နေဝင်းလွင် (မွေး/ကု)
ကျွဲများကို သမိုင်းမစတင်မီ အချိန်မှစ၍ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မွေးမြူခဲ့ကြပါသည်။ ကျွဲသတ္တဝါများသည် ဖိစီးမှုများပြားသည့် ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ကြပြီး မွေးမြူသူလယ်သမားများအတွက် အာဟာရဖြစ်စေသည့် အသားနှင့် နို့များ ထုတ်လုပ်ပေးသကဲ့သို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေသော ထွန်ယက်စိုက်ပျိုးမှု၊ ဝန်ဆောင်မှုနှင့် သဘာဝမြေသြဇာများအဖြစ် ၄င်းတို့စွန့်ပစ်သည့်အညစ်အကြေးများအား ထုတ်လုပ်ပံ့ပိုးပေးနိုင်သော သတ္တဝါများ ဖြစ်ပါသည်။
၂ဝဝ၅ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် ကျွဲကောင်ရေပေါင်း ၆၄၅၈ သန်း မွေးမြူထားရှိပြီး ၄င်းတို့အနက် အာရှဒေသမှ ကျွဲကောင်ရေပေါင်း ၃၉၁၇ သန်းသည် ကမ္ဘာပေါ်ရှိ မွေးမြူထားသည့် ကျွဲကောင်ရေပေါင်း ၏ ၇ဝ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသည်။
ကမ္ဘာပေါ်ရှိ ဆင်းရဲငတ်မွတ်သည့် လူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သော လူသန်းပေါင်း ၂ဝဝဝ မှာ အာရှနှင့် ပစိဖိတ်ဒေသတွင် နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့၏ ၂ဝ၁ဝ ပြည့်နှစ်စာရင်းအရ နေ့စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာထက်နည်းသော ဝင်ငွေဖြင့် နေထိုင်လျက်ရှိကြကြောင်းသိရသည်။
![]() |
ဓာတ်ပုံ - pinimg |
ကျွဲမွေးမြူရေးလုပ်ငန်းတွင် ရွှံ့လူးကျွဲနှင့် ရေစိမ်ကျွဲဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ရွှံ့လူးကျွဲများအား အာရှဒေသရှိ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးမွေးမြူကြပါသည်။ ကျွဲမွေးမြူရေးတွင် လယ်သမားတစ်ဦးချင်းစီ၏ ပျမ်းမျှပိုင်ဆိုင်မှုမှာ ကျွဲကောင်ရေတစ်ကောင်မှ ငါးကောင်အထိရှိပြီး မွေးမြူထုတ်လုပ်မှုအနေဖြင့် ရွှံ့လူးကျွဲမများသည် ပျမ်းမျှ တစ်နေ့လျှင် ကျွဲနို့တစ်လီတာမှ ၁ ဒသမ ၅ လီတာအထိ နို့ထွက်နိုင်ပြီး ရေစိမ်ကျွဲမများသည် ကျွဲနို့တစ်နေ့ပျမ်းမျှ ခြောက်လီတာမှ ခုနစ်လီတာအထိ နို့ထွက်နိုင်ပါသည်။ ကျွဲများ၏ အသားထုတ်လုပ်မှုအနေဖြင့် အလေးချိန် ၁ဝဝဝ ကီလိုဂရမ်အထိ အသားထုတ်လုပ်နိုင်ပါသည်။
ကျွဲများသည် နွားများနှင့် နှိုင်းယှဉ်ပါက အရေပြားအရောင်အနက်ရှိခြင်းကြောင့် ပတ်ဝန်းကျင်အပူဓာတ်အား ပို၍စုပ်ယူနိုင်သည့်အတွက်လည်းကောင်း၊ အရေပြားမှာ နွားများထက်ပါးသည့်အတွက် အရေပြားအတွင်းရှိ ချွေးအိတ်အရေအတွက်မှာ နွားများ၏ခြောက်ပုံတစ်ပုံသာရှိသည့်အတွက် အပူဒဏ်အား ခံနိုင်မှု နည်းပါးပါသည်။ ကျွဲမွေးမြူရေးတွင် ကျွဲငယ်လေးများ၏ သေဆုံးမှုနှုန်းမှာ မွေးစမှ အသက်ခြောက်လအတွင်း အမြင့်ဆုံးဖြစ်သည်။
ကျွဲမွေးမြူရေးလုပ်ငန်း၏ အခက်အခဲများကိုကြည့်ပါက တိရစ္ဆာန်များ ဝယ်ယူဖြည့်တင်းရန် အရင်းအနှီးဖြစ်သော ချေးငွေများ ရယူရန်ခက်ခဲခြင်း၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုများ မရရှိခြင်း ဥပမာအားဖြင့် အချိန်နှင့်တစ်ပြေးညီ အကျိုးသက်ရောက်မှုရှိသည့် တိရစ္ဆာန်ဆေးကုသမှုများနှင့်မွေးမြူရေးဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်ခြင်းများပင်ဖြစ်သည်။
အဓိကအခက်အခဲများအနေဖြင့် သားမွေးနိုင်သည့် ကျွဲမများ လျော့နည်းလာခြင်း၊ မေထုန်မဲ့သားစပ်လုပ်ငန်းနှင့်ပတ်သက်၍ ကန့်သတ်မှုများရှိခြင်း၊ သဘာဝနည်းဖြင့် သားတင်စပ်ရန် ကျွဲသိုးများမရှိခြင်း၊ ကျွေးမွေးရသည့်အစားအစာများ၏စျေးနှုန်းများ ကြီးမြင့်လာခြင်း၊ တန်ဖိုးနည်းပါးသည့် အစားအစာများ ကျွေးမွေးရန်အတွက် ဗဟုသုတနည်းပါးခြင်း၊ ကျွဲနို့များရောင်းချမှုနှင့်ပတ်သက်၍ ခြံရောင်းစျေးနိမ့်ကျခြင်းတို့ပင်ဖြစ်သည်။
ကျွဲမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာစေရန်အတွက် ဆောင်ရွက်ရာတွင် သင့်တော်ကောင်းမွန်သည့် စီမံခန့်ခွဲမှုနှင့် နည်းပညာများ ထည့်သွင်းပေးခြင်းဖြင့် ကျွဲငယ်လေးများ သေဆုံးမှုနှုန်း လျှော့ချနိုင်ခြင်း၊ နို့ထွက်နှင့်အသားထွက် ကောင်းမွန်သည့် ကျွဲမျိုးများ ရရှိရေးအတွက် ရေစိမ်ကျွဲများနှင့် ဒေသခံကျွဲများကို မျိုးစပ်ပေးမှုအား တစိုက်မတ်မတ် ဆောင်ရွက်ပေးခြင်း၊ သင့်တော်သည့် အလေ့အကျင့်များ၊ စီမံခန့်ခွဲမှု၊ အစာကျွေးမွေးမှု၊ မျိုးစပ်မှုနှင့် ကျန်းမာရေးဆောင်ရွက်မှုများတွင် ကျင့်သုံးပေးခြင်းအားဖြင့် နို့နှင့် အသားထုတ်လုပ်မှုဆိုင်ရာ ကုန်ကျစရိတ်များအား လျှော့ချနိုင်၍ မွေးမြူသူလယ်သမားများ၏ အမြတ်အစွန်းတိုးတက်စေနိုင်မည်ဖြစ်ပါကြောင်း စုစည်းရေးသားတင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၅)
No comments:
Post a Comment