September 9, 2020

အသင်ဗိုက်နာပြီဆိုရင်ဖြင့်

ဒေါက်တာနိုက်တင်ဂေးလ်

        သူရှိနေတဲ့အခါ သူ့မှာရှိသမျှ ခွန်အားလေးနဲ့ နိုင်သလောက် အလုပ်လုပ်ပေးပြီး သူမရှိလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ကျွန်မတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။ တစ်ခါတစ်ရံ အိမ်ထဲမှာနေရင်းဖြစ်တတ်သလို တစ်ခါတလေ ခရီးသွားရင်း ရုတ်တရက်ကောက်ကာငင်ကာ ဖြစ်တတ်တာမို့ ခရီးသွားဖော်တွေကို အထိတ်တလန့် ပျာယာခတ်စေတာဟာလည်း သူပါပဲ။ ဗိုက်နာတယ်ဆိုပြီး လူးလှိမ့်အော်ဟစ်ညည်းညူကြရတဲ့ရောဂါဝေဒနာများစွာရှိတဲ့အနက် တစ်မျိုးကတော့ အူအတက်ရောင်ခြင်းပါပဲ။

        အူအတက်ဆိုတာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ အစကတည်းကရှိပြီးသားပါ။ လူတိုင်းမှာ အူအတက်ပါပါတယ်။ ဆေးပညာအရ Vermiform Appendix လို့ ခေါ်ပါတယ်။ သူဟာ သန္ဓေသားဖွံ့ဖြိုးချိန်မှာ ဆင့်ကဲတိုးတက်ပြောင်းလဲမှု Evolution နဲ့ ဆိုင်တာပေါ့။ သတ္တဝါတွေအဆင့်ဆင့်ပြောင်းလဲလာပြီး လူရယ်လို့ဖြစ်လာရင် ပိုပြီး အဆင့်အတန်းမြင့်တဲ့သတ္တဝါအနေနဲ့ အဲဒီမှာ အူအတက်လေးက ကျန်နေပါတယ်။ ဒါကြောင့်မို့ လူတိုင်းမှာ အူအတက်လေးက ရှိနေပါတယ်။

ဓာတ်ပုံ - fineartamerica.com

        များသောအားဖြင့် အူအတက်က ဘယ်မှာရှိသလဲဆိုတော့ အူသိမ်နဲ့ အူသိမ်ကြီးဆုံတဲ့နေရာ အူမကြီးရဲ့ ပထမဆုံးအပိုင်းနားမှာကပ်ပြီးတော့ အူအတက်လေးက ရှိနေပါတယ်။ လူတစ်ယောက်အတွက် အူအတက်ဟာ ဘာမှအသုံးမဝင်တဲ့ အင်္ဂါတစ်ခုဖြစ်တယ်လို့ ယူဆချက်ရှိပါတယ်။ အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ အူအတက်က လူအတွက် အလုပ်လုပ်ပေးတဲ့အထဲမှာ ပါပါတယ်။ Lymphoid တစ်သျှူးတွေဆိုတာ ခန္ဓာကိုယ်မှာ အလွန်အရေးကြီးပါတယ်။ ကိုယ်ခံအားနဲ့ ပတ်သက်ပါတယ်။ အူနဲ့ပတ်သက်တဲ့ ကိုယ်ခံအားနဲ့လည်းသက်ဆိုင်ပါတယ်။ ဒါပေမဲ့ အူအတက်လေးက အရွယ်အစားအားဖြင့် သေးသေးလေးဆိုတော့ သူ့မှာပါတဲ့ Lymphoid တစ်သျှူးက များများစားစားကြီးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်ခန္ဓာထဲက အူအတက်ကို ဖယ်ထုတ်လိုက်လို့လည်း ဘာမှဖြစ်မသွားဘူးပေါ့။

        အရေးပေါ်ခွဲစိတ်ကုသမှုအားလုံးမှာ နံပါတ်(၁)အများဆုံးက အူအတက်ရောင်ရောဂါပါ။ ဘာကြောင့် အူအတက်ရောင်ရောဂါဖြစ်ရသလဲဆိုတာ သိထားသင့်ပါတယ်။ အူအတက်လေးက သေးသေးလေးဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်ခါကျရင် အထဲကို တစ်ခုခုဝင်ပြီး ပိတ်ဆို့တတ်လို့ပါပဲ။ မစင်တုံးသေးသေးလေးဝင်ပြီးတော့ ပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ သန်ကောင်ကြောင့် ပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေကျတော့ အူအတက်ထဲ ဘာမှ ဝင်ပိတ်တာမဟုတ်ဘဲနဲ့ အူအတက်နံရံက Lymphoid တစ်သျှူးက ကြီးလာပြီး သူ့ဘာသာသူ ပိတ်သွားတာလည်း ဖြစ်နိုင်တာပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် အူအတက်ရဲ့အဝ ဒါမှမဟုတ် သူ့ရဲ့ပြွန်တစ်နေရာရာမှာ ပိတ်ဆို့မှုဖြစ်ရင် သူ့အထဲက အရည်တွေဟာ အပြင်မထွက်နိုင်တော့ပါဘူး။ အူအတက်က အူမကြီးနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့အထဲမှာ ရောဂါပိုးတွေက အပြည့်ရှိပါတယ်။ အဲဒီတော့ရောဂါပိုးတွေက ပွားလာပြီး အူအတက်ရောင်လာတာ ဖြစ်နိုင်ပါတယ်။

        သုတေသနမှတ်တမ်းတွေအရ တချို့တလေ အူအတက်က အနည်းငယ်ပဲရောင်တာပါ။ ပိတ်တာလည်း သိပ်မများဘူးဆိုရင် ပြန်ကောင်းသွားနိုင်ပါတယ်။ တစ်ခါတစ်ခါ ကိုယ်ခံအားတော်တော်ကောင်းတဲ့သူဆိုရင် သူ့ဘာသာ ပြန်ကောင်းသွားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလိုကောင်းတယ်ဆိုတဲ့သူဟာ များသောအားဖြင့် ငါးယောက်မှာ တစ်ယောက်လောက်ပဲရှိပါတယ်။

        တစ်ခါတစ်ခါကျရင် အူအတက်က ပြန်ကောင်းမသွားဘဲ အထဲမှာရှိတဲ့အရည်တွေက တအားများလို့ ဖိအားတက်လာပြီး အူအတက်တစ်ခုလုံး ပုပ်သွားတတ်ပါတယ်။ ဖိအားတအားများတဲ့အခါ အူအတက်က ပွင့်ထွက်သွားတတ်ပါတယ်။ အဲဒီအခါ ဗိုက်ထဲမှာရှိတဲ့ အူဖုံးအမြှေးရောင်ပြီး ဗိုက်တစ်ခုလုံးရောင်ရင် ကိုယ်ခန္ဓာကနေ ပိုးကို ပြန်တိုက်ဖျက်တဲ့အခါ စစ်ပွဲဖြစ်တာပေါ့။ အဲဒါကို Servers Sepsis လို့ ခေါ်ပါတယ်။ အရင်တုန်းကတော့ Septicaemia လို့ ခေါ်တာပေါ့။ အဲဒီလိုဖြစ်ရင် အသက်ဆုံးရှုံးဖို့ အလားအလာ ပိုများပါတယ်။ဘယ်လောက်အထိ ဖြစ်သလဲဆိုရင် တချို့နေရာတွေမှာ အဲဒီလိုလူနာ ၁ဝ ယောက်မှာ သုံးယောက်လောက် အသက်ဆုံးရှုံးတာတွေ့ရပါတယ်။ အခြေအနေပိုဆိုးပြီး ဆေးရုံရောက်လာတာလည်း နောက်ကျတယ်ဆိုရင် ၁ဝယောက်မှာ ခုနစ်ယောက်နှုန်း သေဆုံးနိုင်ပါတယ်။ ဒါက အူအတက်ရောင်ရောဂါရဲ့ အစွန်းနှစ်ဖက် အခြေအနေပါ။

        နည်းနည်းပါးပါးအူအတက်ရောင်တာ (Mild Appendicitis) ဆိုရင် သူ့ဘာသာသူ ပျောက်ကင်းတတ်ပါတယ်။ ဗိုက်ခေါင်းထဲပေါက်ထွက်တဲ့ အူအတက်ရောင်တာ (Burst Appendicitis (or) Perforated Appendicitis) ဆိုရင်တော့ သေနှုန်းက သိပ်များပါတယ်။ ဒီအစွန်းနှစ်ဖက်ရဲ့ကြားထဲမှာ အဆင့်ဆင့်ဖြစ်တတ်ပါတယ်။

ဓာတ်ပုံ - cloudfront.net

        တချို့လူငယ်၊ လူရွယ်ပိုင်း ကိုယ်ခံအားလည်း ကောင်းတယ်။ ခန္ဓာကိုယ်အင်္ဂါတွေက အလုပ်အပြည့်လုပ်ကြတော့ တစ်ခါတစ်ခါမှာ ဗိုက်ထဲမှာရှိတဲ့ အဆီပြင်က အူအတက်ကို သွားပြီး ဖုံးအုပ်ပေးပါတယ်။ အူအတက်ပေါက်ရင်တောင်မှ အူဖုံးမြှေးတွေမရောင်သွားအောင် ကာကွယ်ထားပေးတာပါ။ ဒါကို Appendicular Mass လို့ ခေါ်ပါတယ်။ အဲဒါမျိုးအခြေအနေ ဖြစ်သွားရင် လူနာကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ များသောအားဖြင့် အူအတက်က အင်မတန်ရောင်နေပေမယ့် ကံကောင်းထောက်မလို့ ကိုယ်ခံအားကောင်းတော့ သွားထိန်းလိုက်တာမို့ အူအတက်က အရမ်းကြီးမပွင့်ထွက်သွားဘူးပေါ့။ ဒါက ကြားအခြေအနေမှာပါ။ အဲဒီလိုအခြေအနေမှာ ကုထုံးက နည်းနည်းပြောင်းသွားတာ ရှိပါတယ်။

        အသက်နည်းနည်းကြီးတဲ့လူတွေ ဥပမာအားဖြင့်အသက် ၅၅၊ ၆ဝ နှစ်ပတ်ဝန်းကျင်နောက်ပိုင်း လူကြီးတွေမှာ အူအတက်ရောင်ပြီဆိုရင် များသောအားဖြင့် သူ့ရဲ့အကြောင်းရင်းဟာ အူအတက်ရောင်တာမဟုတ်ဘဲ သူတို့ရဲ့ တကယ့်ရောဂါက အူကင်ဆာဖြစ်ရင် ဖြစ်နေတတ်ပါတယ်။ အူကင်ဆာက အူအတက်ကို ပိတ်နေတာကြောင့်လည်း အူအတက်ရောင်တယ်ဆိုရင် အရေးကြီးပါတယ်။ ချက်ချင်းမခွဲသေးရင်တောင် တစ်ချိန်ချိန်မှာခွဲဖို့ ပြင်ဆင်ရပါတယ်။ ဆေးရုံတက်သင့်တာပေါ့။ ရောဂါကို ပိုပြီးသေချာအောင် စမ်းသပ်စစ်ဆေးမှုတွေအသေးစိတ်ပြုလုပ်ဖို့ စီစဉ်ရပါတယ်။

        အူအတက်ရောင်ရောဂါက ဘယ်အရွယ်မှာ ဖြစ်သလဲဆိုရင် ဆယ်ကျော်သက်ကစပြီး အသက် ၆ဝ၊ ၇ဝ ကျော်အထိ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ခါလည်း အသက်ငယ်ငယ်လေးနဲ့ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် လူငယ်လူလတ်ပိုင်းမှာ အဖြစ်များပါတယ်။ အသက် ၃ဝ၊ ၄ဝ ပတ်ဝန်းကျင်မှာ အဖြစ်များတာပေါ့။

        ယောကျ်ားနဲ့ မိန်းမ ဘယ်သူပိုဖြစ်သလဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုတေသနပြုလုပ် တွေ့ရှိချက်များအရ ယောကျ်ားမှာ နည်းနည်းပိုအဖြစ်များပါတယ်။ မိန်းမတွေကျတော့ တစ်ခါတစ်ခါကျရင် အူအတက်ရောင်တာလို့ထင်ပြီး ခွဲစိတ်လိုက်တဲ့အခါ အူအတက်ရောင်တာမဟုတ်ဘဲ တခြားရောဂါကြောင့်ဆိုတာ တွေ့ရတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မိန်းကလေးတွေမှာ သားဥအိမ်တို့၊ သားဥပြွန်တို့လို မျိုးပွားအင်္ဂါပတ်ဝန်းကျင်မှာ ဖြစ်တဲ့ရောဂါက အူအတက်ရောင်တာနဲ့ အတော်လေးဆင်တူတာမို့ တစ်ခါတလေမှာ အူအတက်ရောင်တာမခွဲခင် ရာခိုင်နှုန်းပြည့် သေချာအောင်လုပ်ဖို့ဆိုတာ တချို့တော်တော်လေးခက်ပါတယ်။ အဲဒီအခါ စိတ်ချရအောင် ခွဲစိတ်ပါတယ်။ ခွဲတဲ့အခါ တစ်ခါတလေ အမျိုးသမီးရောဂါဖြစ်နေတာ တွေ့ရတတ်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၀)

No comments:

Popular Posts