September 29, 2020

တောင်သူကြီးတွေ လက်မလွတ်တမ်းစိုက်တာက ပဲ ပြောင်း နှမ်း ပါဗျာ

ကိုရဲ (စိုက်ပျိုးရေး)

         "လယ်သမားကြီးတွေက စပါးအားထားစိုက်ကြတယ်။ လယ်ဆိုတော့ ဆည်ရေကလည်းရတာကိုးဗျ။ စပါးအပြီးမှာပဲ နောက်တစ်သီး၊ သီးထပ်စိုက်နိုင်သေး။ လုပ်တတ်ကိုင်တတ်ရင် တစ်နှစ်သုံးသီးကတော့ ရပါ့ဗျာ။ ဆည်ရေရရင်ပေါ့။

        တောင်သူကြီးတွေကတော့ ယာသီးနှံစိုက်ကြရတာ အများစုပါ။ ဆည်ရေသောက်မဟုတ်တဲ့ မိုးကောင်းသောက်၊ မိုးရေသောက်ယာမြေကိုးဗျ။ ဒီတော့ မိုးရွာရင် ဟန်ကျ၊ မိုးမရွာတော့လည်း ထိုင်ပြီးမှိုင်နေရတာပဲ။ မိုးလေးနည်းနည်းရွာရင်ကို ပဲ၊ နှမ်း၊ ပြောင်းစိုက်နိုင်ရင် ဟန်ကျသပေါ့။ ဝီရိယရှိရင် ယာစပါးနဲ့ နောက်တစ်သီးနှစ်သီးတော့ ရပါ့ဗျ"

        စာရေးသူကို မိုးကောင်းသောက်ယာခင်းရှင်ကြီး ဦးဘဖြိုးက ရှင်းပြနေတာဖြစ်ပါတယ်။ သူကတော့ မိုးနည်းအညာဒေသ ဘုတလင်နယ်ကပါ။ စစ်ကိုင်းတိုင်းဒေသကြီးထဲကပေါ့။ သူ့ဘ၀ကို ရင်ဖွင့်ပြောပြလိုက်တာပါပဲ။

        "ဟိုတုန်းကတော့ မိုးလေကမှန်တယ်။ အခုတော့ မိုးနည်းလာတယ်။ မိုးအဝင်နောက်ကျ၊ မိုးထွက်စောပြီး မရွာလည်းနေရော၊ ရွာလည်းဒလဟောပဲ။ ဒီတော့ စိုက်ပျိုးရတာကလည်း တက်သုတ်ရိုက်ပြီး လုပ်ရတယ်။ ဒီတစ်ခါ ကျွန်တော်တို့ ယာသမားတွေကို ကူမပေးတာက ပဲမျိုးစုံ စိုက်တာရယ်၊ နှမ်းရယ်၊ ပြောင်းဖူးရယ်ဆိုရင် ရတာများတယ်ဗျ။ ဂျုံနဲ့ နေကြာတောင် မိုးမကောင်းရင် အပင်လှီ၊ အထွက်နည်းရောဗျို့"

        မှန်ပါတယ်။ ရာသီဥတုပြောင်းလဲမှုက မိုးရာသီအကုန်၊ မိုးရေရမှုအခြေပြုရတဲ့ မိုးကောင်းတောယာခင်းရှင်တွေမှာ လုပ်ရကိုင်ရ ခက်လာတယ်။ ဒီလိုအခါမျိုးမှာ သမားရိုးကျမျိုးမဟုတ်တဲ့ အစေ့တွေစိုက်နေကြရင် သမားရိုးကျစိုက်ပျိုးနည်းတွေ ကျင့်သုံးနေကြရင် ရာသီဥတုပြောင်းလဲမှုနဲ့အညီ မပြောင်းလဲနိုင်ကြရင် ဦးဘဖြိုးလို ယာသမားကြီးတွေ ညည်းညူကြမှာပါပဲ။ ပထမဆုံးကတော့ မြေပြုပြင်မှုပေါ့ဗျာ။ ယာခင်းတွေမှာ ထယ်ရေးဖွင့်၊ ထယ်ရေးခံပြီး မြေကိုပြုပြင်ထားရင် မိုးနည်းနည်းရွာလည်း ရွာတဲ့မိုးရေ မြေကြီးထဲစိမ့်ဝင်ပါတယ်။ ထယ်ရေးမခံ၊ မဖွင့်ရင် မိုးရေဟာ မြေထဲမဝင်ဘဲ လျှောဆင်းပါသွားမှာ ဖြစ်ပါတယ်။

        ယာခင်းဆိုတာ လယ်လိုကန်သင်းမရှိတော့ ရေလည်းမလှောင်နိုင်ဘူး။ စိုက်လည်း ယာစပါးအခြောက်စိုက်ရတာ။ အခုလိုမိုးနည်းလာရင် မိုးရွာမှု တစ်ခါ တစ်ခါ အချိန်တိုတိုနဲ့ မိုးများများရွာရင် ရေကို မြေထဲရောက်အောင် အသေးစားရေလှောင်ကန်လေးတွေ တူးထားတာဖြစ်စေ၊ ကုန်းစောင်းတောင်ကြောဆိုရင်လည်း ရေတားမြောင်းတွေ၊ ရေလှောင်မြောင်းရှည်တွေ တူးထားတာဖြစ်စေလုပ်ရင် ရွာသမျှမိုးရေ၊ မြေထဲစိမ့်ဝင်မှာပဲ။

        အဓိကကတော့ မိုးပေါ်ကရွာချတဲ့ရေ၊ မြေထဲရောက်ဖို့ပဲ။ ဒါမှ မိုးကောင်းတောယာမြေတွေ စိုက်နိုင်မှာ။ ဦးဘဖြိုးတို့စိုက်တဲ့ ပဲ၊ နှမ်း၊ ပြောင်းကလည်း စိုက်ချိန်နဲ့ ပွင့်ပြီးချိန် ရေလေးနည်းနည်းရရင်ကို ဖြစ်ပြီ၊ ထွက်ပြီ၊ ဟန်ကျပြီ။

        နောက်တစ်ခါ မျိုးလည်း ဂရုပြုပြောင်းရမယ်။ ယာမြေစိုက်ပျိုးမှုမှ မျိုးစေ့မဟုတ်တဲ့ အစေ့အဆန်တွေ၊ စိုက်တာစား၊ စားတာစိုက်နဲ့ သံသရာလည်ပြီး သီးနှံလည်းမထွက်၊ အရည်အသွေးလည်းညံ့ ဖြစ်နေတာကြာပြီ။ စိုက်ရမှာက မျိုးစေ့၊ စားရမှာက မျိုးဆန်၊ အစေ့အဆန် ဒီမှာ မျိုးစေ့ကို စိုက်ရမယ်၊ မျိုးစေ့မှာ သီးနှံအလိုက် ရေ ငတ်ခံ၊ အပူခံ၊ ရေများဒဏ်ခံ၊ ပိုးမွှားနဲ့ ရောဂါဒဏ်ခံ၊ သက်တမ်းတို(သက်လျင်)၊ အစေ့အဆန်ကြီးတာ၊ သေးတာ၊ ကုန်းမြင့်၊ မြေပြန့်စိုက်ပျိုးရတာ ဆားငန်ခံ၊ အအေးခံ စုံနေအောင် မျိုးတွေ ထုတ်ထားတာကို စိုက်ပျိုးသူအများစုက သိရှိပြီး ရွေးချယ်စိုက်ပျိုးဖို့ လိုပြီ။ သုတေသနက ထုတ်တဲ့ မျိုးပေါင်းစုံကို လယ်သမားတွေဆီကို များများရောက်ဖို့လိုပြီး မသိကြတာ၊ မရကြတာ အချိန်မီ မစိုက်နိုင်ကြတာက များနေပါတယ်။

        မျိုးစေ့စိုက်မှ ပြည်တွင်းစားစား၊ ပြည်ပပို့ပို့၊ စံမီအရည်အသွေးကောင်း ပဲနှမ်းရမှာ ဖြစ်ပါတယ်။ မျိုးစေ့မဟုတ်တာ စိုက်လို့ကတော့ ပိုးထိုး၊ အစေ့ပဲ့၊ လုံးပိန်လုံးညှပ်၊ အလုံးအရွယ်၊ အဆန်အရွယ် မညီတာနဲ့ ဈေးလည်းမရ၊ အပယ်ခံရမှာပါပဲ။ ဒါတွေကို ပြုပြင်ရမှာဗျ။ မိုးလေဝသ သတင်းကြေညာချက်ကိုလည်း နားစွင့်ရမှာဗျ။ မိုးစရွာရင် နှမ်းစိုက်၊ ပဲစိုက်၊ အပင်ပေါက်ပြီး မိုးကပြတ်သွားတော့ စိုက်သမျှမရှင်ဖြစ်ရတာပေါ့။ ဟိုတုန်းကလို မဟုတ်ဘူးလေ။ ရာသီဥတု၊ မြေကအစ လုပ်နည်းကိုင်နည်း စနစ်တကျရှိဖို့ လိုလာပြီလို့လည်း ပြောချင်ပါတယ်။

ဓာတ်ပုံ - Myanmar Food Industry Directory


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၃)

No comments:

Popular Posts