လယ်တွင်းသားစောချစ်
ကျောင်းသူလေးယောက် ချစ်ကြည်ရေး
တစ်နေ့တွင် နေ့လယ်ခင်း ဆရာများ နားနေခန်းမှာ ထမင်းအတူစားကြပြီးနောက် လေးတန်းဆရာမ ဒေါ်ခင်ဌေးက ပြဿနာတစ်ရပ် တင်ပြလာပါသည်။
သူ့အတန်းမှာ ကျောင်းသား၊ ကျောင်းသူနှစ်ဆယ့်လေးယောက် ရှိသည်။ မိန်းကလေးလေးယောက် ရှေ့ဆုံးခုံမှာ အတူထိုင်ကြသည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် လုံးဝစကားမပြောကြ။ ဘာကြောင့်မခေါ်ကြ၊ မပြောကြမှန်းပင်မသိ။ လေးတန်းမရောက်ခင်ကပင် မခေါ်ကြခြင်းဖြစ်ကြောင်း ဒေါ်ခင်ဌေးက ပြောပြသည်။
‘‘ဟုတ်တယ် ဆရာ။ ကျွန်တော်သင်တဲ့ သုံးတန်းမှာတုန်းကလည်း မခေါ်ကြဘူး။ ကျွန်တော်က သူတို့ကို အတင်းခေါ်ခိုင်းတယ်။ လက်ဆွဲနှုတ်ဆက်ခိုင်းတယ်။ မဆွဲရင် ရိုက်မယ်ဆိုတော့ သူတို့လက်ဆွဲနှုတ်ဆက်ကြတယ်။ နောက်တစ်နေ့ကျတော့ မခေါ်ကြတော့ဘူး။ ဒါနဲ့ စိတ်ဆိုးပြီး တစ်ယောက်နှစ်ချက်စီ ရိုက်ပစ်လိုက်တယ်’‘
‘‘မခေါ်ဘူးလား’’
ကိုလူအေးက ဖြတ်မေးသည်။
‘‘မခေါ်ဘူး...’’
ကျွန်တော်တို့ ပြုံးမိကြ၊ ရယ်မိကြသည်။
‘‘ကျွန်မသင်တဲ့ ဒုတိယတန်းကတည်းက စမခေါ်ကြတာ ဆရာ။သူတို့မိဘတွေကလည်း မိဘချင်းခင်မင်ကြတော့ သူတို့ကို ခေါ်စေချင်တယ်။ ကျွန်မကို လာတိုင်တယ်။ ကျွန်မသူတို့ကို အမျိုးမျိုးဆုံးမပြီး အမျိုးမျိုး အခေါ်ခိုင်းတယ်။ ဦးလှမင်းပြောသလို ရိုက်မယ်လို့လည်း ခြိမ်းခြောက်တယ်။ မခေါ်ဘူးဆရာ။ ဒါနဲ့ နောက်ဆုံးကျတော့ မခေါ်ချင်နေကြဆိုပြီး ပစ်ထားလိုက်တယ်။ ကျွန်မလည်း မပြောတော့ဘူး’’
‘‘စမခေါ်တဲ့အကြောင်းက ဘာလဲ။ ဆရာမမှတ်မိသေးလား’’
ကျွန်တော်က ဒေါ်ခင်စန်းကို မေးကြည့်သည်။
‘‘အစကတော့ မကြီးနဲ့ သန်းနွဲ့စကားများ၊ ရန်ဖြစ်ပြီး မခေါ်တာ။ မမိက သူတို့နှစ်ယောက်ကြားမှာ ထိုင်ရတော့ ဒီဘက်ကပြောလိုက်၊ ဟိုဘက်ကပြောလိုက်၊ မကြီးနဲ့ သန်းနွဲ့ကြားမှာ မမြင့် ပြန်ဖြေရင်း စကားတွေရှုပ်ထွေးပြီး သုံးယောက်လုံး မခေါ်ကြတော့ဘူး’’
ဖြစ်တတ်သော သဘာဝမို့ ကျွန်တော်တို့ ပြုံးမိကြသည်။
‘‘ဟိုတစ်ယောက်ကရော...’’
ကိုလူအေးက မေးမြန်းခြင်း ဖြစ်သည်။
‘‘နောက်တစ်ယောက်က မြင့်မြင့်ဌေး’’
ဒေါ်ခင်စန်းက ဆက်ပြောသည်။
‘‘သူက အေးတယ်။ စာလည်း တော်တယ်။ ဘယ်ဘက်ဘေးကအစွန်မှာ သူ့ဘာသာ တစ်ယောက်တည်းနေတာ။ သူတို့သုံးယောက် စကားမပြောကြတော့ သူလည်း စကားရှုပ်မှာစိုးလို့ ဘယ်သူနဲ့မှ မပြောဘဲ တစ်ယောက်တည်း ဖြစ်သွားတာ။ နောက်ကျ လေးယောက်စလုံး စကားမပြောကြတာ ခုထိပဲ...’’
ဒေါ်ခင်စန်းက ရှင်းပြသည်က ပြည့်စုံသွားပြီ။
‘‘အဲဒါဆရာ..မိန်းကလေးရှိတာမှ လေးယောက်တည်း။ သူတို့တစ်ယောက်နဲ့ တစ်ယောက် မခေါ်ကြတာ သိပ်ပျင်းစရာကောင်းတာပဲ။ တစ်ယောက်ကို ချီးမွမ်းရင်လည်း ကျန်သုံးယောက်က မကျေနပ်မှာစိုးရ။ တစ်ယောက်ကို အပြစ်တင်ဆူပူရင်လည်း ကျန်သုံးယောက် ဝမ်းသာမှာ စိုးရ။ ပြောရဆိုရတာ သတိထားနေရတယ်ဆရာ။ ကျွန်မလည်း နည်းမျိုးစုံနဲ့ သူတို့ကို ပြောပြတာပဲ။ ချော့လည်း အခေါ်ခိုင်းတယ်၊ ခြောက်လည်း အခေါ်ခိုင်းတယ်။ ဘယ်လိုမှ ပြောလို့ မရဘူးဆရာ။ သူတို့ထိုင်တဲ့ ခုံနဲ့ စာရေးတဲ့ခုံကိုလည်း စည်းတွေ တားထားတယ်။ လူမပြောနဲ့ ခဲတံ၊ ပေတံလေးတောင် မကျူးကျော်ရဘူးဆရာ’’
ဒေါ်ခင်ဌေးက အကူအညီတောင်းခြင်းဖြစ်သည်။
‘‘ဘယ်လိုလဲ သူငယ်ချင်း ရနိုင်ပါ့မလား’’
ကိုလူအေးက ကျွန်တော့်ကို လှမ်းမေးသည်။
‘‘ဘယ်လွယ်ပါ့မလဲ။ သူတို့ ဆရာရင်း ဆရာမအရင်းတွေ ချော့ခိုင်း၊ ခြောက်ခိုင်း၊ ရိုက်ခိုင်းတာတောင် မရဘူးဆိုတော့ အတော်သာမယ့် ကလေးတွေပဲ။ ဒါပေမဲ့ ဒါဟာ လုပ်သင့်တဲ့ အလုပ်ပဲ။ ကြိုးစားကြည့်ရမှာပဲ။ ခေါ်သွားကြရင် ပျော်စရာကောင်းတဲ့ အောင်မြင်မှုပဲ’’
‘‘ဟုတ်တယ် သူငယ်ချင်း ပြောကြည့်ကွာ..တကယ်လို့ သူပြောတာခေါ်သွားရင် ဆရာမတို့ ဆရာတို့က ဘာကျွေးမလဲ’’
ကိုလူအေးက အလောင်းအစားလုပ်နေ၍ ကျွန်တော်ရယ်မိသည်။
‘‘ဒါမှ ပိုစိတ်ဝင်စားစရာကောင်းအောင်လို့ပါ’’
‘‘ကျွေးမယ်ဆရာ...ကျွန်တော်တို့ သုံးယောက်က လက်ဖက်သုပ်၊ မြင်းခွာရွက်သုပ်၊ ပဲကြော်သုပ် သုံးပွဲကျွေးမယ်ဆရာ’’
ကိုလှမင်းက ကိုလူအေးကို ကတိပေးလိုက်သည်။
‘‘ကျွေးမယ်ဆရာ၊ ကျွန်မတို့လည်း ကျွေးမယ်။ ရအောင်သာပြောပေး’’
ဒေါ်ခင်ဌေးနဲ့ ဒေါ်ခင်စန်းကလည်း ဝမ်းသာအားရကတိပြုကြသည်။
‘‘ကဲ..သူငယ်ချင်း...သူတို့ကတော့ ကတိပေးကြပြီ။ ရအောင်သာပြောပေတော့... မရရင် မင်းကရောဘာကျွေးမှာတုန်း’’
ကျွန်တော်က ဟားတိုက်ပြီး ရယ်မိပါသည်။
‘‘ကိုလူအေး..မင်းကတော့ တော်တော်တရားကျဖို့ကောင်းတဲ့ကောင်။ ကြားကနေ ပွဲတိုက်ပေးနေတာ။ မင်းကတော့ ဘယ်သူရှုံးရှုံး ငိုစား၊ ရယ်စားပဲ။ ငါရှုံးရင် မင်းလည်း ငါ့ဘက်က ထည့်ဦးမှပေ့ါ’’
ကျွန်တော်က ပွဲစားကို အရင်းပါခိုင်းသည်။
‘‘အေး..ဟုတ်တယ် မင်းရှုံးရင် ငါ့ဘက်က တစ်ဝက်ထည့်မယ်။ မင်းကလည်း နိုင်အောင်တော့ ကြိုးစားပေ့ါကွာ’’
ကိုလူအေး၏ နောက်ဆက်တွဲစကားကြောင့် ကျွန်တော်တို့အားလုံး အားပါးတရ ရယ်မိကြသည်။ လုပ်အားပေး ဆရာလေး၊ ဆရာမလေးတွေပါ ကျွန်တော်တို့ ပြိုင်ပွဲကို စိတ်ဝင်စားနေကြသည်။
ညနေပိုင်း၊ ကျောင်းတက်စအချိန်မှာ ကျွန်တော်အား၍ မိန်းကလေးများကို ဆရာမဒေါ်ခင်ဌေးက ရုံးခန်းသို့ ပို့ပေးသည်။ ၁၀ နှစ်၊ ၁၁ နှစ်သမီးအရွယ် သမီးငယ်လေးများ ငြိမ်သက်စွာ ထိုင်နေကြသည်။ သူတို့လေးယောက် ကျောင်းနေစဉ် ပျော်ရွှင်ဖို့ တစ်သက်တာအတွက် သူငယ်ချင်းကောင်းများဖြစ်ဖို့ သူတို့ ဆရာမနှင့် မိဘများ စိတ်ချမ်းသာစေဖို့ မေတ္တာ၊ စေတနာနှင့် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၄)
No comments:
Post a Comment