September 12, 2020

စပါးမျိုးကောင်းမျိုးသန့်ရအောင် ထိန်းသိမ်းနည်းပညာ

မောင်ငြိမ်းအောင်(တန့်ဆည်)

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာက တောင်သူလယ်သမားကြီး ဦးညွန့်လှိုင်က စာရေးသူဆီကို ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့ သူ့မှာ လယ်ဧက ၅ဝ ရှိပါတယ်။ အဲ့ဒီထဲက နှစ်ဧကလောက်ကို မျိုးကောင်းမျိုးသန့်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ မျိုးကောင်းမျိုးသန့်ထုတ်မယ်ဆိုရင် ဘာတွေဂရုစိုက်ရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်လို့ ဆရာ့ဆီကို အကြံဉဏ်လေးတောင်းခံလိုက်တာပါ ဆရာလို့ ဆိုပါတယ်။

        စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်မယ်ဆိုရင်တော့ ကနဦးဂရုပြုရမှာကတော့ စိုက်မယ့်အရွယ်ရွေးချယ်တာ အရေးကြီးတယ်။ စိုက်မယ့်အကွက်ဟာ ရေနေရေထိုင်ကောင်းရမယ်။ မြေဆီသြဇာထက်သန်ရမယ်။ ရေသွင်းရေထုတ်လွယ်ကူရမယ်။ ပေါင်းမြက်ထူပြောတဲ့အကွက် မဖြစ်စေရဘူး။ ပြီးခဲ့တဲ့ရာသီက ပိုးမွှားရောဂါ ဆိုးဆိုးရွားရွားကျခဲ့တဲ့အကွက် မဖြစ်စေရဘူး။ ရေနက်ကွင်း၊ ရေကြီးကွင်း မဖြစ်စေရဘူး။ ဒီလိုအချက်တွေနဲ့ ကိုက်ညီတဲ့အကွက်ကို ရွေးရမယ်။

        ကန်သင်းပေါ်မှာပေါက်ရောက်နေတဲ့ ကောက်လေကောက်လွင့်၊ ပေါင်းမြက်တွေပြောင်အောင် ရှင်းရမယ်။ လယ်ကွက်ထဲမှာ ပေါက်နေတဲ့ ကောက်လေကောက်လွင့်တွေကိုလည်း မီးရှို့ရမယ်။ ရှင်းပစ်ရမယ်။ ဒါမှ မျိုးမရောနိုင်မှာ ဖြစ်တယ်။

        ဒုတိယအချက်သတိပြုရမှာကတော့ အသုံးပြုမယ့်မျိုးဖြစ်တယ်။ မျိုးဟာ မျိုးရောမပါရဘူး။ သန့်စင်ပြီးဖြစ်ရမယ်။ အမှိုက်သရိုက်၊ အဖျင်းအမှော်၊ ဖုန်ခဲသလဲ၊ ပေါင်းစေ့တွေကင်းစင်အောင် သန့်စင်ရမယ်။ မျိုးစပါးကို ဆားရည်စိမ်သန့်စင်ပြီးမှ မျိုးခြောက်ဖောက်ရမယ် မျိုးထောင်တဲ့အခါမှာ ပေါင်မျိုးထောင်ရမယ်။ ပေါင်ပေါ်မှာ နွားချေး၊ မြေဆွေးသုံးရင် ကောင်းစွာဆွေးပြီးသား မျိုးစေ့ပေါက်နိုင်မယ့် မြေဆွေးဖြစ်ဖို့လိုတယ်။ မြေဆွေးထဲမှာ၊ စက်ဖွဲပြာထဲမှာ တခြားစပါးစေ့တွေ မီးမကျွမ်းဘဲ ပါမလာစေရဘူး။ ပေါင်ပေါ်မှာပင် မျိုးမနုတ်မီ ပေါင်းမြက်များကို သေချာစွာ စစ်ဆေးနုတ်ပစ်ဖို့ လိုတယ်။ စိုက်ခင်းဆီထိ ပါမလာစေသင့်ပါဘူး။

        စိုက်ပျိုးတော့မယ်ဆိုရင် ခြောက်တန်းတစ်တန်းလှပ်စီနဲ့ အတန်းစိုက်ပျိုးရပါမယ်။ ရေကို လိုသလို စနစ်တကျထိန်းပေးပြီး ပိုးမွှားပေါင်းမြက်များကို အဓိကထားပြီး ကာကွယ်နှိမ်နှင်းရမယ်။

ဓာတ်ပုံ - apseeds.ap.gov.in

        တတိယအပိုင်းကတော့ မိမိရဲ့ မျိုးသန့်စိုက်ခင်းကို မျက်ခြေမပြတ်ကြည့်ပြီး ကွင်းဆင်းစစ်ဆေးနေဖို့ လိုပါတယ်။ ကွင်းဆင်းစစ်ဆေးရမှာ အပင်ပွားစုံချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်မှာ တစ်ကြိမ်စီ မဖြစ်မနေစစ်ဆေးဖို့ လိုပါတယ်။ ပင်ပွားစုံချိန်မှာ စစ်ဆေးရင်တော့ မျိုးကွဲ ပါ မပါ အပင်အနိမ့်အမြင့် ညီ မညီ အောက်ခြေမှ ပင်ပွားထွက်ပုံအနေအထား၊ အရွယ်အစား၊ မျက်နှာပြင်တွင် အမွှေး ပါ မပါ၊ အမွှေးအထူအပါး၊ အကြမ်းအချော၊ အရွက်အရှည်၊ အကျယ်၊ အရောင်ကွဲပြားမှု ရှိ မရှိ၊ ပင်စည်နှင့် အရွက်ကြား ထောင်မတ်မှုပုံသဏ္ဌာန်အနေအထားများကို စစ်ဆေးရပါမယ်။ အထက်ပါအချက်များမှ ပုံစံမတူသောအချက်များကို နုတ်ပယ်ရှင်းလင်းရန် လိုအပ်ပါတယ်။

        ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် စစ်ဆေးရာတွင် မျိုးကွဲအပင်များ ပါ မပါ၊ အပင် အနိမ့် အမြင့် ညီ မညီ၊ ပန်းပွင့်ချိန် ညီ မညီ (စောလွန်း၊ နောက်ကျလွန်း)၊ အလံရွက်တည်နေပုံ (ထောင်မတ်၊ ယိုင်၊ ငိုက်ခြင်း ရှိ မရှိ) အထူးသတိပြု ကြည့်ရှုရပါမယ်။

        အလံရွက်သည် စပါးနှံထက်မြင့်နေခြင်း၊ နိမ့်နေခြင်း ရှိ မရှိ၊ အနှံအရွယ်အစား (နှံစတို၊ နှံစရှည် ဖြစ် မဖြစ်)၊ အနှံခက်တည်နေပုံ၊ အနှံတွင် သီးလုံးအစိပ်အကြဲ၊ စပါးစေ့အရေအတွက်တို့ကို စစ်ဆေးရပါမယ်။ မျိုးကွဲနုတ်လျှင် ပေါင်းမြက်၊ ရောဂါပိုးမွှားကျသောအပင်ကို နုတ်ပယ်ရပါမယ်။ ပင်ပွားစုံချိန်တွင် မျိုးကွဲတွေ့ပါက အမြစ်ပါအောင် ဆွဲနုတ်ရပါမယ်။ ပန်းပွင်းချိန်နှင့် ရင့်မှည့်ချိန်တွင် မျိုးကွဲတွေ့ပါက တံစဉ်ဖြင့် တစ်နှံလုံးကို ရိတ်ဖြတ်ပစ်ပါ။

        နောက်ဆုံးသတိပြုရမည့် အချိန်မှာ ရိတ်သိမ်း၊ ခြွေလှေ့၊ သယ်ယူ၊ အခြောက်ခံ၊ သန့်စင်၊ ထုပ်ပိုး၊ သိုလှောင်ခြင်းလုပ်ငန်းများကို သတိပြုရန်လိုအပ်ပါတယ်။ စက်နှင့်ရိတ်လျှင် စက်ကို စပါးစေ့မပါအောင် ပြောင်စင်အောင်ခါပြီးမှ ရိတ်သိမ်းရပါမယ်။ ပီနံအိတ်အသစ်ကိုသာ သုံးရပါမယ်။ စပါးစေ့တွင် အစိုဓာတ် ၂ဝရာခိုင်နှုန်းမှ ၂၃ ရာခိုင်နှုန်းခန့်ရှိချိန်တွင် ရိတ်ပါ၊ သီးသန့်ခြွေလှေ့ပါ၊ သီးသန့်သိုလှောင်ပါ။ အထက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပါက စစ်မှန်သော မျိုးကောင်းမျိုးသန့်ကို ရရှိနိုင်ပါလိမ့်မယ်ဗျာ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၈)

No comments:

Popular Posts