ထွန်းလှိုင် (မြိုင်)
တိရစ္ဆာန်ကျန်းမာရေးကို အဟန့်အတားပြုသောရောဂါများစွာရှိ၏။ ထိုရောဂါများအနက် ဘက်တီးရီးယားရောဂါများနှင့် ဗိုင်းရပ်စ်ရောဂါများသည် အသက်ဆုံးရှုံးနိုင်၍ အရေးပါသောရောဂါများဖြစ်သည်။ အထူးအလေးထား ဂရုပြုတတ်ကြရသည်။ အလားတူ ကျွဲ၊ နွားမွေးမြူရေးအတွက် ဂရုပြုအပ်သောရောဂါများလည်းရှိပေသည်။ ယင်းကား ကပ်ပါးရောဂါစွဲကပ်ခြင်းပင်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းရှင်များ၊ လယ်သမားများ အများစုအနေဖြင့် ကပ်ပါးရောဂါစွဲကပ်ခြင်းကို လစ်လျူရှုမိတတ်သည်။ ရောဂါတစ်ခုဖြစ်လျှင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်လိမ့်မည်ဟူသော ယူဆချက်ဖြင့်သာ ရောဂါရှာဖွေစူးစမ်းလေ့ရှိကြသည်။
ကပ်ပါးရောဂါစွဲကပ်မှုကြောင့် ဖြစ်ပွားသောရောဂါအများစုသည် စီးပွားရေးအရ ဆုံးရှုံးမှုမှာ တစ်ကောင်ခြင်းအနေဖြင့် သိသာထင်ရှားမှုမရှိသော်လည်း ကျွဲအုပ်၊ နွားအုပ်၊ ဆိတ်ခြံ၊ ဝက်ခြံ၊ ကြက်ခြံ စသည့် တိရစ္ဆာန်တစ်စုလုံးအနေနှင့် ခြုံ၍သော်လည်းကောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ခြုံ၍သော်လည်းကောင်း၊ ဆက်စပ်လျှင် ဆုံးရှုံးမှုအလွန်များကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ကျွဲ၊ နွားများ၏ ခန္ဓာကိုယ်ပြင်ပတွင် မှီခိုတွယ်ကပ်နေကြသော ပြင်ပကပ်ပါးများမှာ မွှား၊ သန်း၊ လှေး၊ ယင်၊ ဝဲရောဂါပိုးနှင့် ခြင်တို့ဖြစ်ကြသည်။ ပြင်ပကပ်ပါးပိုးများသည် အတွင်းကပ်ပါးများကဲ့သို့ပင် လက်ခံကောင်အား အန္တရာယ်ဆိုးကျိုးအမျိုးမျိုးပေးနိုင်၏။ စီးပွားရေးရှုထောင့်ကြည့်လျှင်လည်း ဆုံးရှုံးမှုများဖြစ်စေသည်။ ပြင်ပကပ်ပါးများ မှီခိုတွယ်ကပ်ခြင်းခံရပါသော ကျွဲ၊ နွားများသည် သွေးအားနည်းခြင်း လှုံ့ဆော်မှုကြောင့် မတည်မငြိမ်ဖြစ်ကာ အစာစားနည်းခြင်း၊ ခန္ဓာကိုယ်မွှားကျပြီး ဥများ ချတတ်သည်။ တစ်ခါဥလျှင် ဥပေါင်း ၂ဝဝဝ မှ ၅ဝဝဝ အထိ ဥနိုင်ပါသည်။ ယင်းဥများက အကောင်လေးများပေါက်လာသောအခါ အခြားကျွဲ၊ နွားများကို သွေးစုပ်ယူကြပါသည်။ မိမိနွားခြံများသည် မှောင်ပိတ်နေ၍ အလင်းရောင် လုံးဝမရလျှင် မိမိနွားများတွင် မွှားများတွယ် နေသည်ကို ရုတ်တရက်သတိမထားမိနိုင်ပါ။ မွှားများသည်လည်း ပေါင်ကြား၊ လက်ကြား၊ နားရွက်များတွင် ဥများစွာ ဥကြသည်။
ထို့ကြောင့် မွှားရောဂါကင်းရှင်းရန်အတွက် မွှားများကို သုတ်သင်ဖယ်ရှားရာတွင် နွားကိုယ်မှ မွှားများကိုသာမက မွှားမျိုးဆက်ပြတ်သွားအောင် နွားခြံ၏ နေရာအနှံ့ချောင်ကျသော နေရာများပါမကျန် ရေနွေးပူပူ လောင်းပေးသင့်သည်။ မွှားသတ်ဆေးဖျန်းလျှင် နွားများစားသုံးမိပါက အန္တရာယ်ရှိနိုင်သဖြင့် ဆေးဖျန်းပြီးနောက် နွားများကို နေရာရွှေ့ပြောင်းထားပေးရမည်။ မွှားများသည် ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေရာ၌ ရှေ့ခြေ၊ နောက်ခြေများ၏ ခွကြား၊ ချောင်ကျသောနေရာများတွင်လည်းကောင်း၊ နားရွက်များတွင်လည်းကောင်းအမြောက်အမြား တွယ်ကပ်သွေးစုပ်နေတတ်ကြပါသည်။ ထို့ကြောင့် မွှားတစ်ကောင်စ နှစ်ကောင်စ တွေ့ချိန်မှစ၍ နှိမ်နင်းရေးကို အလေးထားရပေမည်။ မွှားများကို လက်ဖြင့်ဖယ်ရှားပြီး မီးရှို့ သတ်ခြင်း၊ တိုင်းရင်းကြက်များ မွေးမြူ၍ နွားခြံထဲတွင် လွှတ်ပေးထားလျှင် ကြက်များက ထိုးဆိတ်စားသောက်ခြင်းဖြင့် မွှားနှိမ်နင်းနိုင်ပါသည်။
မွှားတွယ်ကပ်လျှင် မွှားတိုးပွားနှုန်းမှာ အလွန်မြန်သည့်အတွက် များလာပြီး သွေးအားနည်း ပိန်ချုံး၍ သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်သည်။ နို့ထွက်နှုန်းကျဆင်းခြင်း၊ သားပေါက်နှုန်းကျဆင်းခြင်း၊ နွားငယ်များသေဆုံးခြင်း စသည့် ပြသနာများကြုံတွေ့ရသည်။ မွှားများသည် ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်ပြီး သွေးဝအောင်စုပ်၍ မြေပြင်သို့ ပြုတ်ကျကာ မွှားမသည် နှစ်ရက် (သို့) သုံးရက်အကြာတွင် ဥစတင်ဥသည်။ မွှားမတစ်ကောင်သည် ဥပေါင်း ၂ဝဝဝ မှ ၅ဝဝဝ အထိ ဥနိုင်သည်။ မွှားကောင်ရေ တစ်သောင်းမှ နှစ်သောင်းထိ ခန္ဓာကိုယ်ပေါ်တွင်ရှိလျှင် သွေး ၁ဝ လီတာ (ရေသန့်ဘူး ၁ဝ ဘူး) စုပ်ယူသည်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ပရိုတိုဇွာများ ဖြန့်ဖြူးပေးနိုင်သည်။
![]() |
ဓာတ်ပုံ - photoshelter |
မွှားကြောင့် ကူးစက်တတ်သော အဖျားရောဂါသည် Babesia ခေါ် Protozoa များကြောင့် ဖြစ်လာသော ရောဂါဖြစ်သည်။ ယင်းရောဂါဖြစ်စဉ် ကျွဲ၊ နွားများသည် သွေးအားအလွန်နည်းပြီး ပိန်ချုံးအားပြတ်ပါမည်။ အစာမစား၊ စမြုံ့လည်း လုံးဝမပြန်တော့ပါ။ နို့ထွက်လည်းကျဆင်းပြီး ခန္ဓာကိုယ်အပူချိန်သည် ၁ဝ၆ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာပြီး ဖျားပါမည်။ အခြေအနေအလွန်ဆိုးလျှင် တစ်ခဏအတွင်း သေဆုံးနိုင်သည်။
မွှားရောဂါ မဖြစ်ပွားရန်အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်သည်။ မွှားများ စားကျက်တွင် အများဆုံးရှိနေသည့်အချိန်တွင် သားလောင်းများနှင့် အခြားအဆင့်များသေစေရန် စားကျက်ကို မီးရှို့ပစ်ခြင်း၊ မြေကြီးကို ထွန်ယက်ပစ်ခြင်း၊ စားကျက်တွင် ကျွဲ၊ နွားများ ငါးလမှ ဆယ်လအထိ မထားခြင်းတို့ ပြုလုပ်ရမည်။ ထိုအခါ မွှားများ သွေးမစုပ်ရ၍ ငတ်မွတ်ပြီး သေဆုံးသွားမည်ဖြစ်သည်။ အထူးသဖြင့် ပူအိုက်ခြောက်သွေ့သော နွေရာသီတွင် ပိုမိုဖြစ်နိုင်သည်။ အေး၍စွတ်စိုသော အခြေအနေရှိလျှင် မွှားများသည် တစ်နှစ်ခန့်အထိ အသက်ရှင်သန်နိုင်သည်။
ရေမြောင်းများ ကောင်းစွာ စီးဆင်းအောင်ပြုလုပ်ခြင်းဖြင့် မွှားများ မှီခိုရသော စိုထိုင်းမှုကို လျော့နည်းစေသည်။ မွှားရှိသောနေရာမှ သန့်ရှင်းသောနေရာသို့ ရွှေ့ပြောင်းမည့်နွားများကို မွှားသတ်ဆေးများဖြန့်ပေးခြင်း၊ ငါးရက်၊ ၁ဝ ရက်တစ်ကြိမ် ပြုလုပ်ရမည်။ မွှားများကို ၁၄ ရက်ခြားတစ်ကြိမ် မွှားသေဆေးများ ဖျန်းပေးခြင်း၊ ရေချိုးပေးခြင်းများ ပြုလုပ်ပေးရမည်။ ခြုံများ ရှင်းလင်းပေးခြင်း၊ နွားထားမည့် နေရာတွင် အက်ကွဲကြောင်းမရှိအောင် ဆောင်ရွက်ခြင်း စသည်တို့ ပြုလုပ်ပေးရမည်။ ထို့ကြောင့် ကျွဲ၊ နွားများ ပြင်ပကပ်ပါးဖြစ်သော မွှားတွယ်ခြင်းကို အလေးထားကာကွယ်ကြရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၄)
No comments:
Post a Comment