လယ်တွင်းသားစောချစ်
ကျောင်းသားများနှင့် ပျော်ပျော်ပါးပါး ဆော့ကစား
ငါးနှစ် ခြောက်နှစ်မှ ၁၂ နှစ်ခန့်သည် ကလေးအရွယ်ဖြစ်သည်။ မူလတန်းမှ အလယ်တန်းအရွယ် ဖြစ်သည်။
ကလေးအရွယ်သည် သဘာဝအရပင် ဆော့ကစားအလွန်မက်၏။ ကလေးတစ်ယောက်ကို စာကျက်မလား၊ ဆော့မလားဟု မေးလျှင် ဆော့မည်ဟုပင် ဖြေလိမ့်မည်။ ပုံမှန်သောကလေး ဖြစ်သည်။ ကလေးများကစားခွင့်ရဖို့ လိုပါသည်။
ကျွန်တော်၏ ကလေးဘဝမှာ ငါးနှစ်အရွယ်တွင် အဖေကွယ်လွန်၍ ကံမကောင်းသော်လည်း အဖေကြီးနှင့် အမေကြီးက မွေးစားရသောအခါ အဖေကြီး၏ ခြံကြီးထဲမှာ နေထိုင်ကြီးပြင်းရသည်မှာ အလွန်ကံကောင်းပါသည်။
ဥယျာဉ်ခြံအကျယ်ကြီးထဲမှာ စားပင်မျိုးစုံရှိသည်။ သရက်၊ ပိန္နဲ၊ မာလကာသီး အူဖြူ၊ အူနီ၊ စာလေးငှက်ပျော၊ နံ့သာပုငှက်ပျော၊ သပြေငှက်ပျော၊ ဝက်မလွတ်ငှက်ပျောအစုံရှိသည်။ ထိုသစ်ပင်များအားလုံးကို ကိုယ်တိုင်တက်ရောက် ဆော့ကစား၊ ကြိုက်သလိုခူးစားနိုင်သည်။
သူငယ်ချင်းများနှင့်လည်း ထွေခင်းကစားရန် ညောင်ပင်အရိပ်ကြီးများနှင့် ဘောလုံးကန်ရန် ကွက်လပ်ကွင်းပြင်လည်း ရှိသည်။ ကျွန်တော်၏ကလေးဘဝမှာ အပြည့်အဝဆော့ကစားခွင့် ရခဲ့ပါသည်။ ကလေးဖြစ်ရကျိုးနပ်ပါသည်။
ကျွန်တော် ကျောက်မီးကျောင်းမှာ ကျောင်းဆရာဖြစ်သောအခါ ကျွန်တော့်တပည့်ကလေးများကို ပျော်ပျော်ပါးပါး ဆော့ကစားရစေချင်ပါသည်။
ညနေတွင် ဆရာကိုလှမင်းနှင့် ကျွန်တော်က ကလေးများကို ဘောလုံးကန်ခွင့် ပေးကြသည်။ ကိုလှမင်းက ဘောလုံးကန်ကောင်းသူ ဖြစ်သည်။
ကလေးများကို ရှေးဦးစွာ စနစ်တကျ လေ့ကျင့်သင်ကြားပေးသည်။ ပြီးမှ အသင်းလေးသင်း ခွဲထားသည့်အလိုက် ကစားခိုင်းသည်။ ကလေးများသည် ဆရာနှင့်အတူ စနစ်တကျကစားရလျှင် ပို၍ပျော်ရွှင်ကြသည်။ သိသာအောင်လည်း တိုးတက်မှုရှိသည်။
ထိုအသင်းလေးသင်းထဲမှ စုပေါင်းပြီး အကောင်းဆုံး ကျောင်းလက်ရွေးစင်(၁)နှင့် ကျောင်းလက်ရွေးစင် (၂)တို့ကို ရွေးရသည်။
မိန်းကလေးများကလည်း တောင်းဆိုလာပါသည်။
‘‘ဆရာကြီးက ယောကျ်ားလေးတွေကိုတော့ ဘောလုံးကန်သင်ပေးတယ်။ မိန်းကလေးတွေကိုတော့ ဘာကစားတာမှလည်း သင်မပေးဘူး’’ဟု ပြောလာကြသည်။
မိန်းကလေးများအတွက် အကြီးတန်း အငယ်တန်း၊ ထုပ်ဆီးတိုးကွင်းများ လုပ်ပေးသည်။ ကြိုးခုန်ရန်အတွက် စုပေါင်းခုန်၍ ရသော ခုန်ကြိုးအရှည်နှင့် တစ်ယောက်ချင်းခုန်၍ရသောကြိုးများ ဝယ်ပေးသည်။
ကလေးငယ်များအတွက် စီးလျှော၊ စီးဆော့၊ ဒန်းစင်များ လုပ်ပေးသည်။
ဆော့ကစားခြင်းအားဖြင့် ကလေးများ ကျန်းမာသည်။ ချွေးကလေးတစိုစိုနှင့် ကြည်လင်ရွှင်လန်းနေသည်။ ကိုယ်ခန္ဓာသန်စွမ်းကြီးထွားသည်။ ဉာဏ်ရည် ထက်မြက်ကောင်းမွန်သည်။
ကလေးများကျောင်းနေပျော်ကြသည်။ ကျောင်းနေပျော်လျှင် ကျောင်းမှန်မှန်တက်သည်။ ကျောင်းမှန်မှန်တက်လျှင် စာမခက်တော့ပါ။ ဆရာ၊ ဆရာမများနှင့်အတူ ကစားကြရင်း ပို၍လည်း ချစ်ခင်ရင်းနှီးပါသည်။ ထိုအခါ စာသင်ရသည်မှာလည်း ပို၍ထိရောက်ပါသည်။ ကျွန်တော်ကတော့ အချိန်ပြည့်ရွာမှာနေသူမို့ မန္တလေးမှလာရသော ဆရာလေး၊ ဆရာမလေးများထက် ပို၍အချိန်ပေးနိုင်ပါသည်။
ဆရာကိုလှမင်းကတော့ ကျွန်တော်နှင့်လည်း ညီအစ်ကိုလို ချစ်ခင်နေပြီမို့ မကြာခဏ ညအိပ်လာပါသည်။ အထူးသဖြင့် စနေနေ့ညတိုင်းလိုပင် အိပ်ပါသည်။ ဘကြီးမှုံအိမ်မှာပင် ညအိပ်သည်။ ဘကြီးမှုံတို့ လင်မယားကပင် ထမင်းကျွေးပါသည်။
ကျွန်တော်တို့ ကျောင်းမှကလေးများကို ကလေးဖြစ်ရကျိုးနပ်အောင် ဆော့ကစားစေခြင်းဖြင့် အားကစားလည်း တော်လာကြသည်။ ဘောလုံးပြိုင်ပွဲတိုင်းမှာ ကျွန်တော်တို့ ကလေးများနိုင်ကြသည်။ တကယ်ကစားကြသောအခါ ထူးချွန်သောကလေးများပေါ်ထွက်လာသည်။ ဘောလုံးမှာ ကျော်ခိုင်၊ ကျော်နိုင် ညီအစ်ကိုနှင့် တင်ငွေဖြစ်သည်။
ထုပ်ဆီးတိုးမှာလည်း ကျွန်တော်တို့ ကျောင်းမှချည်း ပထမရသည်။ ကျွန်တော်တို့ ကျောင်းမှ မဲတူးဆိုသော မိန်းကလေးကို ဘယ်သူမှ နိုင်အောင် မကပ်နိုင်။ ထို့ကြောင့် တခြားကျောင်းဆရာမများက မဲတူးကို မိန်းကလေးမဟုတ်၊ ယောကျ်ားလေးဟု စွပ်စွဲကြသည်။ မဲတူးက ကိုယ်လုံးကျစ်လျစ်၍ ခေါင်းမှာဘိုကေထားသည်။ ယောကျ်ားလေးနှင့် တော်တော်တူပါသည်။ ရုပ်ကလေးက ချောပါသည်။ ကျွန်တော်တို့ကျောင်းမှ ဆရာမများတော်တော်ငြင်းပြီး အတော်ရှင်းယူရသည်။
ကျောင်းများမှ ကစားပြိုင်ပွဲများ၊ ကျောင်းချင်းပြိုင်ကစားပြိုင်ပွဲများ လုပ်ပေးလျှင် ဤကဲ့သို့ ထူးချွန်သော အားကစားလူရည်ချွန်လေးများ ပေါ်ထွက်လာနိုင်သည်။ သူတို့ကို တတ်ကျွမ်းသောဆရာများနှင့် နည်းစနစ်ကျကျ သင်ကြားလေ့ကျင့်ပေးလျှင် ထူးချွန်သူများ ဖြစ်လာနိုင်ပါသည်။
အားကစားလုပ်၍ ကလေးစာညံ့မသွားနိုင်ပါ။ ကစားချိန်ကစား၊ စာသင်ချိန်မှာ စာသင်၊ စာကျက်ချိန်မှာ စာကျက်လျှင် ကျန်းမာရေးကောင်း၊ ဉာဏ်ပညာထက်၊ စာလည်းတော်၊ ပျော်စရာလည်းကောင်း ဘက်စုံပြည့်ဝသောကလေးများ ဖြစ်နိုင်ပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၆)
No comments:
Post a Comment