September 7, 2020

လူမှုကွန်ရက်လုံခြုံဘေးကင်းမှုနှင့် စံနှုန်းစည်းမျဉ်းလိုက်နာခြင်း

သပြေ

        မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလစာရင်းများအရ Facebook လူမှုကွန်ရက်အသုံးပြုသူဦးရေ ၂၁၁၃၇၀၀၀ ဦးခန့် ရှိနေပြီဖြစ်သည်။ ၎င်းပမာဏအနက် အမျိုးသမီးဦးရေ ၃၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသားဦးရေ ၆၀ ဒသမ ၃ ရာခိုင်နှုန်းစီ ပါဝင်နေသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၂၀၁၉ ခုနှစ်ဒုတိယလေးလတာကာလအတွင်း ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄၁ ဘီလီယံခန့် အသုံးပြုလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်တစ်ခုလည်း ဖြစ်သည်။

        Facebook လူမှုကွန်ရက်ကို မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်ဝန်းကျင်ခန့်က စတင်အသုံးပြုခဲ့ကြသည်။ သို့သော် ထိုအချိန်က မြန်မာနိုင်ငံတွင် မိုဘိုင်ဖုန်းအသုံးပြုနိုင်မှုပမာဏ နည်းပါးသေးသဖြင့် ပြည်သူများအကြားတွင် တွင်ကျယ်မှုသိပ်မရှိသေးပေ။

ဓာတ်ပုံ - image.cnbcfm.com

စတင်အသုံးပြု

        ၂၀၁၁ ခုနှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံ၌ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အစိုးရက ချထားပေးပြီးနောက်ပိုင်းတွင် လူမှုကွန်ရက်အသုံးပြုမှုမှာ တစ်ရှိန်ထိုးတွင်ကျယ်လာခဲ့သည်။ Facebook လူမှုကွန်ရက်သည် သုံးစွဲသူများ၏ အသုံးချမှုအပေါ်မူတည်၍ ကောင်းကျိုးဆိုးပြစ်များစွာ ပြန်လည်ပေးစွမ်းနိုင်သော နေရာတစ်ခုဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုနိုင်ရုံမျှမက မိမိ၏ကိုယ်ပိုင်စာမျက်နှာတွင် စာသားများ၊ ဓာတ်ပုံများပါ တင်နိုင်ခြင်းကြောင့် Facebook ကိုသုံးစွဲပြီး မိတ်ဆွေသူငယ်ချင်းများ ရှာဖွေခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ကြော်ငြာခြ င်း၊ အွန်လိုင်းစျေးရောင်းခြင်း၊ သတင်းများတင်ခြင်း စသည်ဖြင့် တစ်ကိုယ်ရေသုံးခြင်းမှသည် အများပြည်သူဆိုင်ရာအထိ Post အမျိုးမျိုးဖြင့် တင်လေ့ရှိကြသည်။

ကောင်းကျိုးဆိုးကျိုးများ

        Facebook ကို ကောင်းကျိုးအတွက် အသုံးပြုသူများ ရှိသကဲ့သို့ ရာဇဝတ်မှုကျူးလွန်ရန်၊ သားကောင်ရှာရန်၊ ငွေကြေးဆိုင်ရာ လိမ်လည်မှုများ ပြုလုပ်ရန် အသုံးချနေသူများလည်း များစွာရှိနေသည်။ လူမှုကွန်ရက်မှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး မေတ္တာမျှပြီး တစ်ဘ၀လုံးစာလက်တွဲသွားသူများ ရှိသကဲ့သို့ ပြင်ပတွင် ခင်မင်ရင်းနှီးခြင်းမရှိဘဲ လူမှုကွန်ရက်ပေါ်မှ သိရှိသူအပေါ် အယုံလွယ်မိ၍ ခန္ဓာပုံအပ်ကာ ဘ၀ပျက်ခဲ့ရသူများလည်း အများအပြားရှိနေသည်။

        လူမှုကွန်ရက်ကို အသုံးပြုပြီး ကောင်းရောင်းကောင်းဝယ် အမှန်အကန်စျေးရောင်းနေသူများရှိသကဲ့သို့ အွန်လိုင်းစျေးရောင်းခြင်းကို ဗန်းပြပြီး ငွေလိမ်လည်သူများလည်း ရှိနေပါသည်။ လူတို့၏ လောဘစိတ်ကို အသုံးချ၍ လူမှုကွန်ရက်တွင် မိတ်ဆွေဖွဲ့ကာ နိုင်ငံရပ်ခြားမှ မွေးနေ့လက်ဆောင်ပေးပို့လိုသည်၊ ခင်မင်မှုအထိမ်းအမှတ်လက်ဆောင်ပေးပို့ ခေါင်းစဉ်တပ်ပြီး တန်ဖိုးကြီးပစ္စည်းပုံများ ပေးပို့ကာ ပေးပို့ခ ငွေတောင်း၍ လိမ်လည်သူများ၊ လူမှုကွန်ရက်တွင် ငွေစုငွေချေးလုပ်ငန်းအမည်ခံ၍ ငွေကြေးလိမ်လည်ထွက်ပြေးသူများစသည်ဖြင့် လိမ်နည်းပေါင်းစုံဖြင့် လိမ်လည်နေသူများလည်း ရှိနေပါသည်။

        ထို့အပြင် လူမှုကွန်ရက်တွင် တင်ထားသည့် သူတစ်ပါး၏ဓာတ်ပုံများ၊ ကိုယ်ရေးမှတ်တမ်းများကို ဝင်ရောက်ခိုးယူပြီး တစ်လွဲအသုံးချကာ ငွေညှစ်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းတို့ လုပ်ဆောင်နေ သည့် မသမာသူများလည်း ရှိနေပါသည်။ သို့ဖြစ်ရာ Facebook ကို အကျိုးရှိရှိ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ရေးအတွက် Facebook ၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများကို အလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

Facebook ၏ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများ

        Facebook လူမှုကွန်ရက် အသုံးပြုသူများသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု သို့မဟုတ် အများပြည်သူ၏ လုံခြုံမှုကို ထိခိုက်နိုင်သည့် အကြောင်းအရာများကို ရေးသားခြင်း၊ ဝေမျှခြင်းများ မပြုလုပ်သင့်ပါ။ အကယ်၍ ပြုလုပ်ခဲ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် Facebook က ပူးပေါင်း၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

        Facebook ပေါ်တွင် မိမိကိုယ်ကို နာကျင်စေမှု၊ အစားအသောက်မမှန်သောရောဂါ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှု စသည်တို့ကို အားပေးအားမြှောက်ပြုသော အကြောင်းအရာများ သို့မဟုတ် ကြော်ငြာများကို တင်ခြင်း၊ ဝေမျှခြင်းများ မပြုလုပ်သင့်ပါ။ ၎င်းအပြုအမူများ ပြုလုပ်ခဲ့ပါက Facebook က ဖယ်ရှားသွားမည်ဖြစ်ပါသည်။

        Facebook အသုံးပြုသူများသည် ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ နိုင်ထက်စီးနင်းနှောင့်ယှက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အရှက်ခွဲခြင်းများ မပြုလုပ်သင့်ပါ။ ထိုသို့ နှောင့်ယှက်ခြင်းများအပေါ် တိုင်ကြားမှုများရှိလာပါက Facebook ၏ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။

        ထို့အပြင် တစ်ပါးသူ၏ လူမျိုးရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဒေသဆိုင်ရာ၊ ကျား/မ လိင်ကွဲပြားမှုဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာခံယူမှုဆိုင်ရာများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါဖြင့် ကျန်းမာရေးချို့တဲ့နေသူများကို အကြောင်းမဲ့ဖြစ်စေ ၊ ထိခိုက်နာကျင်စေလိုသောကြောင့်ဖြစ်စေ တိုက်ရိုက်တိုက်ခိုက်သော အမုန်းစကားများရေးသားခြင်းကို မပြုလုပ်သင့်ပါ။ ထိုကဲ့သို့ အမုန်းစကားများ ရေးသားခြင်း၊မျှဝေခြင်းများကို Facebook က ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

        လူမှုကွန်ရက်အသုံးပြုသူများသည် ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်များကို တင်သည့်အခါ၌ မိမိမျှဝေလိုသည့် အကြောင်းအရာများကို ဖတ်ရှုမည့်သူများမှ သတိထားရွေးချယ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယင်းတို့တွင်ပါဝင်သည့် အကြောင်းအရာများကို ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။

        ထို့အပြင် လူမှုကွန်ရက် အသုံးပြုသူများသည် ညစ်ညမ်းအကြောင်းအရာများကို မျှဝေခြင်းနှင့် အသက်မပြည့်သောကလေးသူငယ်များပါဝင်သည့် လိင်ပိုင်းဆိုင်ရာကိစ္စရပ်များကို တင်ခြင်း၊ ရေးသားခြင်း မပြုလုပ်သင့်ပါ။ အဆိုပါအကြောင်းအရာများကို မျှဝေရေးသားခြင်းများကို Facebook က ထိန်းချုပ်တားမြစ်ထားပါသည်။

        Facebook အသုံးပြုသူများသည် အခြားအသုံးပြုသူ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များအား သက်ဆိုင်သူ၏ သဘောတူညီချက်မရှိဘဲ တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ အလားတူပင် Facebook ပေါ်ရှိ အကြောင်းအရာတစ်ခုကို အခြားအသုံးပြုသူများအား ဖြန့်ဝေခြင်း၊ ဝေမျှခြင်း မပြုလုပ်မီ မျှဝေပိုင်ခွင့် ရှိ မရှိ သေ ချာစွာစစ်ဆေးသင့်ပါသည်။

        လူမှုကွန်ရက်အသုံးပြုသူများသည် တရားမဝင်ကုန်ပစ္စည်းများ၊ ဥပဒေဖြင့် ကန့်သတ်ထားသည့် ထိန်းချုပ်ကုန်စည်များကို တရားဝင်ခွင့်ပြုချက်မရှိဘဲ Facebook ပေါ်တွင် ရောင်းဝယ်ဖောက်ကားခွင့် မရှိပါ။ ထိုသို့ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိပါက Facebook ၏ အရေးယူခြင်းကို ခံရမည်ဖြစ်ပါ သည်။

        လူမှုကွန်ရက်အသုံးပြုသူ ကာယကံရှင်များက လက်ခံခြင်းမရှိဘဲ စီးပွားရေးအရ အရောင်းအဝယ်ဖြစ်စေ လိုသော ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ အချက်အလက်များ ခိုးယူနိုင်သည့် Spam Mail များပို့ခြင်းကို Facebook က တားမြစ်ပိတ်ပင်ထားပါသည်။ Facebook အသုံးပြုနေသူအချင်းချင်း တစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တစ်ဦးက လိုက်နာလေးစားရန် လိုအပ်ပါသည်။

        Facebook လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့် Facebook ပေါ်တွင် တစ်စုံတစ်ယောက်က Facebook ၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းစည်းကမ်းများနှင့် မကိုက်ညီသော ကိစ္စရပ်များ ပြုလုပ်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါက Facebook Team သို့ Report တင် တိုင်ကြားနိုင်ပါသည်။

ဓာတ်ပုံ - flitto.com

        အထက်ပါ Facebook ၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းစည်းကမ်းများနှင့်အညီ လူမှုကွန်ရက်ကို အသုံးပြုခြ င်းဖြင့် ကောင်းကျိုးများ၍ ဆိုးပြစ်ရှားသော လူမှုကွန်ရက်ဆက်သွယ်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မသမာသူများ၏ လိမ်လည်မှုများမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အမျိုးကောင်းသမီး၊ အမျိုးကောင်းသားများအနေဖြင့်လည်း လူကုန်ကူးသူများ၊ ပန်းခြွေမုဆိုးများ၏ အန္တရာယ်မှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လုံခြုံဘေးကင်းသော လူမှုကွန်ရက်ဆက်သွယ်နိုင်ရေးအတွက် စံနှုန်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၀)

No comments:

Popular Posts