နေဝင်းလွင်(မွေး/ကု)
မြန်မာနိုင်ငံ အညာဒေသများ၌ ဆိတ်မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူလုပ်ကိုင်ကြသော လုပ်ငန်းရှင်များစွာရှိပေသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် ဆိတ်နှင့်ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိပြီး ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဆွေးနွေးထားမှုများကို ဖော်ပြပေးလိုက်ပါသည်။
မေး။ လွှတ်ကျောင်းဆိတ်မွေးမြူရေးနဲ့ပတ်သက်ပြီး ဆိတ်စမွေးသူတစ်ယောက်အနေနဲ့ ဆိတ်သတ္တဝါတွေရဲ့ ပင်ကိုသဘာဝအကျင့်စရိုက်တွေကို သိလိုပါတယ်ဆရာ။
ဖြေ။ ဆိတ်တွေဟာ သူတို့ရဲ့ပင်ကိုသဘာဝအရ သူတို့ကိုမွေးမြူတဲ့ ဘယ်အရပ်မှာမဆို အလေ့ကျပေါက်ရောက်နေတဲ့ အရည်အသွေးညံ့ဖျင်းတဲ့ သစ်ပင်သီးနှံတွေပေါ်မှာ စားသောက်ပြီး ရှင်သန်နိုင်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ တခြားသီးနှံပင်စားသတ္တဝါတွေနဲ့မတူတဲ့ အချက်တစ်ခုက သူတို့ရဲ့ လျှာနဲ့ လျှာထိပ်တွေကို အလျှော့အတင်းလုပ်ပြီး လိပ်တတ်တဲ့အရည်အချင်းရှိလို့ ဆူးရှိတဲ့အပင်တွေရဲ့ အလိုင်းတွေကြားထဲက အရွက်တွေကို စားနိုင်တဲ့သဘာဝရှိပါတယ်။ ဒါ့အပြင် အပင်တွေရဲ့ အခေါက်တွေကို ခွာစားနိုင်သလို အပင်တွေရဲ့ အမြစ်တွေကို ဖော်စားနိုင်တဲ့ အရည်အချင်းတွေလည်း ရှိတာကို တွေ့ရပါတယ်။ ဆိတ်တွေရဲ့ ပထမအစာအိမ်ဟာလည်း အရည်အသွေးညံ့ဖျင်းတဲ့ အပင်တွေရဲ့ အမျှင်တွေကို အသုံးဝင်တဲ့အာဟာရအဖြစ် ပြောင်းလဲနိုင်တဲ့အဏုဇီဝပိုးတွေနဲ့ ပြည့်ဝနေကြောင်း တွေ့ရပါတယ်။
မေး။ ဆိတ်မွေးမြူရေးဟာ တခြားအသီးအရွက်စားသတ္တဝါမွေးမြူရေးနဲ့ ဘယ်လိုခြားနားချက်တွေ ရှိပါသလဲ။ ရှိရင်လည်း သိပါရစေဆရာ။
ဖြေ။ ဆိတ်မွေးမြူရေးမှာ တခြားမွေးမြူရေးနဲ့ နှိုင်းယှဉ်ရင် ဆိတ်တွေဟာ ပတ်ဝန်းကျင်ကြမ်းတမ်းမှုဒဏ်တွေကို ပိုခံနိုင်ရည်ရှိတဲ့အပြင် သူတို့ရဲ့ကိုယ်ခန္ဓာက သေးငယ်တဲ့အတွက် အစာရှာဖွေကျွေးရတာ လွယ်မှုရှိတာရယ်၊ ဆိတ်တွေကို မွေးမြူထိန်းကျောင်းတဲ့အခါ ကလေးသူငယ်တွေနဲ့ လွှတ်ကျောင်းခိုင်းတာရယ်တို့ကို တွေ့ရပါတယ်။ ဒါ့အပြင် ဆိတ်တွေဟာ လျင်မြန်စွာကြီးထွားနိုင်ပြီး မျိုးပေါက်ပွားနှုန်း ကောင်းမွန်တာကြောင့် မွေးမြူသူအတွက် စွန့်စားရတဲ့ မွေးမြူရေးလုပ်ငန်းမဟုတ်ကြောင်း သိသာထင်ရှားလို့ပါပဲ။
မေး။ ဆိတ်မွေးမြူရေးနဲ့ပတ်သက်ပြီး အခြားစီးပွားရေးဆိုင်ရာ အကျိုးဖြစ်ထွန်းမှုတွေရှိရင်လည်း သိပါရစေ။
ဖြေ။ တစ်နိုင်ဆိတ်မွေးမြူရေးလုပ်တဲ့အခါ ဆိတ်ကောင်ရေ လေး၊ ငါးကောင်ကနေစပြီး မွေးလို့ရပြီး ဆိတ်မတစ်ကောင်မွေးထားရင် နှစ်နှစ်အတွင်းမှာ သားသုံးကြိမ်ပေါက်ပြီး တစ်နှစ်မှာ အနည်းဆုံးသားတစ်ကြိမ်ပေါက်တဲ့အတွက် စီးပွားရေးအရ တွက်ခြေကိုက်ပါတယ်။ ဒါ့အပြင် ဆိတ်တွေက ထုတ်လုပ်တဲ့ ဆိတ်သားနဲ့ ဆိတ်နို့တွေဟာ လူတို့အတွက် အရည်အသွေးမြင့်မားတဲ့ အသားဓာတ်ကို ထုတ်လုပ်ပေးတဲ့အတွက်လည်း ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - prinimg |
မေး။ ဆိတ်တွေကို ကျွေးမွေးပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ အစာရေစာကျွေးမွေးပုံနည်းစနစ်တွေရှိရင် သိပါရစေ။
ဖြေ။ ဆိတ်မွေးမြူရေးမှာ ဆိတ်တွေကို ရေတိုက်ကျွေးမှုဟာ အရေးကြီးဆုံးအချက်တစ်ချက် ဖြစ်ပါတယ်။ ဆိတ်တွေစားနေကျဖြစ်တဲ့ မြက်ခြောက်နဲ့ကောက်ရိုးတွေမှာ ရေပါဝင်မှုဟာ ၁ဝ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဆိတ်တွေအနေနဲ့ ရေကို လုံလောက်စွာ မသောက်သုံးရရင် အစာစားနည်းသွားပြီး ထုတ်လုပ်မှုလည်း ကျဆင်းသွားပါတယ်။ အရွယ်ရောက်ဆိတ်တစ်ကောင်ရဲ့ တစ်နေ့ရေသောက်သုံးမှုဟာ သုံးလီတာကနေ ရှစ်လီတာအတွင်းရှိတဲ့အတွက် ရေကို လုံလောက်စွာတိုက်ကျွေးရမယ့်အပြင် တိုက်တဲ့ရေဟာလည်း အေးပြီးသန့်ရှင်းဖို့လိုပါတယ်။ ဆိတ်တွေကိုတိုက်တဲ့ရေရဲ့ အပူချိန်ဟာ မြင့်နေရင် ဆိတ်တွေဟာ ရေသောက်နည်းပြီး အစာစားလည်း နည်းသွားတတ်ပါတယ်။ သောက်တဲ့ရေဟာ အေးနေရင် ဆိတ်တွေဟာအစာစားများလာတဲ့အတွက် ဆိတ်တွေသောက်တဲ့ရေကို မကြာခဏ လဲလှယ်ပေးဖို့ လိုပါတယ်။ ဆိတ်တွေဟာ ရေမသန့်ရှင်းတဲ့အခါ ရေသောက်ဖို့ ငြင်းဆန်တတ်ပါတယ်။
မေး။ ဆိတ်တွေကို လွှတ်ကျောင်းလို့ရတဲ့ကွင်းစာတွေအပြင် လိုအပ်လို့ အစာဖြည့်စွက်ကျွေးတဲ့အခါ ဘယ်လိုကျွေးမွေးရပါမလဲ။
ဖြေ။ ဆိတ်တွေရဲ့ကိုယ်ခန္ဓာတည်ဆောက်ဖို့အတွက် ကျွေးတဲ့အစာထဲမှာ အင်အားဓာတ်၊ အသားဓာတ်၊သတ္တုဓာတ်တွေ ပါဝင်ဖို့လိုပါတယ်။ အင်အားဓာတ်ရရှိဖို့ အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေအပြင် ဆီထွက်သီးနှံ အစေ့တွေ၊ ဆီထွက်သီးနှံ ကြိတ်ဖတ်တွေ၊ သကြားဓာတ်ပါတဲ့ သကာရည်တွေ ကျွေးဖို့လိုပါတယ်။ သတ္တုဓာတ်နဲ့ သံဓာတ်တွေရဖို့အတွက် အစာစိမ်းတွေကျွေးဖို့လိုပါတယ်။ သတ္တုဓာတ်တွေဖြစ်တဲ့ ထုံး၊ မီးစုန်း၊ ကြေးနီ၊ အိုင်အိုဒင်းနဲ့ ဆားဓာတ်တွေ နည်းလာရင် ဆိတ်တွေဟာ အစားအသောက် ပျက်လာတတ်ပါတယ်။ဆိတ်တွေမှာ အမွေးတွေထောင်လာပြီး ကြီးထွားနှုန်းကျတာတို့ မျိုးအောင်မြင်မှု နည်းသွားတာတို့ကိုတွေ့ရပါတယ်။ ဆိတ်တွေမှာ သံဓာတ်လျော့နည်းလာရင် အရေပြားနဲ့ မျက်လုံးကို ကာထားတဲ့ အမြှေးပါးတွေမှာ အရောင်ဖျော့လာတာကိုတွေ့ရပြီး မြေကြီးတွေစားတာကို တွေ့ရပါတယ်။ ဆားဓာတ်ဟာလည်း ဆိတ်တွေအတွက် အရေးကြီးတဲ့ဓာတ်တစ်ခုဖြစ်ပြီးတော့ ဆားဓာတ်လျော့နည်းလာရင် ခံတွင်းပျက်ပြီး အစာကြေချက်မှု အားနည်းလာတာကိုတွေ့ရပါတယ်။
မေး။ ဆိတ်မတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ သိလိုပါတယ်။
ဖြေ။ ဆိတ်မတွေကိုယ်ဝန်ဆောင်လို့ မမွေးခင်ခြောက်ပတ်အလိုမှာ အသားဓာတ်ပါတဲ့အစာ၊ သတ္တုဓာတ်ပါတဲ့အစာတွေကို တိုးကျွေးပြီး ဆိတ်ကလေးမမွေးမီ ရှစ်ပတ်အလို ဆိတ်မကို နို့ညှစ်တာ ရပ်ပစ်ဖို့လိုပါတယ်။
မေး။ ဆိတ်တွေထားဖို့ ဆိတ်တဲဆောက်တဲ့အခါ ဘယ်လိုဆောက်ရပါမလဲဆရာ။
ဖြေ။ ဆိတ်တဲတွေဆောက်တဲ့အခါ မိုးလုံဖို့နဲ့၊ လေစိမ်းတိုက်တာကို ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဆိတ်တွေဟာ လေစိမ်းတိုက်တာကို မကြိုက်ပါဘူး။ ဒါ့အပြင် အေးပြီး စိုစွတ်တဲ့ အခင်းတွေရှိရင် အခင်းတွေမှာ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးကောင်တွေ ပေါက်ပွားတတ်တာမို့ ဆိတ်တဲရဲ့ အခင်းတွေဟာ စိုစွတ်ထိုင်းမှိုင်းမနေရပါဘူး။ ဒါ့အပြင် ဆိတ်တွေကို လွှတ်ကျောင်းတဲ့အခါ တစ်နေရာတည်းမှာ အကြိမ်ကြိမ် လွှတ်မကျောင်းရပါဘူး။ စားကျက်တစ်နေရာတည်းမှာ အကြိမ်ကြိမ် လွှတ်ကျောင်းတဲ့အခါ ကပ်ပါးကောင်တွေ ပွားများလာနိုင်ပါတယ်။
မေး။ ဆိတ်တွေမှာ ကျန်းမာတဲ့ဆိတ်နဲ့ မကျန်းမာတဲ့ဆိတ်တွေကို ခွဲခြားပြီး ဘယ်လိုသိနိုင်ပါသလဲ ဆရာ။
ဖြေ။ ကျန်းမာနေတဲ့ ဆိတ်တစ်ကောင်ကိုကြည့်လိုက်ရင် ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားသွားလာနေတာကိုတွေ့ရပြီး မျက်လုံးတွေဟာ တောက်ပပြီး အမြဲစူးစမ်းတဲ့အသွင်သဏ္ဌာန်ရှိတာကို တွေ့ရပါတယ်။ ဆိတ်ရဲ့အမွှေးတွေဟာ နူးညံ့တောက်ပြောင်နေတာကို တွေ့ရပြီး အစာစားချင်တဲ့ပမာဏ အမြဲရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆိတ်ရဲ့မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေရဲ့ အတွင်းပိုင်းကို ကာရံထားတဲ့ အမြှေးပါးနဲ့ ဆိတ်မတွေရဲ့ အမအင်္ဂါအတွင်းပိုင်းမှာ ကာရံထားတဲ့ အမြှေးပါးတွေရဲ့အရောင်ဟာ ပန်းရောင်ရှိတာကို တွေ့ရပါတယ်။
မေး။ ဆိတ်တွေရဲ့ ကျန်းမာနေတဲ့ သဏ္ဌာန်လက္ခဏာတွေအနေနဲ့ တခြားဘာတွေက သိရှိနိုင်ပါသလဲဆရာ။
ဖြေ။ ကျန်းမာနေတဲ့ ဆိတ်ရဲ့မစင်ဟာ လုံးပြီးမာနေတာတွေ့ရသလို ဆိတ်မတွေရဲ့ ဆိတ်နို့ဟာလည်း စူးရှတဲ့အနံ့မထွက်ဘဲ နို့ရည်ဟာ တစ်သားတည်းဖြစ်နေတာကို တွေ့ရပါတယ်။
မေး။ မကျန်းမာတဲ့ ဆိတ်တွေမှာ ဘယ်လိုထူးခြားတဲ့လက္ခဏာတွေ ရှိပါသလဲဆရာ။
ဖြေ။ မကျန်းမာတဲ့ဆိတ်ရဲ့ အထင်ရှားဆုံးလက္ခဏာတွေကတော့ တခြားဆိတ်တွေနဲ့ ရောနှောမနေဘဲ တစ်ကောင်တည်း သီးသန့်နေတာကို တွေ့ရတတ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)
No comments:
Post a Comment