ထွေးယဉ်
မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော သီးနှံများတွင် ကြွက်များ ကျရောက်ဖျက်ဆီးမှုကြောင့် သီးနှံအထွက်နှုန်း အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုရှိပါသည်။ ကြွက်ကျရောက်ဖျက်ဆီးခြင်းခံရသော အဓိကသီးနှံ များမှာ စပါး၊ ပြောင်းဖူး၊ ဝါ၊ ကြံ၊ မြေပဲ၊ နေကြာ၊ ဂျုံ၊ ပဲမျိုးစုံတို့ ဖြစ်သည်။ ကြွက်များသည် စိုက်ခင်းများတွင်သာမက ရိတ်သိမ်းသိုလှောင်ထားသော သီးနှံများနှင့် ဂိုဒေါင်များကိုပါ ဖျက်ဆီးကြသည်။
သီးနှံများကို ဖျက်ဆီးရုံသာမက လူတို့အား ပလိပ်ရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ကြွက်သေးပန်းရောဂါ (Leptospirosis) စသည့်ရောဂါများ အပါအဝင် ရောဂါအမျိုးပေါင်း ၆ဝ ကျော်ကို ကူးစက်ပြန့်ပွားစေသဖြင့် အလွန်အန္တရာယ်များသည့် သတ္တဝါများလည်း ဖြစ်သည်။ အာရှတွင် ကြွက်များသည် တစ်နှစ်လျှင် လူသန်းပေါင်း ၁၈ဝ မှ ၃၅ဝ စားသုံးနိုင်သော စပါးကို စားသုံးပစ်သည်။ (IRRI-IPM Course) ကြွက်များသည် နို့တိုက်သတ္တဝါများ ဖြစ်ကြသည်။ နို့တိုက်သတ္တဝါ ၆ဝဝဝ ခန့်ရှိသည့်အနက် Rodent ခေါ် ကိုက်ဖြတ်စားသည့် မျိုးစိတ်ပေါင်း ၂၅ဝဝ ခန့် (၄၂ ရာခိုင်နှုန်း) ရှိသည်။
ကြွက်များ၏ သဘာဝ
ကြွက်များ၏ အပေါ်အောက်ရှေ့ဖြတ်သွားနှစ်ချောင်းသည် ကြီးမား၍ နောက်အံသွားနှင့် ၄င်းအကြားတွင်ကွာဟမှု ကွက်လပ်ဖြစ်နေခြင်းဖြစ်သည်။ ယင်းကွက်လပ်ကို Diastema ဟုခေါ်သည်။ ၄င်းရှိခြင်းကြောင့် အစာစားသောအခါ မစားလိုသောအရာများ (ဥပမာ- အုန်းခွံ၊ မြေပဲခွံများ)ကို ခေတ္တသိမ်းထားလေ့ ရှိသည်။ ကြွက်တို့၏ သိသာထင်ရှားသော ရှေ့ဖြတ်သွားများသည် ဘဝတစ်လျှောက်လုံး ရှည်ထွက်နိုင်သဖြင့် အမြဲတမ်း တတိတိ ကိုက်ဖြတ်နေရလေ့ ရှိသည်။ သို့ဖြစ်သောကြောင့် တစ်ခါတရံအစားအစာကို စားသောက်ရုံမျှမကအဝတ်အထည်ပစ္စည်းများကို ဖျက်ဆီးကိုက်ဖြတ်လေ့ ရှိသည်။ သတ္တုပျော့များကိုပင် ကိုက်ဖြတ်နိုင်သည်။ သန်မာသောသွားများဖြင့် အစာချီခြင်း၊ တွင်းတူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းတို့ ပြုလုပ်သည်။
မြေကြွက်များသည် တစ်ပေခွဲမှ နှစ်ပေထိ ကျင်းတူးနိုင်ပြီး ဂယ်ပေါက်ဆက်သွယ်ထားတတ်သည်။ နှစ်ပေ ထိ ခုန်နိုင်ပြီး မတ်စောက်သော နံရံများကို တက်ဆင်းနိုင်သည်။ မြေကြွက်များသည် တစ်ညတာအတွင်း ပေ ၃ဝ ပတ်လည်တွင် လည်းကောင်း၊ ကြွက်ဝမ်းဖြူသည် ပေ ၁၅ဝ ပတ်လည်တွင်လည်းကောင်း၊ အိမ်ကြွက်သည် ပေ ၃ဝဝ ပတ်လည်တွင် လည်းကောင်းလှုပ်ရှားသွားလာ ကျက်စားလေ့ရှိသည်။
ကြွက်များသည် ညဘက်တွင်သာ အစာစားလေ့ ရှိကြပြီး မြေကြွက်သည် တစ်နေ့လျှင်ပျမ်းမျှ နှစ်ကျပ်သားခန့်နှုန်း၊ ကြွက်ဝမ်းဖြူနှင့် အိမ်ကြွက်တို့သည် တစ်နေ့လျှင် တစ်ကျပ်သားခန့်နှုန်း စားသောက်ကြသည်။ မိုးရွာသည့်ညများတွင် အစားအစာစားသောက်မှုနည်းပြီး နောက်တစ်နေ့တွင် ပိုမိုစားသောက်လေ့ရှိသည်။ ညနေခင်းဘက် မိုးရွာပြီး ညဘက်မိုးမရွာလျှင် ညအခါတွင် ပိုမိုစားသောက်လေ့ရှိကြသည်။
မြေကြွက်များသည် တွင်းတူးကျွမ်းကျင်ပြီး လယ်ကွင်း၊ ပျိုးခင်း၊ ကန်သင်းတို့ကို ပျက်စီးစေသည်။ ကျင်းတစ်ခု၌ ဂယ်ပေါက်များစွာရှိသည်။ ကြွက်ဝမ်းဖြူသည် တွယ်တက်ရာတွင် ကျွမ်းကျင်သည်။ ၄င်းတို့၏ အမြီးရှည်ဖြင့် ဟန်ချက်သဖွယ် ပြုလုပ်သည်။ အိမ်ကြွက်သည်လည်း တွယ်တက်ရာတွင် ကျွမ်းကျင်သည်။ ကြွက်တို့သည် တစ်ပေအမြင့်နှင့် အလျားတစ်ပေကို ခုန်နိုင်သည်။ သိုလှောင်ရုံဆောက်လုပ်ရာတွင် ဤအချက်ကို သတိပြုရမည်။
ကြွက်တို့သည် အမြင်အာရုံချို့ယွင်း၍ အရောင်အဆင်း ခွဲခြားမသိပါ။ ထို့ကြောင့် ကြွက်ဆေးတွင် အရောင်ကို ထည့်သွင်းစဉ်းစားရန်မလိုပါ။ အနံ့နှင့် အရသာအာရုံခံစားမှု ကောင်းသဖြင့်အဆိပ်အစာတုံးအတွက်ကုန်ကြမ်းရွေးချယ်ရမည်။ ဆေးနှုန်းထားထည့်သွင်းမှုနည်းပါက နာကျင်မှုဝေဒနာခံစားရပြီး မသေဘဲ နောင်တွင် အစာအဆိပ်နံ့မှတ်သားပြီး ထပ်မံစားသောက်ခြင်းမပြုဘဲ အစာရှောင်တတ်သည်။
အရာဝတ္ထုသစ်ကို ရှောင်ကြဉ်လေ့ရှိသည်။ တစ်ရက်နှစ်ရက်ကြာမှ အရာဝတ္ထုသစ်နှင့် ယဉ်ပါးပေမည်။ အဆိပ်အစာခွက်ထောင်ချောက်နှင့် အရာဝတ္ထုသစ်များကို စူးစမ်း၍ အချင်းချင်း လက်ဆင့်ကမ်းတတ်သည်။ အစာအဆိပ်တုံး၏ပုံသဏ္ဌာန်ထားရှိသောနေရာ စသည်ဖြင့် အပြောင်းအလဲပြုလုပ်ရမည်။
အမြစ်များကို ကိုက်ဖြတ်ဖျက်ဆီးသည်။ ပွေးတွင်း ပွေးစုန့်များကြောင့် သီးနှံပင်များပျက်စီးတတ်သည်။
![]() |
ဓာတ်ပုံ - robertpaetz.com |
မျိုးပွားစွမ်းရည်
ကြွက်တို့သည် တစ်နှစ်ပတ်လုံး မျိုးပွားနိုင်သောကြောင့် အစာနှင့် ခိုအောင်းရန်နေရာ အဆင်သင့်ပါက ကြွက်ကောင်ရေပွားများမှုမှာ အလွန်လျင်မြန်ပါသည်။ သားပေါက်နှုန်းများသဖြင့် တစ်ရာသီအတွင်း ပွားနိုင်သောကောင်ရေ များပြားလှပါသည်။ ကြွက်မတစ်ကောင်သည် နှစ်လ၊ သုံးလတွင် အရွယ်ရောက်ပြီး မိတ်လိုက်နိုင်ပါသည်။ သားလွယ်ရက် ၂၁ ရက်ရှိသည်။ တစ်ကြိမ်လျှင် ခြောက်ကောင်မှ ၁ဝ ကောင်ထိ ပေါက်သည်။
ကြွက်နှိမ်နင်းရာတွင် သတိပြုရမည့် အချက်များ
ကြွက်များသည် အစာအဆိပ်ကို ရှောင်တတ်သဖြင့် ကြွက်ဆေးမချမီ အဆိပ်မပါသောအစာကို သုံးလေးရက် ကြိုတင်ချထားပေးရပါမည်။ ကြွက်သတ်ဆေးအားလုံးသည် အလွန်အဆိပ်ပြင်းထန်သဖြင့် လက်အိတ်ဖြင့်သာ ကိုင်တွယ်ရပါမည်။
ကလေးနှင့် အိမ်မွေးတိရစ္ဆာန်များကို အန္တရာယ်မဖြစ်စေရန် ကြွက်သတ်ဆေးကို အိမ်နှင့် စပါးကျီများတွင် မသုံးသင့်ပါ။ ကြွက်များ သားမပေါက်ခင် ကာကွယ်နှိမ်နင်းရပါမည်။ ကြွက်ကာကွယ်နှိမ်နင်းရေးကို တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ တစ်ကွင်းတစ်စပ်တည်း ဆောင်ရွက်ရပါမည်။
ကြွက်များနေစရာမရှိအောင် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရပါမည်။ ကြွက်သတ်ဆေးချမည်ဆိုပါက သီးနှံအလိုက် ဆေးချရမည့်အချိန်၊ ကြွက်သတ်ဆေးနှင့် ယှဉ်ပြိုင်မည့် သဘာဝအစားအစာ သီးနှံမပေါ်ချိန်တွင် မှန်ကန်သောနည်းလမ်းဖြင့် ဂရုတစိုက်ချရပါမည်။ အဆိပ်သင့်သေဆုံးသော ကြွက်များကို တတ်နိုင်သမျှ ရှာဖွေစုဆောင်း မြေမြှုပ်ဖျက်ဆီးပါ။
နှိမ်နင်းရေး စတင်ဆောင်ရွက်ရမည့်အချိန်
မိုးစပါး၊ နွေစပါးတွင် ကောက်စိုက်ချိန်မတိုင်မီနှင့် ဖုံးစလုံးစအချိန်မတိုင်မီ ဖြစ်ပါသည်။ ဆောင်းသီးနှံတွင် စတင်စိုက်ပျိုးချိန်နှင့် ပန်းပွင့်ချိန်တို့ ဖြစ်ပါသည်။
နှိမ်နင်းရေးနည်းစနစ်များ
ကြွက်ကာကွယ်နှိမ်နင်းရာတွင် အဓိကအနေဖြင့် ပေါင်းမြက်အမှိုက်သရိုက် အညစ်အကြေး ကင်းစင်ရန် လိုအပ်ပါသည်။ ကြွက်များ ကျရောက်ဖျက်ဆီးမှု ရှိ မရှိ သိရှိနိုင်ရန် ကြွက်လှုပ်ရှားမှု ကင်းထောက်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ နှစ်ပတ်တစ်ကြိမ် သီးနှံစိုက်ခင်းနှင့် အနီးတစ်ဝိုက်တွင် ကြွက်လှုပ်ရှားမှု ပုံမှန်စစ်ဆးခြင်း၊ နီးစပ်ရာတောင်သူများသို့ အသိပေးခြင်း၊ လူထုလှုပ်ရှားမှုအသွင်ဖြင့် ကြွက်လင်းသုတ်သင်ခြင်းတို့ ပြုလုပ်ရပါမည်။ ကြွက်သတ်ဆေးချမည်ဆိုပါက သဘာဝအစားအစာ ပေါများသောအချိန်တွင် ကြွက်သတ်ဆေးချသော်လည်း နှိမ်နင်းမှုထိရောက်ခြင်းမရှိသည်ကို တွေ့ရှိရပါမည်။
ကြွက်နှိမ်နင်းရေးနည်းလမ်းများ
(၁) ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း၊
(၂) ကြွက်မုဆိုးများ၏ အကူအညီရယူခြင်း၊
(၃) မီးခိုးမှိုင်းတိုက်ခြင်းတွင် ဆေးရွက်ကြီး၊ ငရုတ်သီးခြောက် စသည့် အနံ့ဆိုးသည့်အရာများကို ကောက်ရိုး၊ အမှိုက်ခြောက်တို့နှင့် ရောနှောမီးရှို့ကာ ကြွက်ကျင်းအတွင်းသို့ မီးခိုးမှိုင်းတိုက်ခြင်း ဖြစ်ပါသည်။
(၄) သန့်ရှင်းရေးပြုလုပ်ခြင်းတွင် နေအိမ်၊ ခြံဝန်း၊ သီးနှံဂိုထောင်များ၊ စပါးကျီများကို သန့်ရှင်းစွာထားခြင်း၊ လယ်ကွင်းအတွင်းမှ ရိုးပြတ်၊ ကောက်ရိုး၊ ပေါင်းမြက်ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကောက်ရိုးပုံများ အနီးတစ်ဝိုက် သန့်ရှင်းစွာထားခြင်း၊ လယ်ကန်သင်းမှ အမှိုက်သရိုက် ပေါင်းမြက်များကို ရှင်းလင်းထားခြင်းတို့ ဖြစ်သည်။
စိုက်ချိန်၊ ရိတ်ချိန် ညီညာအောင် စိုက်ပျိုးခြင်း
စိုက်ချိန်မညီညာသည့် စိုက်ခင်းများတွင် အစောဆုံးစိုက်သောအခင်းများနှင့် နောက်ကျဆုံးစိုက်သော စိုက်ခင်းများသည် ကြွက်ဖျက်ဆီးမှု အများဆုံးခံရပါသည်။ ထို့ကြောင့် တစ်ကွင်းတစ်စပ်တည်း၊ တစ်ချိန်တည်းစိုက်ပျိုးရန် မဖြစ်နိုင်ပါက အစောဆုံးစိုက်ခင်းနှင့် နောက်ကျသည့် အခင်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကာကွယ်နှိမ်နင်းရေးဆောင်ရွက်ရန် ဖြစ်ပါသည်။
စာရေးသူ၏ ယာမြေတွင် တစ်ခါက ပထမသီးနှံ(နှမ်း)အပြီး နောက်သီးနှံ (ပင်ထောင်မြေပဲ တွန်တာနီမျိုး)ကို စိုက်ပျိုးခဲ့ရာ ၄င်းစိုက်ခင်းဘေးပတ်လည်တွင် မြေပဲစိုက်ပျိုးသူမရှိ၊ နှံစားပြောင်း(နွားစာ)သာ ဘေးမှတောင်သူများ စိုက်ပျိုးကြပါသည်။ မြေပဲများစဥပြီး အဆန်တည်စအချိန်တွင် ကြွက်များသည် ကျင်းစေ့ အပင်စေ့ တူးဖော်စားသောက်သွားကြသည်။ မန္တလာ(၁) ကြွက်သတ်ဆေးချပြီး နောက်ပိုင်း ဥသော မြေပဲကိုသာ ဆွတ်ခူးရိတ်သိမ်းခဲ့ရပါသည်။ ထို့ကြောင့် သီးနှံတူအောင်လည်း စိုက်ပျိုးသင့်ပါသည်။
အနံ့ရှိသည့် ဆေး သို့မဟုတ် ပစ္စည်းကို သုံးခြင်း
ကြွက်မကြိုက်သော အနံ့ရှိသည့် ဥပမာ ရှိန်းခိုကို အရည်ဖျော်ကာ လွှစာ၊ ဖွဲတို့ဖြင့် လူးနယ်၍ ကြွက်လာမည့်လမ်းနှင့် စိုက်ခင်းဝန်းကျင်တွင် ကြဲဖြန့်ထားခြင်း၊ ခြံစည်းရိုးကြက်ဆူအခွံများကို အမှုန့်ပြု၍ဖြစ်စေ၊ အခွံအတိုင်းဖြစ်စေ၊ ကြဲဖြန့်ပေးထားနိုင်ပါသည်။
ကြွက်သတ်ဆေးချမည်ဆိုပါက အောက်ဖော်ပြပါ နည်းစနစ်များဖြင့် ဆောင်ရွက်နိုင်မှသာ ကြွက်အန္တရာယ်ထိရောက်စွာ ကာကွယ်နိုင်ပါမည်။ ပထမဦးစွာ ကြွက်ဝင်ထွက်လမ်းကြောင်းများ၊ ကြွက်တွင်းပေါက်များကို လေ့လာ၍ ပိတ်ပါ။
ဒုတိယနေ့တွင် ပိတ်ခဲ့သော ကြွက်တွင်းပေါက်များကို လေ့လာ၍ ပွင့်နေသည်ကိုတွေ့ပါက ယင်းတွင်းသည် ကြွက်ရှိနေသောတွင်းဖြစ်ကြောင်း သေချာပါသည်။
ယင်းကြွက်တွင်းနှင့် ကြွက်လမ်းကြောင်းများတွင် ဇင့်ဖော့စ်ဖိတ်အမှုန့်များကို အစာနှင့်လူးနယ်၍ ခွက်များဖြင့် ထည့်ပြီး ချထားပေးရမည်။ (ဇင့်ဖော့စ်ဖိတ် ငါးမတ်သား၊ မြေပဲဆန်ထောင်းပြီးသား ၆ဝ ကျပ်သားနှင့် ဆီအနည်းငယ် ထည့်မွှေပြီးချထားပါ။
မန္တလာ (၁)၊ မန္တလာ (၂) စသည့် အသင့်စားသုံးနိုင်သော ဆေးများ ချထားပေးရမည်။ ကြွက်မြုံတစ်မြုံလျှင် မန္တလာ(၁) တစ်ကြိမ် ခုနစ်ခဲနှုန်းနှင့် နှစ်ကြိမ်၊ မန္တလာ(၂) တစ်ကြိမ် လေးခဲနှုန်းချထားပေးပါ။ ကြွက်လမ်းကြောင်းများတွင် ဒေသလုပ်ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း၊ ကြွက်ကာကွယ်ပစ္စည်းများ သုံးခြင်း၊ ကတ်ထူပြား၊ သံပြားများတွင် အင်ဂျင်ဝိုင်သုတ်၍ ဇင်ဖော့စဖိတ် ဖြူး၍ ချခြင်းများ ပြုလုပ်ဆောင်ရွက်ပါ။ အစာခွက်၊ အဆိပ်ခွက် ပုံသဏ္ဌာန်၊ ထားရှိမှုအနေအထား စသည်ဖြင့် အပြောင်းအလဲပြုလုပ်ပေးရမည်။
ကြွက်များ၏ အလေ့အထသဘာဝနှင့် ကြွက်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ကြွက်သတ်ဆေးချရမည့်အချိန် သိရှိ၍ ကြွက်အန္တရာယ်ကင်းဝေးခြင်းဖြင့် သီးနှံအထွက်နှုန်း တိုးတက်ပြီး တောင်သူများ၏ ဝင်ငွေတိုးတက်စေမည် ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)
No comments:
Post a Comment