ဒေါက်တာမြင့်သန်းထွန်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် သံသယဖြစ်ဖွယ်ရောဂါလက္ခဏာမျိုးစုံ ဖြစ်ပေါ်တတ်ပါသည်။ ဖျားခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်နှင့် အထက်ရှိခြင်း)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မောခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်နာကျင်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်းနှင့် နှာစေးခြင်း၊ အရသာမရခြင်း စသည့် လက္ခဏာများအပြင် အနံ့အာရုံခံစားရမှုပျောက်ကွယ်ခြင်း(အနံ့မရခြင်း) လက္ခဏာများ ခံစားရနိုင်ပါသည်။ ထို့ကြောင့် အနံ့မရခြင်းဖြစ်ပါက မပေါ့ဆဘဲ နီးစပ်ရာဆေးရုံနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်ပြီး ကုသသင့်ပါသည်။
မျိုးရိုးဗီဇပြောင်းသွားသော ကိုရိုနာဗိုင်းရပ်စ်
ယေဘုယျအားဖြင့် ဗိုင်းရပ်စ်များသည် အချိန်တစ်ခုကြာလာပါက RNA ဟုခေါ်သော မျိုးရိုးဗီဇကလေးမှာပြောင်းလဲသွားနိုင်ပါသည်။ တရုတ်နိုင်ငံဝူဟန်မြို့တွ င် စတင်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်အမျိုးအစားသည် D614 ဖြစ်ပါသည်။ ယခုနောက်ပိုင်း တွေ့လာရသောအမျိုးအစားသည် မျိုးရိုးဗီဇပြောင်းလဲသွားသော G614 ဖြစ်ပါသည်။ ဤမျိုးရိုးဗီဇပြောင်းသွားသော ဗိုင်းရပ်စ်ကို ဂျာမနီနိုင်ငံတွင် တွေ့ရှိရပြီး အခြားနိုင်ငံသို့ သို့ ပျံ့နှံ့လာခြင်းဖြစ်ပါသည်။
အနံ့မရခြင်း
နှာခေါင်းကို အနံ့ရစေသော နေရာသည် နှာခေါင်းအတွင်းပိုင်း၏ထောင့်တွင် တည်ရှိပြီး အလွန်ကျဉ်းမြောင်းသဖြင့် ၄င်းနေရာသို့ လေမရောက်နိုင်လောက်အောင် ရောင်ရမ်းသောအခါတွင် အနံ့မရဖြစ်တတ်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးပတ်ခြင်းကြောင့် နှာခေါင်းအမြှေးပါးတွင်ရှိသော သွေးကြောများနှင့် အာရုံကြောများ မတည်ငြိမ်သဖြင့် ရောင်ရမ်းခြင်းနှင့် နှာခေါင်းအမြှေးပါးတွင်ရှိသော သွေးကြောများ မတည်ငြိမ်သဖြင့် ရောင်ရမ်းခြင်းနှင့် နှာခေါင်းအမြှေးပါးအပေါ် ပြင်ပအရာဝတ္ထုများ ဝင်ရောက်သဖြင့် ထူးကဲစွာတုံ့ပြန်ခြင်းဖြင့် ရောင်ရမ်းခြင်းတို့ကြောင့် နှာခေါင်းအနောက် အာခေါင်အခေါင်းမှ ထွက်ပေါ်လာသော အဖုအသီးများကြောင့် အနံ့ကို ဖြစ်ပေါ်စေသည့် နှာနုထံသို့ လေမဝင်ရောက်နိုင်သောကြောင့်အနံ့မရဖြစ်သွားတတ် ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အဖျားကြီးပြီး အနံ့ကို သိရှိစေသော အာရုံကြောကို ပျက်စီးစေသောကြောင့် အနံ့ပျောက်ကွယ်နိုင်ပါသည်။
နှာခေါင်းအတွင်းပိုင်းတွင်ရှိသော အကြောင်းရင်းများကြောင့် အနံ့ပျောက်ကွယ်ခြင်းများသည် အချိန်မကြာမြင့်သေးပါက ၎င်းအကြောင်းရင်းများကို ဖယ်ရှားကုသနိုင်သော်လည်း အာရုံကြောများ ပျက်စီးမှုကြောင့် အနံ့လည်း ပြန်မရနိုင် ဖြစ်တတ်ပါသည်။ ထို့ကြောင့် အနံ့မရပါက အစောဆံးကုသရန် အလွန်အရေးကြီးပါသည်။
![]() |
ဓာတ်ပုံ - dathagiri.com |
နောက်ဆက်တွဲဆိုးကျိုးများ
ကိုရိုနာဗိုင်းရပ်စ်၏ နောက်ဆက်တွဲဆိုးကျိုးများမှာ နှလုံးကြွက်သားများ ထိခိုက်ပျက်စီးစေပြီး ရေရှည်တွင် နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ နှလုံးရောဂါအမျိုးမျိုး ခံစားရနိုင်ခြင်း၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များကို ပျက်စီးစေပြီး အဆုတ်တွင် အမာရွတ်များ ကျန်ခဲ့ပြီးနောက် အသက်ရှူရခက်ခဲစေခြင်းနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများစွာ ဖြစ်ပွားစေနိုင်ခြင်း၊ အသက်ငယ်လွန်းသူများတွင် ဦးနှောက်နှင့် အာရုံကြောစနစ် ထိခိုက်ပြီး လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ အကြောသေရောဂါများ ဖြစ်ပွားခြင်းတို့ ဖြစ်ပါသည်။
ထို့အပြင် မှတ်ဉာဏ်များဆုံးရှုံးခြင်းကဲ့သို့ ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ ခန္ဓာကိုယ်ရှိ ကြောများတွင် သွေးခဲခြင်းများ ဖြစ်ပေါ်ကာ ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြောများပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများပိတ်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊ ပိုးကင်းစေပြီး ရောဂါလက္ခဏာများ ပြန်လည်သက်သာလာခဲ့သော်လည်း အထူးကြပ်မတ် ကုသဆောင်တွင် ကာလကြာရှည်စွာ သီးခြားခွဲပြီး ကုသမှုခံယူရ၍ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားရနိုင်ခြင်းတို့လည်း ဖြစ်တတ်ပါသည်။
သက်ကြီးဘိုးဘွားများနှင့် ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါရှိသူများတွင် အလွန်အမင်း မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စသည့်ရောဂါလက္ခဏာာများကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုကာကွယ်ခြင်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်ရန် ဆောင်ရွက်ရပါမည်။ လက်ကို ရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာ စနစ်တကျ မကြာခဏ ဆေးရပါမည်။ တတ်နိုင်သလောက် အိမ်တွင်းတွင် နေထိုင်ရပါမည်။ လူစုလူဝေးရှိရာနေရာသို့ မသွားပါနှင့်။ တခြားသူများနှင့် အနည်းဆုံး ခြောက်ပေအကွာမှသာ ပြောဆို ဆက်ဆံရပါမည်။ ပါးစပ်နှင့် နှာခေါင်းစည်းကို အပြင်သို့ထွက်သည့်အခါတိုင်း စနစ်တကျ အသုံးပြုရပါမည်။ နှာချေ ၊ ချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို စနစ်တကျလုံခြုံစွာ ဖုံးအုပ်ထားရပါမည်။ တစ်ရှူးအသုံးပြုပါက အသုံးပြုပြီး တစ်ရှူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စွန့်ပစ်ရပါမည်။ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ပြန်ဆေးရပါမည်။ လူစုလူဝေးနှင့် ဆောင်ရွက်ရသော ကိစ္စရပ်များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော ပန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။
နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း၊ လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ခြင်းဖြင့် ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ရပါမည်။ အိပ်ရေး၀အောင် အိပ်ရပါမည်။ အာဟာရပြည့်ဝအောင် စားသုံးရပါမည်။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခန်းခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရပါမည်။ ကောလာဟလသတင်းများကို လုံး၀မယုံပါနှင့်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနနှင့် နိုင်ငံပိုင်မီဒီယာများမှ သတင်းများ၊ လမ်းညွှန်ချက်များကိုသာ ယုံကြည်လိုက်နာရပါမည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၈)
No comments:
Post a Comment