လယ်တွင်းသားစောချစ်
ညပိုင်းတစ်ရက်မှာ မအုံးကျင်အိမ် သွားသည်။ သူ့အမေနှင့် တွေ့၍ မေးကြည့်သည်။ ကျွန်တော်ထင်တာမှန်သည်။ ဆရာက မျက်နှာလိုက်သည်။ စာကြိုးစား၍ စာတော်သူများကို သဘောကျဟန် မတူကြောင်း။ စာညံ့သူများ လွယ်လွယ်မေး လွယ်လွယ်ဖြေနိုင်သည်ကို ချီးမွမ်းကြောင်း မကျေမနပ် ပြောသည်။ မအုံးကျင်၏ မိခင်ကို ရှင်းပြရသည်။ မအုံးကျင်ကိုလည်း ချောင်ခိုပြီး မဖြေသူများပါလာအောင် စာကြည့်လာအောင် လုပ်ချင်၍ဖြစ်ကြောင်း ရှင်းပြရသည်။ မအုံးကျင် ကျေနပ်သွားပါသည်။
မောင်မြင့်ဌေးနှင့် မျိုးမျိုးအေးတို့ကိုပါ ရှင်းပြသည်။ သူတို့လည်း ကျေနပ်ပါသည်။
နောက်နေ့တွင် လက်များ ပြန်ထောင်ကြသည်။ တော်သူများကို ခက်သောမေးခွန်းများ မေး၍ ဖြေနိုင်လျှင် ချီးကျူးရသည်။ မတော်သူများကိုလည်း ဖြေနိုင်အောင်မေးပြီး ချီးကျူးသည်။
မတော်သူများကို တော်လာအောင် ကြိုးစားရင်း တော်သူများကို ရှော်အောင်လုပ်မိသော အဖြစ်ကို သင်ခန်းစာယူရသည်။ ကလေးများသည် သက်ရှိဖြစ်၍ နူးညံ့သိမ်မွေ့သည်။ စေတနာနှင့်ပင်ဖြစ်သော်လည်း မမှားမယွင်း၊ မတိမ်းမစောင်းအောင် အထူးသတိထားရသည်။
မမေ့နိုင်စရာ သင်ခန်းစာမိတ်ဆက်
ကျောင်းဆရာအလုပ်သည် အလွန်ကြည်နူးနှစ်သက်စရာ ကောင်းပါ၏။ တပည့်များနှင့် ချစ်ခင်ရင်းနှီးစွာ ပျော်စရာကောင်းပါသည်။ ပညာသင်ကြားရာမှာ ကလေးများ တက်ကြွစွာ ပါဝင်လာအောင် လုပ်ရသည်မှာလည်း စိတ်ဝင်စားစရာဖြစ်သည်။
ကျောက်မီးကျောင်းတွင် ကျောင်းဆရာလုပ်နေစဉ် တစ်ရက်တွင် သင်ခန်းစာအသစ် မသင်ကြားမီ သင်ခန်းစာမိတ်ဆက်ရာမှ မမေ့နိုင်စရာ ကြည်နူးကျေနပ်ဖွယ်ဖြစ်ရပ်တစ်ခု ကြုံခဲ့ရဖူးပါ၏။
သင်ခန်းစာအသစ်မှာ အတန်းသား အတန်းသူအားလုံး စိတ်ဝင်စားစွာ ပါလာစေရန်အတွက် ကျွန်တော်က သင်ခန်းစာမိတ်ဆက်မှာ မေးခွန်းမေးပါသည်။
‘’တပည့်တို့ စားလို့ရတဲ့အရွက်တွေ သိကြသလား’’
‘‘ချက်စားတဲ့ အရွက်လား၊ အစိမ်းလိုက်စားတဲ့ အရွက်လား ဆရာ’’ကျောင်းသားတစ်ယောက်ထံမှ တုံ့ပြန်မေးခွန်းကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။ မှန်ပါသည်။ မေးသင့်သော မေးခွန်းဖြစ်ပါ၏။
‘‘အစိမ်းလိုက်ရော၊ ချက်စားလို့ရော ရတဲ့ အရွက်အားလုံးပါတယ်။ သိရင် လက်ထောင်ထား။ ဆရာမေးမှဖြေမယ်’’
တစ်တန်းလုံး လက်မထောင်သူတစ်ယောက်မျှ မရှိပါ။
ကျွန်တော်က တစ်ယောက်ပြီး တစ်ယောက် လက်ညှိုးထိုးပြီး မေးသည်။
‘‘ချဉ်ပေါင်ရွက်’’
‘‘မှန်တယ်’’
နောက်တစ်ယောက်ကို ညွှန်သည်။
‘‘ကုလားပဲရွက်’’
‘‘ဟုတ်တာပေ့ါ၊ ဟင်းချိုချက်ရတယ်’’
‘‘ခွေးတောက်ရွက်’’
‘‘မှန်တာပေ့ါ’’
‘‘ပဲချဉ်ပေါင်ရွက်’’
‘‘ကောင်းတယ် သုပ်စားရတယ်။ ဆရာကြိုက်တယ်’’
တပည့်များ ရယ်ကြသည်။
‘‘မြူရွက်’’
‘‘ပိုကောင်းတယ်။ သုပ်စားရတယ်’’
‘‘သင်္ဘောရွက်’’
‘‘မှန်တယ်’’
‘‘ဘူးရွက်’’
‘‘ဟုတ်တယ်’’
‘‘ဖရုံရွက်’’
‘‘မန်ကျည်းရွက်’’
‘‘ကုက္ကိုရွက်’’
‘‘ကောင်းတယ်’’
‘‘ထနောင်းရွက်’’
‘‘ညောင်ချဉ်ရွက်’’
တောမှကလေးများဖြစ်၍ စားစရာအရွက်များစွာ သိကြသည်။ ထောင်သောလက်များ လျော့မသွားပါ။ နောက်ထပ်ဖြေဦးမည်။ကျွန်တော်က မမေးရသေးသူများကို လူစုံအောင် ဆက်မေးသည်။
‘‘ပြည်ပန်းညိုရွက်’’
‘‘ကောင်းတာပေါ့ကွာ... ဟင်းချိုချက်ရတယ်’’
‘‘နံနံရွက်’’
‘‘တရုတ်နံနံရွက်’’
ရယ်သံများ ထွက်လာသည်။
‘‘ပဲရွက်’’
‘‘ဂေါ်ရခါးရွက်’’
‘‘ဟုတ်တယ် ကြော်စားလို့ ကောင်းတယ်’’
‘‘ပူဒီနာရွက်’’
‘‘ဟုတ်တယ်’’
‘‘ဆူးပန်းရွက်’’
‘‘ငရံ့ပတူရွက်’’
‘‘ကင်းပုံရွက်’’
‘‘နွားလျှာကြီးရွက်’’
‘‘သရက်ရွက်’’
‘‘ဟုတ်တယ်...တို့စားလို့ ရတယ်’’
‘‘ပုစွန်စာရွက်’’
‘‘ဟုတ်တယ်ကွာ’’
ထောင်သော လက်များ နည်းလာသည်။
‘‘ပင်စိမ်းရွက်’’
‘‘ဟုတ်တာပေ့ါကွာ...ငါ့တပည့် တော်လိုက်တာ’’
‘‘ထားဝယ်မှိုင်းရွက်’’
‘‘ဟုတ်တယ်ကွာ ကြော်စားလို့ရတယ်’’
လက်ထောင်သူ မရှိတော့ပါ။
‘‘စဉ်းစားကြပါဦးကွာ... ကျန်ပါသေးတယ်’’
တစ်ယောက်ထောင်လာသည်။
‘‘ကန်စွန်းရွက်’’
‘‘ဟုတ်တာပေ့ါကွာ.. ဒီလောက်စားနေရတဲ့အရွက် မေ့နေကြတယ်’’
ကလေးများ ရယ်ကြသည်။
‘‘စဉ်းစားကြပါဦး’’
သူတို့စဉ်းစားနေကြသည့်မျက်နှာလေးများမှာ ချစ်စရာ။
တစ်ယောက် လက်ညှိုးထောင်သည်။
အားလုံးစိတ်ဝင်စားစွာ လှမ်းကြည့်မိကြသည်။
‘‘လက်ဖက်ရွက်’’
ကျွန်တော်တို့အားလုံး ရယ်မိကြသည်။
‘‘ဟုတ်လိုက်လေကွာ..တော်လိုက်တဲ့ကောင်...နေ့တိုင်းစားတဲ့ လက်ဖက်ကို မေ့နေကြတယ်။ ကဲ စဉ်းစားကြပါဦး။ ခုထိ ဆရာလိုချင်တဲ့ အရွက်မရောက်သေးဘူး။ ကလေးတို့ စဉ်းစားကြပြန်သည်။ တစ်ယောက်လက်ညှိုးထောင်သည်။
‘‘ပြော...’’
‘‘နဘူးရွက်’’
‘‘ဟုတ်တာပေါ့ကွာ... နဘူးရွက်သုပ် စားကောင်းတယ်ကွ’’
နောက်တစ်ယောက် ထပ်ထောင်ပြန်သည်။
‘‘ဥသျှစ်ရွက်’’
‘‘ဟုတ်တာပေ့ါကွာ...အနံ့လေးကို မွှေးသွားတာပဲ’’
နောက်တစ်ယောက် ထပ်ထောင်ပြန်သည်။ အားလုံးစိတ်ဝင်စားနေကြသည်။
‘‘တမာရွက်’’
ရယ်သံများထွက်လာသည်။
‘‘ဟုတ်တာပေ့ါကွာ တမာရွက်ကို မေ့နေကြတယ်’’
‘‘ကင်ပွန်းရွက်’’
‘‘ဟား...တော်လိုက်တာကွာ...ဟုတ်တာပေ့ါ..စဉ်းစားကြဦး’’
တစ်ယောက်ထောင်ပြန်သည်။
‘‘ပြော’’
‘‘ဆူးပုပ်ရွက်’’
ရယ်သံများ ထွက်လာသည်။
သိလျက်နှင့် မေ့နေကြ၍ ဖြစ်သည်။
‘‘ဟုတ်တာပေ့ါကွာ ချက်စား၊ ကြော်စား’’
နောက်တစ်ယောက် ထောင်နေပြန်ပြီ။
‘‘ဘာများကျန်သေးလဲ’’
ကျွန်တော်တို့ စိတ်ဝင်စားနေကြသည်။
‘‘ဆလတ်ရွက်’’
ကျွန်တော်တို့ ရယ်မိကြသည်။
နောက်တစ်ယောက် လက်ညှိုးထောင်နေပြန်ပြီ။ လူစွမ်းကောင်းများဖြစ်သည်။
‘‘ပြောကွာ’’
‘‘မုန်ညင်းရွက်’’
ရယ်ကြရပြန်သည်။
‘‘စဉ်းစားကြဦး’’
တစ်ယောက်ထောင်သည်။ သို့သော် သူ့လက်ညှိုးက မဝံ့မရဲ။
‘‘ပြောပါ..မောင်အေးဆွေ’’
‘‘ဂေါ်ဖီထုပ်...’’
ဝါးခနဲ တစ်တန်းလုံး ရယ်သံထွက်လာသည်။
‘‘အရွက်ပါဆိုမှ မင်းဟာက ဂေါ်ဖီထုပ်တဲ့’’
ကျောင်းသားတစ်ယောက်က ပြောလိုက်၍ တစ်တန်းလုံး ထပ်ရယ်ကြပြန်သည်။
ပြောမိသော မောင်အေးဆွေမျက်နှာမှာ ရယ်ကျဲကျဲနှင့် ရှက်ရွံ့စွာ ဖြစ်နေပါသည်။
‘‘ကဲ ဟုတ်ပါပြီ..မင်းတို့ကို မေးမယ်။ ဂေါ်ဖီထုပ်ကို တစ်လွှာချင်းခွာရင် ဘာရမလဲ’’
‘‘ဂေါ်ဖီရွက်ရမယ်’’
‘‘အေးဟုတ်တယ်... ဂေါ်ဖီထုပ်ဆိုတာ ဂေါ်ဖီရွက်တွေစုထုပ်ထားလို့ ဂေါ်ဖီထုပ်ဖြစ်သွားတာ။ သူလည်း အရွက်အမျိုးအစားထဲပါတယ်။ အရွက်ပဲ...။ မောင်အေးဆွေကို ကျေးဇူးတင်တယ်။ ဒီနေ့ ဆရာသင်မယ့် သင်ခန်းစာက ဂေါ်ဖီထုပ်အကြောင်း။ သူသာမပြောရင် သင်ခန်းစာမိတ်ဆက်ကို မရောက်သေးဘူးဖြစ်နေတယ်။ မင်းတို့သူငယ်ချင်း ပြောတာ မှန်ပါတယ်။ သူ့ကိုဂုဏ်ပြုပြီး အားလုံး လက်ခုပ်တီးပြီး ချီးကျူးလိုက်ကြပါဦး’’
တစ်တန်းလုံး တီးလိုက်ကြသော လက်ခုပ်သံများ ဆူညံသွားပါသည်။ ပြုံးနေသော မောင်အေးဆွေ၏မျက်နှာလေးကို မြင်ရသည်မှာ နှစ်သက်စရာနှင့် မမေ့နိုင်စရာ။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၈)
No comments:
Post a Comment