September 28, 2020

ကျန်းမာရေးဗဟုသုတ နည်းပါးခဲ့၍

ဒေါက်တာဇော်

        ‘‘အမေကြီး’’လို့ခေါ်လိုက်တာနဲ့

        ‘‘ဟယ် ဇော်ဇော်ကြီး ခုမှပြန်လာသလား။ ငါဖြင့် ဘုရားရှိခိုးပြီးတိုင်း နင်တို့ကို မေတ္တာပို့လိုက်ရတာ။ နင်တို့က သတိတောင်မရကြဘူး။ ငါ့ဆီလည်း မလာကြဘူး’’ဆိုပြီး သူ့ခုတင်လေးပေါ်ကနေ လက်ကလေးလှမ်းပေးရင်း ပြောလေတယ်။ ဒါတွေက ကျွန်တော်တာဝန်ကျတဲ့ မြို့ကနေ အိမ်ပြန်လာတိုင်း သူပြောနေကျစကားတွေ။

        သူ့မှာ မြေးလေးယောက်ရှိပေမယ့် မြေးတွေေက မြို့ကြီးပြကြီးသွားပြီး တက္ကသိုလ်တက်သူနဲ့ တခြားမြို့မှာ တာဝန်ကျအလုပ်လုပ်သူနဲ့ ဆိုတော့ သူ့ဘေးမှာ မြေးအကြီးဆုံးတစ်ယောက်သာ အမြဲရှိနေပေးနိုင်တယ်။်သူက နယ်ဝေးရောက်နေတဲ့ မြေးသုံးယောက်ကို သတိရနေတယ်။ သူ့ခမျာလည်း ခုတင်ပေါ်မှာ အိပ်လိုက်၊ စားလိုက်၊ တရားမှတ်လိုက်၊ မေတ္တာပို့လိုက်ဆိုတော့ သတိရနေမှာပဲလေ။ သူက လမ်းမလျှောက်နိုင်တော့ပါ။ သူ့ဒူးတွေက အဆုံးထိမဖြောင့်နိုင်တော့ဘူး။ မျက်စိလည်း မမြင်တော့ပါ။ ဒါကြောင့် ခုတင်ပေါ်မှာပဲ အချိန်ကုန်နေတတ်ပါတယ်။ မျက်စိမမြင်ပေမယ့် သူ့အသိတွေရဲ့အသံကို ခွဲခြားမှတ်မိပါတယ်။ ရွာက အမျိုးတစ်ယောက်များ အိမ်ကို အလည်ရောက်လာပြီဆိုရင် -

        ‘‘ဟယ် မမျိုးကြီး နင်တို့ နေနိုင်လိုက်တာ။ လာတောင်မလာကြဘူး’’လို့ အစချီပြီး သူ့အမျိုးလက်ကို ကိုင်ထားရင်း စကားပြောတာ တော်တော်နဲ့ နှုတ်ဆက်ခွင့်မပေးတော့။

        ခုလည်း ကျွန်တော့်လက်ကို ကိုင်ပြီး အလုပ်အဆင်ပြေလား ဘာညာနဲ့ မေးနေပါတော့တယ်။ သူဘာပြန်ဖြေမယ်ဆိုတာ သိနေပေမယ့် ကျွန်တော် သူ့ကို မေးလိုက်တယ်။

        ‘‘အမေကြီးနေကောင်းလား’’ ဆိုတော့

        ‘‘လူကတော့ နေကောင်းပါတယ်။ စိတ်ကတော့ ဘုရားရှိခိုး မေတ္တာပို့ပြီးတာနဲ့ နင်တို့မြေးတွေကို သတိရပြီး လွမ်းအိုးကြီးက ကွဲလာတယ်’’တဲ့။ ဒါက သူပြောနေကျတွေ။

        အမေကြီးကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ သူမျက်စိကွယ်နေတာ ကျွန်တော်တို့ တာဝန်မကျေသလို ခံစားနေမိပါတယ်။ ကျွန်တော် ခုနစ်တန်းနှစ်လောက်ကစပြီး အမေကြီး မျက်လုံးတစ်ဖက်က မမြင်ရတော့။ ရေတိမ်လို့ပဲ သိခဲ့ရပါတယ်။ ကျွန်တော် ၁ဝ တန်းပြီးခါစမှာ နောက်တစ်ဖက်က အမြင်ဝါးလာလို့ မျက်စိဆရာဝန်နဲ့ ပြခဲ့ပါတယ်။ မျက်စိဆရာဝန်က မျက်စိခွဲဖို့လိုကြောင်း၊ မဟုတ်ရင် အနှေးနဲ့အမြန် ကွယ်နိုင်ကြောင်း ပြောတယ်။ တစ်ခုရှိတာက ခွဲရင် ကောင်းမယ်လို့ ၁ဝဝ ရာခိုင်နှုန်းတော့ အာမမခံနိုင်ကြောင်း၊ မအောင်မြင်တာတွေ ရှိတတ်ကြောင်းလည်း ပြောလိုက်ပါသေးတယ်။ အဲဒါနဲ့ အိမ်ပြန်ခေါ်လာပြီး တိုင်ပင်တာပေါ့။ ကျွန်တော်လည်း ဆယ်တန်းပြီးခါစ ဘာမှမသိသေးတော့ ဘာအကြံဉာဏ်မှ မပေးနိုင်ခဲ့ပါ။ နောက်တော့ အမေက မခွဲဘဲနေတာကမှ ကောင်းဦးမယ်။ ခွဲလိုက်မှ မမြင်တော့ရင် ဒုက္ခဆိုပြီး မခွဲဖြစ်တော့။

ဓာတ်ပုံ - ia.ondr.co

        ဒီလိုနဲ့ မေ့မေ့လျော့လျော့ နေလာခဲ့လိုက်ကြတာ ကျွန်တော်ဆေးကျောင်း တတိယနှစ်လောက်မှာ အမေကြီးရဲ့မျက်လုံး မမြင်ရတော့ပါ။ အဲ့အချိန်ကတည်းက ကျွန်တော်ကျောင်းပိတ်ရက် အိမ်ပြန်လာလျှင်လည်း အမေကြီး ကျွန်တော့ရုပ်ကို သေချာမမြင်နိုင်ခဲ့။ သူ့လက်နဲ့ ကျွန်တော့်မျက်နှာကို စမ်းကြည့်ပြီး စကားပြောတတ်ပါတယ်။ ကျွန်တော် အခုပြန်တွေးမိပါတယ်။

        ‘‘ငါသာ အဲ့အချိန်က ဆရာဝန်ဖြစ်နေရင် ခွဲဖို့ပြောခဲ့မှာ’’လို့။

        ကျွန်တော့်မိဘနှစ်ပါးလုံးဟာ ကျောင်းဆရာတွေပါ။ ဒါပေမဲ့ သူတို့မှာ ဆေးပညာနယ်ပယ်နဲ့ မနီးစပ်တော့ ဆေးလောကကိုနားမလည်တာကြောင့် ဆုံးဖြတ်ချက်လွဲခဲ့တာပေါ့။ အဲဒီလိုဆုံးဖြတ်ချက်လွဲခဲ့တော့ အခု အမေကြီး ကျွန်တော်တို့ကို မမြင်တော့ဘူးပေါ့။ ဒါကြောင့် ကျွန်တော်တာဝန်မကျေသလို ခံစားနေရတာပါ။ စိတ်မကောင်းမိပါ။

        ကျွန်တော်တို့နိုင်ငံမှာ ပညာတတ်တွေဆိုတဲ့သူတွေတောင် ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်ပြီး အားရစရာမရှိလှပါ။ ဒီအတိုင်းသာ လူထုမှာ ကျန်းမာရေးဗဟုသုတအားနည်းပြီး ကုသခြင်းခံယူရမှာ ပျက်ကွက်ခဲ့သော် သို့မဟုတ် အားနည်းခဲ့သော် တစ်နိုင်ငံလုံး ဆရာဝန်တွေ နိုင်ငံခြားပြန် ပါရဂူဘွဲ့ရနေပေဦးတော့ Life Expectancy လို့ခေါ်တဲ့ လူထုရဲ့ မျှော်မှန်းသက်တမ်းက တိုးတက်လာပါဦးမလား။

        ကျန်းမာရေးကုသမှု ခံယူခြင်းတစ်ခုမှာ လူထုရဲ့ တက်ကြွစွာပါဝင်မှုဟာ အရမ်းအရေးကြီးပါတယ်။ ကုသခံလူထုဟာ ကိုယ့်မှာရောဂါတစ်ခုဖြစ်လာရင် ဒါဘာရောဂါလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲ။ ဘယ်လိုကုသရမှာလဲ စသဖြင့် စိတ်ပါဝင်စားရပါမယ်။ ဒီလိုသိဖို့ လေ့လာရာမှာလည်း တစ်ဆင့်စကား တစ်ဆင့်နားတွေ၊ သိပ္ပံနည်းကျလေ့လာမထားတဲ့ ရှေးရိုးကုထုံးတွေ စတာတွေကို လေ့လာရမှာမဟုတ်ဘဲ ကိုယ့်ကိုကုသပေးတဲ့ဆရာဝန်ဆီက မေးတာမျိုး၊ ကျန်းမာရေးစာစောင်တွေမှာ လေ့လာတာမျိုး၊ အင်တာနက်မှ ရှာတာမျိုးတွေကို စနစ်တကျ လုပ်ရမှာဖြစ်ပါတယ်။

        ဟိုတစ်ခါက ကျွန်တော့်ဆေးခန်းကို အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ယောက် မျက်နှာမှာ အဖြူကွက်လေးပေါ်လာလို့ လာပြပါတယ်။ သူကပြောတယ်။

        ‘‘ဆရာ မေကြီးကပြောတယ်။ ကျောက်ပျဥ်ကို ရှိခိုးရင် ပျောက်တယ်တဲ့၊ ဟုတ်လား’’ ဆိုပဲ။ ကောင်လေးအမေကတော့ ကျွန်တော့်ကို အားနာပြီးရယ်၏။

        ‘‘ဟီး... ကလေးဆိုတော့ ဘာတွေလျှောက်ပြောမှန်း မသိဘူး’’တဲ့။

        ကျွန်တော်စိတ်မခုပါ။ ဒါပေမဲ့ ရင်လေးမိပါတယ်။ တချို့ တချို့သော သူတွေရဲ့ကျန်းမာရေးအသိဟာ ကျွန်တော်တို့ကလေးအရွယ်ကနဲ့ အခု ဘာမှမကွာသေးပါလား။ တိုးတက်မှုသိသိသာသာ မရှိသေးပါလား။မျက်နှာမှာ ပေါက်နေတဲ့ အဖြူကွက်ဟာ ကျောက်ပျဉ်ကို ရှိခိုးရုံနဲ့ ပျောက်တယ်ဆိုတာကို ယုံနေသေးတယ်ဆိုတာကတော့ တော်တော်ကို မဖြစ်သင့်ပါ။ ပြောတဲ့သူဟာလည်း ခုနစ်တန်းကျောင်းသားဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ကိုပင် မေးခွန်းထုတ်ရပါတော့မယ်။ အမှန်က အဲဒီအကွက်လေးတွေဟာ မှိုတစ်မျိုးကြောင့်ဖြစ်တာဖြစ်ပြီး ထူးထူးခြားခြားကုသမှုမျိုးပင် မလိုပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသာ ဂရုစိုက်ပေးဖို့လိုပါတယ်။ လအနည်းငယ်အတွင်း အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။ တကယ်တော့ ကျောင်းသားကျောင်းသူလေးတွေဟာ နိုင်ငံရဲ့ အနာဂတ်ဖြစ်တာမို့ အသိပညာဗဟုသုတမှာ စံပြဖြစ်နေရမှာပါ။ အခုလို လုံးဝအဓိပ္ပာယ်မရှိတာကို ခုနစ်တန်းကျောင်းသားက ယုံနေသေးတယ်ဆိုတာကတော့ အတော်လေးကို လိုအပ်နေသေးတာကို ပြနေတာပါပဲ။

        ကျွန်တော်တို့ ကျောင်းကျန်းမာရေးအဖွဲ့တွေအနေနဲ့လည်း ကျန်းမာရေးဟောပြောပွဲ၊ ကုသမှုတွေ ပုံမှန်လုပ်ပေးနေပေမယ့် တစ်မြို့လုံးရဲ့ ကျောင်းပေါင်း ၇ဝ ကျော်ကို သွားရတာဖြစ်လို့ တစ်ကျောင်းကို လေး ငါး ခြောက်ခေါက် မရောက်နိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့ရဲ့ဟောပြောမှုကနေ လုံလောက်တဲ့ ကျန်းမာရေးဗဟုသုတကို ကလေးတွေ မရနိုင်ပါ။ ကျောင်းသင်ရိုးများမှာ ကျန်းမာရေးဗဟုသုတများကိုထည့်ပြီး သင်ကြားချိန် သတ်မှတ်ပေးပါမှ အဆင်ပြေမယ်ထင်ပါတယ်။ ကလေးတွေနဲ့ အများဆုံးထိတွေ့ရတာကလည်း မိဘတွေနဲ့ဆရာ၊ ဆရာမတွေပဲ မဟုတ်ပါလား။

        ကျောင်းသားလေးအကြောင်း ပြောရင်းနဲ့မှ ကျွန်တော် ဘယ်တက္ကသိုလ်တက်မရလဲ ရွေးခဲ့ရချိန်လေးကို သတိရမိပါသေးတယ်။ ကိုယ်စိတ်ပါတာက ထွေထွေထူးထူးမရှိ။ အမှတ်က ဆေးအမှတ်မီနေတယ်။ ဆရာဝန်လုပ်ဖို့ကို သိပ်စိတ်မပါ။ ဘာလို့စိတ်မပါလဲဆိုရင် ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်မှာ ကြားလာရတာကဆရာဝန်ဆိုတာ ငွေမက်တယ်။ ဆေးခန်းတစ်ခါသွားရင် ဘယ်လောက်ကုန်တယ်။ ဘာညာဆိုတာတွေချည်းပဲလေ။ ဒါပေမဲ့ ဆေးကျောင်းပဲ တက်ဖြစ်ခဲ့ပါတယ်။ အခု ဆရာဝန်ဖြစ်နေပြီ။ နောင်တရလားမေးလာရင် အဲလိုမေးတဲ့သူကို ကျွန်တော် သနားကြည့်ကြည့်မိမှာပါ။ ကျွန်တော် ဆရာဝန်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေတယ်လေ။ ကျေနပ်နေတယ်လေ။

        ကျွန်တော်ပြောခဲ့ပြီပဲလေ။ ကျွန်တော်သာ နည်းနည်းစောပြီး ဆရာဝန်ဖြစ်ခဲ့ရင် အမေကြီး မျက်လုံးမကွယ်လောက်ဘူးလို့။ ဆရာဝန်တစ်ယောက်ဖြစ်ရတာကို အကျေနပ်ဆုံးအချက်က ကိုယ့်ကျန်းမာရေး၊ ကိုယ့်မိသားစု ကျန်းမာရေးကို စောင့်ရှောက်နိုင်ရုံသာမကဘဲ ကျန်းမာရေးဒါနကို အမြဲပြုလုပ်နိုင်နေတာပါပဲ။ အခုဆိုရင် ကျွန်တော်ကုပေးခဲ့တဲ့ လူနာတွေ မရေနိုင်တော့ပါ။ လူနာအများစုရဲ့ ကျန်းမာရေးဗဟုသုတနည်းတာကို တွေ့ခဲ့ရပါတယ်။

        ‘‘ငါကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက် မဟုတ်ခဲ့ရင် သေနိုင်လောက်တဲ့ရောဂါကို ရမ်းကုနဲ့ အပြင်မှာ ကုမိရင် ကုမိနေမှာ’’ လို့လည်း တွေးမိလာရပါတယ်။

        ခုတော့ ဆရာဝန်တစ်ယောက်ဖြစ်နေတော့ ကိုယ့်ကျန်းမာရေးအပေါ်  ကိုယ့်ဘာသာ Confidence ရှိနေပြီလေ။

        ဆေးလောကမှမဟုတ်တဲ့ အခြားလူတွေကိုလည်း ကိုယ့်ကျန်းမာရေးကိုယ် ယုံကြည်ချက်ရှိရှိ စောင့်ရှောက်တတ်စေလိုပါတယ်။ ကိုယ့်ကျန်းမာရေးကို ဆရာဝန်အပေါ်မှာပဲ အပ်တဲ့ခေတ်မဟုတ်တော့ပါ။ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်ကို ကိုယ်တိုင်ရှာဖွေလေ့လာပြီး မရှင်းတာတွေ ဆရာဝန်ကိုမေးကာ လူနာနဲ့ ဆရာဝန် ပူးပေါင်းကုသရမှာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့သာ လူထုမှာ ကျန်းမာရေးဗဟုသုတတွေတိုးလာခဲ့ရင် ကျွန်တော့်အမေကြီးလို မကွယ်သင့်ဘဲ မျက်စိကွယ်တာမျိုး၊ ကျောက်ပျဉ်ကို ရှိခိုးရမယ်လို့ ကလေးယုံကြည်တာမျိုးတွေမရှိတော့ဘဲ မျှော်မှန်းသက်တမ်းတွေလည်း တိုးလာမှာ အသေအချာဖြစ်ပါတော့တယ်။ မြန်မာနိုင်ငံမှလူထုကြီး ကျန်းမာရေးဗဟုသုတတွေ ရှာဖွေတိုးပွားပြီး သက်ရှည်ကျန်းမာ အနာကင်းဝေးပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၃)

No comments:

Popular Posts