September 27, 2020

ဒုတိယအရွယ် (၂၆)

 လယ်တွင်းသားစောချစ်

        ကျွန်တော်ရွာလေးကို ချစ်သည်ဆိုရာမှာ ဤအကြောင်းများလည်း များစွာပါဝင်ပါသည်။

        ရွာတွင် အတူနေအမေကြီးနှင့် ဦးလေးသာမက အမေလည်းရှိပါသည်။ အမေမှာ အဖေကြီး၏တာဝန်ကို ဆက်ခံ၍ ကျွန်တော်တို့ရွာ စာသင်ကျောင်းတွင် မူလတန်းကျောင်းအုပ်ဆရာမကြီးဖြစ်သည်။ အမေက နောက်အိမ်ထောင်နှင့်ဖြစ်သည်။ အမေ့အိမ်က ရွာမြောက်ဖျားမှာရှိသည်။ အမေ့အိမ်ကိုလည်း ရောက်ပါသည်။ အမေ့ကိုလည်း ချစ်ပါသည်။ အမေကြီးကိုတော့ ပိုချစ်သည်။ အမေကြီးက ငါးနှစ်သားကတည်းက အတူနေ၍အမေဖြစ်နေသည်။ ကျွန်တော်ကြိုက်သည့် ဟင်းလျာများကို ချက်ကျွေးတတ်သလို ကျွန်တော်ကြိုက်သည့် မုန့်ပဲသရေစာများကိုလည်း လုပ်ကျွေးတတ်သည်။

        ကျွန်တော့်ရွာမှာ ကျွန်တော်နှင့် အဖေတူ အမေတူ နှမတစ်ယောက်နှင့် ညီတစ်ယောက်လည်းရှိပါသည်။ သူတို့ကတော့ ရွာမှာပင်အိမ်ထောင်ကျ၍ နှမက လယ်ယာလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်သည်။ ညီက ကုန်သွယ်ရေး(၁) စပါးအဝယ်ဒိုင်မှာ လုပ်သည်။ သားသမီးများရနေကြပြီ။

        ယခုတစ်ခေါက် ရွာပြန်လာရသည်မှာ အကြာကြီးနေခွင့်ရ၍ ပျော်စရာကောင်းရုံသာမက ဘုရားပွဲနှင့် တိုက်ဆိုင်နေ၍လည်း ဝမ်းသာစရာ။


        ကျောက်မီးရွာမှာ ကျွန်တော့်အတွက် ဘာမျှသုံးစရာမရှိ။ ထမင်းလခနှင့် အပိုသုံးသည်မှာ နှစ်ဆယ်ပင် မပြည့်ပါ။ ဆိုင်ထိုင်လျှင် ဘယ်ဆိုင်ကမျှ ပိုက်ဆံမယူ။ ထို့ကြောင့် တတ်နိုင်သမျှ ဆိုင်များမှာ မထိုင်ပါ။ မစားပါ။ အမေကြီးနှင့် ဦးလေးကလည်း ငါးဆယ်သာ ကန်တော့ခံသည်။ ထို့ကြောင့် တစ်လမှာ ခုနစ်ဆယ်ကျော်ပိုသည်။ ပိုသမျှ ဘကြီးမှုံက တောင်းပြီး စုပေးသည်။ ယခုရွာအပြန်မှာ ဘုရားပွဲရှိသည်ဆို၍ ငွေနှစ်ရာထုတ်ပေးလိုက်သည်။ သုံးစရာရှိတာ သုံး၊ ပေးစရာရှိတာပေးဟုလည်း မှာလိုက်သေးသည်။

        အမေကြီးနှင့် ဦးလေးကို ဘုရားပွဲမှာ ကုန်ကျမည့် အသုံးစရိတ်အတွက် ရှစ်ဆယ်ပေးသည်။ အမေ့ကို ခုနစ်ဆယ်ပေးသည်။ ကျွန်တော်တို့ရွာဘုရားပွဲမှာ နွေရာသီ ကဆုန်လပြည့်နေ့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်၍ ကြီးကျယ်စည်ကားသည်။

        ပုဂံခေတ်ကျန်စစ်သားမင်းကြီး၏ သမီးတော်ရွှေအိမ်စည်တည်ခဲ့သော ရွှေကူကြီးဘုရားဖြစ်သည်။ ဘောဇဂံရွာ ရှစ်ရွာရှိသည်။ ဘုရားကြီးက ရွာရှစ်ရွာ၏ အလယ်ခန့်မှာ ရှိသည်။ မုခ်လေးမုခ်ရှိသည်။ မြောက်ဘက်မုခ်မှာ ထန်းတောရွာ၊ အနောက်ဘက်မုခ်မှာ စံပတောလေးရွာ၊ တောင်ဘက်မုခ်မှာ စော်ရဲရွာနှင့် သားများတစ်ရွာ၊အရှေ့ဘက်မုခ်မှာ ကျွန်တော်တို့ ဝန်သိုရွာနှင့် ဆည်ကတော်ရွာ၊ အရေးမဆိုရွာများဖြစ်သည်။

        အကြီးဆုံးမုခ်ဦးမှာ ကျွန်တော်တို့ ရွာဘက်လှည့်နေသည်။ကျွန်တော်တို့ ရွာနှင့်လည်း အနီးဆုံးဖြစ်သည်။ 

        ကဆုန်လပြည့်နေ့ညနေတွင် ဘောဇဂံရွာအားလုံးမှ အတီး အမှုတ် အကအခုန်များနှင့် ဆွမ်းတော်ကြီးပို့ကြသည်။ မိန်းကလေးများက ညောင်ရေသွန်းအိုးများ ရွက်လာ၍ ဘုရားရှေ့မှ ဗောဓိညောင်ပင်မှာ ညောင်ရေသွန်းကြသည်။ ဆွမ်းတော်ကြီးပွဲရွက်သူများက ဘုရားကို တစ်ပတ်လှည့်ပူဇော်ပြီး ကိုယ့်မုခ်နှင့်ကိုယ် ဆွမ်းတော်ကြီးများ ခင်းကျင်းကြသည်။

        နောက်တစ်နေ့ မနက်တွင် ကျွန်တော်တို့ရွာမှာ တစ်နယ်လုံးမှ သံဃာ ၁ဝဝ ကျော်ပင့်ထားသည်ကို စာရေးတံမဲနှိုက်ပြီး ကျရာသံဃာအရုံဆွမ်းကပ်ရသည်။ မနက်အရုဏ်တက်မှာ အိမ်တိုင်း၊ သံဃာတစ်ပါးနှင့်ဆွမ်းကပ်နေကြသည်မှာ ကြည်နူးစရာကောင်းလှသည်။

        ဆွမ်းကပ်ပြီးကြသည်နှင့်သံဃာတော်များက လှည်းများနှင့် ရွှေကူကြီးဘုရားသို့ ကြွကြသည်။

        ရွာသူရွာသားများလည်း ပြင်ကြ၊ ဆင်ကြပြီး ဆွမ်းလောင်းရန် လှူဖွယ်ပစ္စည်းများ လှည်းပေါ်တင်ပြီး ဘုရားသို့ သွားကြသည်။ ဘုရားကုန်းတော်ခြေရင်းပတ်လည်မှာ လှည်းဝိုင်းကြီးများ စည်ကားလှသည်။

        ဘုရားပေါ်မှာ သင်ပုတ်ပလ္လင် (ဆွမ်းလောင်းအုတ်ခုံ)ကြီးများမှာ ဆွမ်းများ၊ ဆွမ်းဟင်းခွက်များ၊ မုန့်ဖက်ထုပ်များ၊ မုန့်ဆီကြော်များ ကိုယ့်ရွာအလိုက် ထွက်ကုန်များဖြစ်သည့် ငှက်ပျောသီး၊ သရက်သီး၊ ထန်းလျက်၊ ကြက်သွန်စသည်တို့မှာ တောင်ပုံရာပုံ၊ စာရေးတံမဲချ လှူဒါန်းမည့် အဖိုးတန်လှူဖွယ်ပစ္စည်းများကိုလည်း မဲကျရာသံဃာကို ကပ်လှူရန် အသင့်ပြင်ထားကြသည်။ တစ်မနက်လုံး သံဃာ့ဒါန ဆွမ်းကြီးလောင်းကြရသည်မှာ ကြည်နူးစရာ။ ပျော်စရာ။

        ဆွမ်းကြီးလောင်းပြီးသည့် လပြည့်ကျော် တစ်ရက်နှင့် နှစ်ရက်ညများတွင် ကျွန်တော်တို့ရွာမှာ မန္တလေးမြို့မှ ငှားရမ်းသည့် ဇာတ်ကြီးအဖွဲ့ နှစ်ညကပြသည်။ တစ်နယ်လုံးမှ လာကြည့်ကြ၍ အလွန်စည်ကားသည်။ အတွင်းမှာ ဖျာခင်းကြည့်သော ပရိသတ်အများကြီးကို ပတ်ရံလျက် ကုတင်ဝိုင်းကြီးရှိသည်။ ပွဲခင်းကို ဘောင်ခတ်ထားသည်နှင့် တူ၏။ ရွာသူရွာသားများက အထူးတန်းမှ စတိုင်ကျကျ ကြည့်ကြခြင်း ဖြစ်သည်။

        ကုတင်ဝိုင်းကြီးအပြင်ဘက်မှာ ရွာများမှ လာကြသည့် လှည်းဝိုင်းကြီးဖြစ်သည်။ လှည်းပေါ်မှ ကြည့်ကြသူလည်း အများကြီးဖြစ်၏။ ပွဲခင်းမှ ထွက်သည်နှင့် စျေးဆိုင်တန်းကြီး နှစ်တန်းရှိသည်။ ခေါက်ဆွဲကြော်ဆိုင်၊ထမင်းဆိုင်၊ မုန့်တီဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ အကြော်ဆိုင်၊ မုန့်သိုင်းခြုံ၊ မုန့်ပေါင်း၊ ရေမုန့်စသည့် မုန့်ဆိုင်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ ကလေးကစားစရာပစ္စည်းများစုံလင်သည်။ ကလေးများကစားရန် ချား၊ ရဟတ် စသည်တို့လည်းရှိသည်။

        တစ်ရွာလုံး၊ တစ်နယ်လုံးပျော်နေကြသည်။ ပွဲကသော ဇာတ်ကိုလည်း နှစ်သက်စွာကြည့်ရှု၍ အားပေးကြသည်။ ထို့ကြောင့် ဇာတ်အဖွဲ့များလည်း ဤပွဲကပြရမည်ကို စိတ်ဝင်စားနေကြသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၁)

No comments:

Popular Posts