်ထည့်ပါ။ ပြီးလျှင် သီးနှံမျိုးစေ့အိတ်များကို စီထပ်၍ စနစ်တကျ သိုလှောင်နိုင်ပါတယ်။

        ကဲ..ဒါဆိုရင် ဦးကျော်စိုး လှောင်ချင်တဲ့သီးနှံမျိုးစေ့ ကြိုက်သလောက်လှောင်၊ ဘာပိုးမှမကျနိုင်တော့ပါလို့ပြောလိုက်ပါရစေဗျာ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၁)

No comments:

Popular Posts