လယ်တွင်းသားစောချစ်
‘‘သမီးတို့ ဆရာမဒေါ်ခင်ဌေးက သမီးတို့မခေါ်ကြ၊ စကားမပြောကြဘူးလို့ ဆရာ့ကို တိုင်တယ်။ ဆရာဦးလှမင်းကလည်း တိုင်တယ်။ သူ့အတန်းတွင် ဇွတ်အတင်းခေါ်ခိုင်းတယ်။ မရလို့ နှစ်ချက်စီ ရိုက်တယ်။ မခေါ်ဘူးတဲ့။ ဆရာမ ဒေါ်ခင်စန်းကလည်း သူသင်တဲ့ နှစ်တန်းကတည်းက မခေါ်တာတဲ့။ မိဘချင်းတွေကလည်း ရင်းနှီးတော့ ခေါ်စေချင်တယ်။ ဆရာမကို လာတိုင်တယ်တဲ့။ ဆရာမ အမျိုးမျိုးကြိုးစားတယ်တဲ့ မရဘူးတဲ့။ အရင်ကသိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါလို့လည်း ပြောတယ်’’
ကလေးများ ငြိမ်သက်စွာနားထောင်လျက်။
‘‘သမီးတို့ ဆရာ၊ ဆရာမတွေက သမီးတို့ကို သိပ်ခေါ်စေချင်ကြတယ်။ ဒေါ်ခင်ဌေးဆိုရင် ပြောပါတယ်။ မိန်းကလေးက လေးယောက်တည်း ရှိတာ။ သူတို့မခေါ်ကြတော့ စာသင်ရတာ ပျော်စရာမကောင်းဘူး။ တစ်ယောက်မှာ အပြစ်ရှိလို့ ဆူချင်ရင်လည်း ကျန်သုံးယောက် ဝမ်းသာမှာစိုးလို့ မဆူရဲဘူး။ တစ်ယောက်ကို ချီးကျူးစရာရှိလို့ ချီးကျူးချင်ရင်လည်း ကျန်သုံးယောက် သဘောမကျမှာစိုးလို့ ချီးကျူးရခက်တယ်တဲ့။ မင်းတို့ဆရာမကို သနားဖို့ကောင်းပါတယ်။ သူ့ခမျာ မင်းတို့ တန်းကျွတ်အောင်လို့ အစွမ်းကုန် ကြိုးစားသင်ပေးနေတာ၊ မင်းတို့က တစ်မှောင့်ဖြစ်နေတယ်’’
ကလေးမများ ခေါင်းပိုငုံ့သွားကြသည်။
‘‘မင်းတို့က ထိုင်ခုံရော၊ စာရေးခုံရော မျဉ်းတွေ တားထားတယ်တဲ့။ ပေတံ ခဲတံတောင် မကျော်ရဘူးတဲ့။ ဆရာကတော့ ပြုံးမိတယ်...။ သြော်... ကလေးတွေ မှားလိုက်တာလို့ တွေးမိလို့ပါ’’
‘‘တကယ်တော့ ကျောင်းနေဖက်သူငယ်ချင်းဆိုတာ သိပ်ချစ်ကြရမှာ။ သမီးတို့လေးယောက် ပြန်ခေါ်ကြရင် သိပ်ပျော်စရာကောင်းမှာ။ သမီးတို့ ဆရာ ဆရာမတွေ၊ မိဘတွေအားလုံးလည်း ပျော်ကြမှာ။ သူငယ်ချင်းဆိုတော့ ကြီးတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားကိုးရတယ်။ အခုဆရာဆိုရင် ဒီကျောင်းမှာ အလုပ်လုပ်ရတာ ဆရာမစုံတော့ ဒုက္ခရောက်နေတယ်။ ဆရာ့သူငယ်ချင်း ကိုလူအေးက ဒါကိုသိတော့ လုပ်အားပေးဆရာအဖြစ် ကူညီတယ်။ ကျောင်းနေဖက်သူငယ်ချင်းဆိုတာ ဘယ်လောက်ကောင်းလဲ’’
ကလေးများ နားထောင်နေသည်။
‘‘သမီးတို့က မာနခံနေကြတာကိုး။ ကိုယ်ကအရင်စခေါ်ရင် ရှုံးတယ်လို့ ထင်နေကြတာ’’
ကလေးမများ ဘာမျှမပြောပါ။
‘‘ဆရာ ခုနစ်တန်းတုန်းက ဆရာ့သူငယ်ချင်းနဲ့ စကားများကြပြီး စကားမပြောဘဲ နေဖူးတယ်။ သူ့နာမည်က မောင်သိန်းတဲ့။ ကြီးတော့ ရေတပ်ကဗိုလ်မှူး ဖြစ်သွားတယ်။ အခုတော့ ပင်လယ်ကူးသင်္ဘောကပ္ပတိန် ဖြစ်နေတယ်။ ခုထိ ဆရာတို့ သိပ်ချစ်ကြတယ်’’
‘‘သူနဲ့ မခေါ်တာကြာတော့ ပျင်းလာတယ်။ သူနဲ့အတူ မုန့်ဆိုင်မှာ အတူစားခဲ့တာတွေ သတိရလာတယ်။ ပြန်ခေါ်ရင်ပျော်မှာပဲလို့ ထင်တယ်။ သိပ်ခေါ်ချင်တာပဲ။ သူလည်း ခေါ်ချင်နေပါတယ်။ လှမ်းကြည့်မျက်လုံးတွေက သိသာတယ်။ ဒါပေမဲ့ အရင်စခေါ်တဲ့လူက အရှုံးဖြစ်မှာစိုးတယ်။ နောက်ဆုံးတော့ ဆရာဆုံးဖြတ်လိုက်တယ်။ စခေါ်မယ်လို့ပေ့ါ’’
မိန်းကလေးများ ကျွန်တော့်ကို လှမ်းကြည့်လိုက်ကြသည်။
‘‘သူကပြောတယ်။ သူလည်း ခေါ်ချင်လှပြီတဲ့။ မင်းမခေါ်ရင် ငါစခေါ်တော့မှာတဲ့။ ဆရာတို့နှစ်ယောက်ပျော်လိုက်ကြတာ၊ နောက်လည်း ဘယ်တော့မှ ရန်မဖြစ်ကြတော့ဘူး။ ခုထိချစ်ခင်တဲ့ သူငယ်ချင်းတွေပဲ’’
ကျွန်တော်စကားကို ရပ်နားထားလိုက်သည်။ အရေးကြီးစကား ပြောရတော့မည်။
‘‘သမီးတို့က ကိုယ်ကစခေါ်ရင် ရှုံးမယ်လို့ ထင်နေကြတာ။ အဲဒါမကောင်းတဲ့ မာနစိတ်။ စခေါ်တဲ့ လူက စိတ်သဘောထားကြီးတဲ့လူ။ မြင့်မြတ်တဲ့လူ။ ဆရာသာ မင်းတို့နေရာမှာဆိုရင် ဆရာက စခေါ်သူလုပ်မယ်’’
‘‘ကဲ ဘယ်သူစခေါ်မလဲ’’
‘‘ကျွန်မခေါ်မယ်ဆရာ...’’
လေးယောက်လုံး တစ်ပြိုင်နက်ဖြေပြီး လက်ညှိုးထောင်ကြသည်။
‘‘ဆရာဝမ်းသာလိုက်တာ သမီးတို့ရယ်၊ ဆရာဖြင့် ဒီလောက်လွယ်လွယ် ပြောလို့ရမယ် မထင်ဘူး။ ငါ့တပည့်လေးယောက်စလုံး စိတ်သဘောထားကြီးတယ်။ တော်လိုက်ကြတာ’’
သူတို့မျက်နှာပေါ်မှာ ကြည်လင်သောအပြုံးများနှင့်။
‘‘ကဲ...ဆရာ့ရှေ့တင် အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြ’’
သူတို့အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြသည်။
‘‘တစ်ခုတော့ရှိတယ်နော်... ဒီနေ့ခေါ်ပြီး မနက်ဖြန်ခါ ပြန်မခေါ်တာတော့ မလုပ်ကြနဲ့...’’
‘‘မလုပ်ပါဘူးဆရာ...’’
‘‘တစ်သက်လုံးခေါ်ကြမှာလား’’
‘‘တစ်သက်လုံးခေါ်ကြမှာပါဆရာ’’
‘‘သမီးတို့ ဆရာတွေ၊ ဆရာမတွေလည်း ဘယ်လောက်ပျော်ကြမလဲ မသိဘူး။ သူတို့က ဆရာ့ကို ခေါ်အောင်ပြောပေးနိုင်ရင် ဆရာတို့အားလုံးကို အသုပ်သုံးမျိုးစီ ဝယ်ကျွေးမယ်ပြောထားကြတာ’’
သူတို့လေးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
‘‘အဲဒါဆိုရင် သမီးတို့ သွားလို့ရပြီလားဆရာ’’
‘‘ရပြီ...ရပြီ...သွားကြ’’
သူငယ်ချင်းလေးယောက် ပြေးပြေးလွှားလွှား ထွက်သွားကြသည်။
ဘာကြောင့် အလျင်စလိုဖြစ်နေကြပါလိမ့်ဟုပင် အံ့သြမိသေးသည်။
နားနေခန်းမှာ ရှိနေကြဆဲဖြစ်သော ဆရာ၊ ဆရာမများကို အောင်မြင်ကြောင်း သွားပြောပြသည်။ သူတို့ဝမ်းသာအားရဖြစ်ကြသည်။ ဦးလှမင်းတို့ အသုပ်ဆိုင်သို့ သွားကြသည်။
ခဏအကြာတွင် ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းသူလေးယောက်ပါ နားနေခန်းထဲသို့ ရောက်လာကြသည်။ သူတို့လက်ထဲမှာ လက်ဖက်သုပ်၊ ပဲကြော်သုပ်၊ မြင်းခွာရွက်သုပ် ပန်းကန်များနှင့်။
သူတို့ ဆရာ၊ ဆရာမများ သူတို့ကြောင့် ဝယ်ကျွေးရမည်စိုး၍ ပြေးပြေးလွှားလွှား သွားဝယ်ကြခြင်းဖြစ်သည်။
ဆရာ၊ ဆရာမများရောက်သွားတော့ သူတို့က ဝယ်ပြီးနေကြပြီ။ ဆရာ၊ ဆရာမများကလည်း ဝမ်းသာလွန်း၍ ကလေးများနှင့်အတူတကွ ပျော်ပျော်ပါးပါး စားကြရန် အသုပ်နှစ်ပွဲဝယ်ပေးသည်။
ထိုအသုပ်နှစ်ပွဲကို ယူသွားပြီး ဆိုင်ရှေ့စားပွဲလေးမှာ လေးယောက်အတူတကွ ထိုင်စားနေကြသည်။
ရယ်ရယ်မောမောစားနေကြပုံမှာ ကြည်နူးစရာကောင်းလှသည်။ ကျွန်တော်တို့ နားနေခန်းပြတင်းမှ လှမ်းကြည့်လျှင် မြင်နေရပါသည်။ ကျွန်တော်တို့ ဆရာ၊ ဆရာမများအတွက် မမေ့နိုင်စရာကြည်နူးပျော်ရွှင်ရသော နေ့တစ်နေ့ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၅)
No comments:
Post a Comment